အာမခံငွေကို ဇနီးဖြစ်သူက ဆက်ခံခွင့်ရထားတာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံမှ အမျိုးသားတစ်ဦးဟာ အာမခံငွေရယူလိုမှုကြောင့် သေဆုံးကြောင်း ဟန်ဆောင်လိမ်လည်ခဲ့ရာမှ ၎င်းရဲ့ဇနီးဖြစ်သူကလည်း ကလေးနှစ်ဦးနဲ့အတူ သတ်သေသွားတဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။



Photo: Hongxing News/Weibo



အသက် ၃၄ နှစ်အရွယ် အဆိုပါအမျိုးသား ငှားရမ်းထားတဲ့ကားကို မြစ်တစ်ခုအတွင်း တွေ့ရှိခဲ့ရပြီးနောက် ၎င်းရဲ့အလောင်းကို ရှာမတွေ့ခဲ့ပေမဲ့လည်း သက်ဆိုင်ရာက သေဆုံးကြောင်းသတ်မှတ်ခဲ့ပါတယ်။ ထိုအမျိုးသားက ၎င်းရဲ့ လိမ်လည်မှု အကြံအစည်ကို ဇနီးဖြစ်သူအား ပြောထားခဲ့ခြင်းမရှိရာ သူမက ၎င်းသေဆုံးသွားပြီလို့ ယုံကြည်ခဲ့ကြောင်း သိရပါတယ်။

ထို့နောက် သုံးပတ်အကြာမှာတော့ ဇနီးဖြစ်သူက ကိုယ့်ကိုယ်ကိုယ်သတ်သေကြောင်း အွန်လိုင်းမှာ ရေးသားထားခဲ့ပြီး ကလေးနှစ်ဦးနဲ့အတူ ကိုယ့်ကိုယ်ကိုယ် ရေနစ်စေပြီး သတ်သေသွားခဲ့ပါတယ်။ ဇနီးနဲ့ကလေးတွေရဲ့ သတင်းကို ကြားပြီးနောက်မှာတော့ သေဆုံးဟန်ဆောင်ခဲ့သူ အမျိုးသားက ဟူနန်ပြည်နယ် ဆင်ဟွာဒေသရှိ ရဲစခန်းမှာ ကိုယ်တိုင်လာရောက် အဖမ်းခံခဲ့ကြောင်း သိရပါတယ်။

Photo: Hongxing News/Weibo



ထိုအမျိုးသားကို အာမခံငွေလိမ်လည်မှုနဲ့ ပစ္စည်းဥစ္စာကို ရည်ရွယ်ချက်ဖြင့် ပျက်စီးစေမှုတို့ဖြင့် အမှုဖွင့်ကာ ဖမ်းဆီးထားတယ်လို့ ဆင်ဟွာရဲတပ်ဖွဲ့က ၎င်းတို့ရဲ့ WeChat အကောင့်မှာ ပြောထားပါတယ်။ ရဲတပ်ဖွဲ့က အဆိုပါအမျိုးသားရဲ့ မျိုးရိုးနာမည် ဟီလို့ဖော်ပြထားပါတယ်။

မစ္စတာဟီက ယခုနှစ် စက်တင်ဘာလ အစောပိုင်းမှာ တရုတ်ယွမ်ငွေတစ်သန်း (အမေရိကန်ဒေါ်လာ ၁၄၅,၀၀၀) တန် အာမခံတစ်ရပ်ကို ဇနီးဖြစ်သူအား အသိမပေးဘဲ ဝယ်ယူခဲ့တယ်လို့ ဆိုပါတယ်။ အစိုးရပိုင် Voice of China ရေဒီယိုသတင်းရဲ့ အဆိုအရ အဆိုပါ အာမခံငွေကို ဆက်ခံခွင့်ရှိသူမှာ မစ္စတာဟီရဲ့ဇနီးဖြစ်ကြောင်း သိရပါတယ်။

Photo: Hongxing News/China Radio International



ယခင်ကတည်းက ကြိုတင်ကြံစည်ထားတဲ့ မစ္စတာဟီက စက်တင်ဘာ ၁၉ ရက်မှာ ငှားရမ်းထားတဲ့ ကားတစ်စီးနဲ့အတူ မတော်တဆမှုဖြစ်ပြီး ချောင်းထဲထိုးကျကာ သေဆုံးသွားကြောင်း ဇာတ်လမ်းဆင် ဟန်ဆောင်လိမ်လည်ခဲ့ပါတယ်။ ၎င်းဟာ အကြွေး ယွမ် ၁၀၀,၀၀၀ ကျော် တင်ရှိနေသူလည်း ဖြစ်ပါတယ်။

ကားမတော်တဆမှုအတွင်း မစ္စတာဟီ သေဆုံးခဲ့ကြောင်း သတ်မှတ်ခဲ့ပြီးနောက် အောက်တိုဘာ ၁၁ ရက်မှာတော့ ၎င်းရဲ့ အသက် ၃၄ နှစ်အရွယ် ဇနီးဖြစ်သူ၊ အသက်လေးနှစ်အရွယ် သားနဲ့ အသက်သုံးနှစ်အရွယ် သမီးတို့ရဲ့ အလောင်းတွေကို ၎င်းတို့နေအိမ်အနီးရှိ ရေကန်တစ်ခုအတွင်း တွေ့ရှိခဲ့ရပါတယ်။

Photo: Hongxing News/China Radio International



Voice of China ရေဒီယိုက မစ္စတာဟီရဲ့ ဇနီးဖြစ်သူ WeChat မှာ ရေးသားထားခဲ့တဲ့ ကိုယ့်ကိုယ်ကိုယ် သတ်သေကြောင်း မှတ်စုကို ထုတ်လွှင့်ခဲ့တယ်လို့ ဆိုပါတယ်။ ဇနီးနဲ့ကလေးတွေရဲ့ သတင်းကို ကြားသိပြီးနောက် အောက်တိုဘာ ၁၂ ရက်မှာတော့ မစ္စတာဟီက ရဲတပ်ဖွဲ့ထံ ကိုယ်တိုင်လာရောက် အဖမ်းခံခဲ့ကြောင်း သိရပါတယ်။

မစ္စတာဟီက ယခုဖြစ်ရပ် မဖြစ်ပွားမီက အွန်လိုင်းမှာ ဗီဒီယိုတစ်ခု လွှင့်တင်ခဲ့ဖူးပြီး ဝက်ရူးပြန်ရောဂါ ခံစားနေရတဲ့ သမီးဖြစ်သူကို ဆေးကုသရန်အတွက် ငွေချေးခဲ့ရကြောင်း ငိုကြွေးပြောကြားထားပါတယ်။ အဆိုပါ ဗီဒီယိုဟာလည်း အွန်လိုင်းမှာ ပျံ့နှံ့မှုများစွာရှိခဲ့ပါတယ်။

Photo: Photo: Hongxing News/China Radio International



မစ္စတာဟီ မိသားစုရဲ့ ကြေကွဲစရာဖြစ်ရပ်ကို တရုတ်ဆိုရှယ်မီဒီယာမှာ ပြီးခဲ့တဲ့ တစ်ပတ်လုံး လူပြောများခဲ့ကြပြီး ငွေရေးကြေးရေးဖိအားတွေနဲ့ မိသားစုပြဿနာတွေအကြောင်း ဆွေးနွေးပြောဆိုမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ရှိလာခဲ့ပါတယ်။ တရုတ်ဆိုရှယ်မီဒီယာဝက်ဘ်ဆိုက် Weibo မှာ #ManFakesDeathLeadingtoWifesDeath အမည်ဖြင့် hashtag ကို ကြည့်ရှုမှုအကြိမ်ရေ ၂၉ သန်းအထိ ရှိခဲ့ကြောင်း BBC သတင်းမှာ ဖော်ပြထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က