အမှိုက်စာသင်ကျောင်းလို့ ကမ္ဘောဒီးယားမှာ ချစ်စနိုးခေါ်ဝေါ်ကြပါတယ်။

ကားတာယာအဟောင်းတွေ၊ ပလပ်စတစ်ဘူးတွေနဲ့ ဖိနပ်အဟောင်းတွေသုံးပြီး ဆောက်လုပ်ထားတဲ့ အဆောက်အအုံတစ်ခုထဲမှာ ကမ္ဘောဒီးယားကလေးငယ် ရိုအန်ဘန်သွန်တစ်ယောက် အင်္ဂလိပ်သင်ခန်းစာ သင်ကြားနေပါတယ်။

သူ စာသင်နေတဲ့ကျောင်းက တခြား စာသင်ကျောင်းတွေနဲ့မတူဘဲ ကျောင်းလခကို ငွေအစား အမှိုက်တွေပေးကာ တက်ရောက်ရပြီး အမှိုက်စာသင်ကျောင်းလို့ ကမ္ဘောဒီးယားမှာ ချစ်စနိုးခေါ်ဝေါ်ကြပါတယ်။ ဒီကျောင်းမှာ အမှိုက်တွေကောက်လာပေးပြီးတော့ ဘွန်သွန်တို့လို ကလေးတွေဟာ ကွန်ပျူတာ၊ သင်္ချာနဲ့ ဘာသာစကား သင်ခန်းစာတွေကို သင်ကြားနိုင်ပါတယ်။



ဘန်သွန်ဟာ အရင်တုန်းက လမ်းတကာလှည့်ပြီး တောင်းရမ်းစားသောက်တဲ့ကလေးတစ်ယောက် ဖြစ်ခဲ့ပါတယ်။ အမှိုက်စာသင်ကျောင်းမှာ ပညာသင်ကြားတဲ့ ကလေးတွေကို အမှိုက်သရိုက်လျှော့ချမှုရဲ့ အကျိုးကျေးဇူးကိုလည်း ဗဟုသုတအဖြစ် ပြောပြလေ့ရှိပါတယ်။

ကမ္ဘောဒီးယားမှာ စွန့်ပစ်ပစ္စည်းတွေကို ပြန်လည်ပြုပြင်သုံးစွဲမှုက မရှိသလောက်ပါပဲ။ "ကျွန်တော် တောင်းရမ်းစားသောက်တာ မလုပ်တော့ပါဘူး၊ ကျွန်တော့်မှာ နောက်ထပ် အခွင့်အရေးရှိလာခဲ့ပါတယ်" လို့ ကျောင်းလခအတွက် စွန့်ပစ်ထားတဲ့ ပုလင်းအဖုံးခွံတစ်အိတ်ပေးသူ ဘန်သွန်ကပြောပါတယ်။ အဆောက်အအုံ တစ်ခုလုံးနီးပါးကို ပြန်လည်ပြုပြင်ထားတဲ့ စွန့်ပစ်ပစ္စည်းတွေနဲ့ ဆောက်လုပ်ထားတဲ့ စာသင်ကျောင်းလေးကို Coconut School လို့ အမည်ပေးထားပြီး ယခင်က ဟိုတယ်မန်နေဂျာဖြစ်ခဲ့သူ အွတ်ခ်ဗန်ဒေး (နာမည်ပြောင် အမှိုက်သမား) ရဲ့ စိတ်ကူးဖြင့် အကောင်အထည်ဖော်ခဲ့တာ ဖြစ်ပါတယ်။

ဗန်ဒေးက သူ့ရဲ့ ကမ္ဘောဒီးယားနိုင်ငံကို အမှိုက်ကင်းစင်တဲ့ နိုင်ငံအဖြစ် အိပ်မက်ရှိသူပါ။ လက်ရှိမှာ ဗန်ဒေးရဲ့ အမှိုက်စာသင်ကျောင်းမှာ ကလေး ၆၅ ဦး တက်ရောက်နေကြပါတယ်။ ဒီစာသင်ကျောင်းလေးရဲ့ နံရံတွေကို အရောင်စုံခြယ်ထားတဲ့ ကားတာယာတွေနဲ့ တည်ဆောက်ထားပြီး အဝင်ပေါက်နေရာမှာတော့ ရောင်စုံပုလင်းအဖုံးတွေနဲ့ ဖန်တီးပြုလုပ်ထားတဲ့ ကမ္ဘောဒီးယားအလံကို တွေ့မြင်နိုင်မှာပါ။

"ကျွန်တော် အမှိုက်တွေသုံးပြီး ကလေးတွေကို ပညာသင်ကြားပေးဖို့နေရာလေး ဖန်တီးခဲ့ပါတယ်၊ သူတို့က ဒီကျောင်းကို အမှိုက်တွေယူလာရပါတယ်၊ ဒီတော့ ကလေးတွေက အမှိုက်သရိုက်တွေကို အသုံးဝင်အောင်သုံးနိုင်တဲ့ တန်ဖိုးကို နားလည်လာကြပါလိမ့်မယ်" လို့ အသက် ၃၄ နှစ်အရွယ် ဗန်ဒေးကပြောပါတယ်။ ဗန်ဒေးရဲ့ အမှိုက်စာသင်ကျောင်းကို ကမ္ဘောဒီးယားမြို့တော် ဖနွမ်းပင်မြို့အနောက်ဘက် ၇၁ မိုင်ကျော်အကွာမှာ လွန်ခဲ့တဲ့ တစ်နှစ်ခွဲက စတင်ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။ ဗန်ဒေးက ဒီလိုစာသင်ကျောင်းကို ဆင်းရဲနွမ်းပါးပြီး စိုက်ပျိုးရေလုပ်ငန်း အဓိကလုပ်ကိုင်ကြတဲ့ Kampong Speu ဒေသမှာ တိုးချဲ့ဖွင့်လှစ်သွားရန် စီစဉ်ထားပါတယ်။

ပလတ်စတစ်ဘူးတွေနဲ့ တည်ဆောက်ထားတဲ့ နံရံတစ်ခုပါဝင်မယ့် ဒီမူလတန်းကျောင်းမှာ ကလေးငယ် ၂၀၀ တက်ရောက်ပညာသင်ကြားနိုင်ရန်နဲ့ လာမယ့်နှစ်မှာ ဖွင့်လှစ်သွားနိုင်ရန် ဗန်ဒေးက ရည်မှန်းထားတယ်လို့ ဆိုပါတယ်။ "ဒီကလေးတွေက တစ်ချိန်မှာ အမှိုက်သရိုက်တွေကို ပြန်လည်ပြုပြင်သုံးစွဲမှုကို နားလည်သဘောပေါက်တဲ့ တက်ကြွလှုပ်ရှားသူအသစ်တွေ ဖြစ်လာမယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်" လို့ ဗန်ဒေးက AFP သတင်းဌာနကို ပြောခဲ့ပါတယ်။

ဟိုတယ်မန်နေဂျာဟောင်း ဗန်ဒေးက ကမ္ဘောဒီးယားနိုင်တဝှမ်း ခရီးသွားလာခဲ့ပြီးနောက် ကမ္ဘာလှည့်ခရီးသွားတွေ လာရောက်မှုများပြားနေရာတွေမှာ အမှိုက်သရိုက်နဲ့ ပြည့်နှက်နေတာ တွေ့ခဲ့ရပါတယ်။ ဒီနောက်မှာတော့ ဗန်ဒေးက ဖနွမ်းပင်မှာ သူ့ရဲ့စိတ်ကူးအတိုင်း အမှိုက်ပေးပြီး စာသင်ရတဲ့ကျောင်းကို ၂၀၁၃ ခုနှစ်မှာ ပထမဆုံး စမ်းသပ်ဖွင့်လှစ်ခဲ့ပါတယ်။ ဆက်လက်ပြီး ဖနွမ်းပင်မြို့နဲ့ ၇၁ မိုင်ကျော်အကွာရှိ ပန်းခြံတစ်ခုထဲမှာ ဒုတိယမြောက် အမှိုက်စာသင်ကျောင်းကို ဖွင့်နိုင်ခဲ့တာဖြစ်ပါတယ်။ ကမ္ဘောဒီးယားနိုင်ငံမှာ ယမန်နှစ်အတွင်းက အမှိုက်တန်ချိန် ၃.၆ သန်း ထွက်ရှိခဲ့ပြီး ဒီအမှိုက်တွေရဲ့ ၁၁ ရာခိုင်နှုန်းကိုသာ ပြန်လည်ပြုပြင်သုံးစွဲမှုရှိခဲ့တယ်လို့ သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာနက ပြောပါတယ်။

Share

Loading Next Article...
က္က