နာရီအနည်းငယ်အတွင်း မိုးရွာသွန်းမှုဟာ လနဲ့ချီတဲ့ မိုးရေချိန်အထိ ရှိခဲ့ပါတယ်။

ပြင်သစ်နိုင်ငံ အနောက်တောင်ပိုင်း Aude ဒေသမှာ ရုတ်တရက် ရေကြီးမှုများအတွင်း လူ ၁၃ ဦးထက်မနည်း သေဆုံးပြီး အခြားလူငါးဦး ဒဏ်ရပြင်းထန်စွာရကြောင်း အာဏာပိုင်တွေက ယနေ့ (အောက်တိုဘာ ၁၅ ရက်) ပြောပါတယ်။

Photo: ERIC CABANIS/AFP





ယမန်နေ့ (အောက်တိုဘာ ၁၄ ရက်) ညပိုင်းက နာရီအနည်းငယ်အတွင်း မိုးရွာသွန်းမှုဟာ လနဲ့ချီတဲ့ မိုးရေချိန်အထိ ရှိခဲ့ပြီးနောက် နေရာအချို့မှာ လမ်းပိတ်ဆို့မှုတွေလည်း ဖြစ်ပေါ်ခဲ့ပါတယ်။ ရေကြီးမှုအတွင်း Aude မြစ်ရေနဲ့အတူ ခရစ်ယာန်သီလရှင်တစ်ဦး မျောပါသွားခဲ့ကြောင်း ဒေသခံ BFMTV ရုပ်မြင်သံကြားသတင်းက ပြောပါတယ်။

Photo: AFP



သီးခြားဖြစ်ရပ်တစ်ခုမှာတော့ ရဲမေတစ်ဦးဟာ Albi မြို့လေးမှာ ရာသီဥတုဆိုးရွားမှုနဲ့ဆက်နွယ်တဲ့ မတော်တဆမှုတစ်ခုကို ကူညီရန်ရောက်ရှိလာစဉ် ကားတိုက်ခံရပြီး သေဆုံးခဲ့ပါတယ်။ Aude ဒေသရှိ Alain Thirion နယ်မြေမှာတော့ ရေကြီးမှုကြောင့် လူအများအပြား နေအိမ်ခေါင်မိုးတွေပေါ်မှာ တက်ရောက်နေခဲ့ရတယ်လို့ ဆိုပါတယ်။

၎င်းတို့ကို လှေဖြင့်ရွှေ့ပြောင်းရန် အလွန်အန္တရာယ်များတာကြောင့် ရဟတ်ယာဉ်များဖြင့် ရွှေ့ပြောင်းပေးခဲ့ရတယ်လို့ သိရပါတယ်။ ယခုရေကြီးမှုဟာ နှစ်ပေါင်း ၁၀၀ ကျော်အတွင်း Aude မြစ်ရေကြီးမှု အဆိုးဆုံးဖြစ်လာခဲ့ကြောင်းလည်း မိုးလေဝသဆိုင်ရာ စောင့်ကြည့်အဖွဲ့ Vigicrues က ပြောကြောင်း BBC သတင်းမှာဖော်ပြထားပါတယ်။

Photo: AFP



ရေကြီးမှုကြုံရသူတွေကို ကူညီကယ်ဆယ်ရန်အတွက် ရဟတ်ယာဉ် ခုနစ်စီးနဲ့ အရေးပေါ်ကယ်ဆယ်ရေးဝန်ထမ်း ၇၀၀ ကို ချထားကြောင်း ပြင်သစ်ဝန်ကြီးချုပ် Édouard Philippe က ပြောပါတယ်။ ရေကြီးမှုတွေဖြစ်ခဲ့တဲ့ Aude ဒေသမှာ ယခုတစ်ကြိမ်လောက် မိုးသည်းထန်စွာရွာသွန်းလေ့မရှိဘူးလို့လည်း သိရပါတယ်။

သို့သော် ရေကြီးမှုတွေ ပိုမိုဆိုးရွားစွာ ကြုံတွေ့ရခြင်းမှာ ရေမြင့်တက်မှု အလွယ်တကူ ကြုံရနိုင်တဲ့ နေရာတွေမှာ နေအိမ်ဆောက်လုပ်နေထိုင်မှုတွေ များပြားလာတာကြောင့်လည်း ဖြစ်တယ်လို့ BBC သတင်းထောက် ခရစ်ဘော့ခ်မန်းက ပြောပါတယ်။

Photo: PASCAL PAVANI/AFP



အနီရောင်အဆင့် သတိပေးချက်ထုတ်ပြန်ထားတဲ့ ရေကြီးမှုအဆိုးဆုံး ဖြစ်ပေါ်နေတဲ့နေရာမှ ဒေသခံတွေကို နေအိမ်အတွင်းမှာသာ နေထိုင်ကြရန်လည်း အရေးပေါ်ကယ်ဆယ်ရေးဌာနနဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေက တိုက်တွန်းထားပါတယ်။

Aude ဒေသရှိ Trèbes နယ်မြေမှာ ရေကြီးမှုအတွင်း ၂၃ ပေအမြင့်အထိ ရေများမြင့်တက်ခဲ့ကြောင်း သိရပါတယ်။ ယနေ့ မနက်အစောပိုင်း မှတ်တမ်းဓာတ်ပုံ၊ ဗီဒီယိုတွေအရ အဆိုပါနယ်မြေမှာ ရေများမြင့်တက်နေတာ တွေ့ရပါတယ်။

Photo: Jillyonthetown/Twitter



Carcassonne မြို့ရဲ့ မြောက်ပိုင်းကို ဆက်သွယ်ထားတဲ့ လမ်းများအားလုံး ရေကြီးမှုကြောင့် သွားလာနိုင်ခြင်းမရှိဘဲ စာသင်ကျောင်းများ ပိတ်ထားရကြောင်း အာဏာပိုင်တွေက ပြောပါတယ်။ ရေကြီးမှုအတွင်း Aude ဒေသရှိ Villegailhenc နယ်မြေမှာ ရေတိုက်စားမှုကြောင့် တံတာတစ်စင်း ပျက်စီးမျောပါသွားခဲ့ပါတယ်။

Aude ဒေသအနီးရှိ Aveyron, Haute-Garonne, Hérault, Pyrénées-Orientales နဲ့ Tarn တို့မှာလည်း ရေကြီးမှုတွေ ဖြစ်ပေါ်နိုင်ကြောင်း Amber မိုးလေဝသဝက်ဘ်ဆိုက်က သတိပေးထားကြောင်း BBC သတင်းမှာ ဖော်ပြထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က