စွဲချက် ၄၅ ခုဖြင့် ကွာလာလမ်ပူတရားရုံးမှာ စွဲချက်တင်လိုက်ပါတယ်။

မလေးရှား လက်ထောက်ဝန်ကြီးချုပ်ဟောင်း အာမက်ဇာဟစ်ဒ် ဟမ်မီဒီကို ရင်းဂစ် ၁၁၄ သန်း (အမေရိကန်ဒေါ်လာ ၂၇.၄ သန်း) နဲ့ ဆက်နွယ်နေတဲ့ အမှု ၄၅ ခုဖြင့် ကွာလာလမ်ပူတရားရုံးမှာ ယနေ့ (အောက်တိုဘာ ၁၉ ရက်) စွဲချက်တင်လိုက်ကြောင်း သိရပါတယ်။

တရားရုံးကို ရောက်ရှိလာသည့် အာမက် (Photo: Bernama)





စွဲချက်များအနက် ယုံကြည်မှုချိုးဖောက်မှုနဲ့ အာဏာအလွဲသုံးစားပြုမှု ၁၀ ခု၊ ရင်းဂစ် ၄၂ သန်းနဲ့ဆက်နွယ်တဲ့ အဂတိလိုက်စားမှုရှစ်ခုတို့ ပါဝင်တယ်လို့ဆိုပါတယ်။

ယခုစွဲချက်များဟာ အာမက်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ လူမှုဖူလုံရေးဖောင်ဒေးရှင်းနဲ့ အစိုးရဌာနများအတွက် e-Government ဝန်ဆောင်မှုများ အထောက်အပံ့ပေးတဲ့ MyEG အဖွဲ့အစည်းတို့နဲ့ ဆက်နွယ်နေပါတယ်။ အာမက်ကို တရားမဝင်ငွေများ လက်ခံမှုနဲ့ လွှဲပြောင်းမှုတို့အတွက်လည်း ငွေကြေးခဝါချမှု ဥပဒေများအရ စွဲချက် ၂၇ ခုဖြင့် တရားစွဲဆိုခဲ့ကြောင်း သိရပါတယ်။

ငွေကြေးခဝါချမှုမှာ ရင်းဂစ် ၇၂ သန်း ပါဝင်နေကြောင်း Bernama သတင်းက ပြောပါတယ်။ လက်ထောက် ဝန်ကြီးချုပ်ဟောင်း အာမက်ကတော့ စွဲချက်များအားလုံးနဲ့ ပတ်သက်ပြီး အပြစ်မရှိကြောင်း လျှောက်လဲခဲ့တယ်လို့ သိရပါတယ်။

တရားရုံးကို ရောက်ရှိလာသည့် အာမက် (Photo: Bernama)



ယနေ့စွဲချက်တင်ခဲ့တဲ့ တရားရုံးရှေ့ကို အာမက်အား ထောက်ခံသူတွေ စုရုံးရောက်ရှိလာခဲ့ကြတာလည်း တွေ့ရပါတယ်။ အာမက်ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ကြာသပတေးနေ့ (အောက်တိုဘာ ၁၈ ရက်) မှာ ဖမ်းဆီးထိန်းသိမ်းခဲ့တာ ဖြစ်ပါတယ်။

စွဲချက်တင်ပြီးနောက် လက်ထောက်ဝန်ကြီးချုပ်ဟောင်း အာမက်ကို ရင်းဂစ် ၂ သန်းတန် အာမခံဖြင့် ပြန်လွှတ်ပေးရန် တရားရုံးက ဆုံးဖြတ်လိုက်ကြောင်း သိရပါတယ်။

အာမက်ဟာ လက်ရှိမှာ မလေးရှား အဓိကအတိုက်အခံ UNMO (United Malays National Organisation) ပါတီရဲ့ဥက္ကဋ္ဌအဖြစ်လည်း တာဝန်ယူထားပါတယ်။

မလေးရှား အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် (Malaysian Anti-Corruption Commission - MACC) က ယခုနှစ်အတွင်း အာမက်ကို စစ်ဆေးမေးမြန်းရန် ဆင့်ခေါ်မှုအချို့ ရှိခဲ့ဖူးတယ်လို့ ဆိုပါတယ်။

အာမက်ကိုထောက်ခံသူများ တရားရုံးရှေ့မှာ စုဝေးနေကြစဉ် (Photo: Bernama)



ဒေသခံမီဒီယာတွေရဲ့ အဆိုအရ အာမက်ဟာ Yayasan Akal Budi ဖောင်ဒေးရှင်းရဲ့ ဘဏ္ဍာငွေ မလေးရှားရင်းဂစ် ၈၀၀,၀၀၀ (အမေရိကန်ဒေါ်လာ ၁၉၇,၆၀၀) ကို ဇနီးဖြစ်သူရဲ့ အကြွေးဝယ်ကတ် ငွေပေးချေရန်အတွက် သုံးစွဲခဲ့ကြောင်း သိရပါတယ်။

အာမက်ကတော့ အဆိုပါငွေကိစ္စဟာ ၎င်းရဲ့လက်ထောက်တစ်ဦးက မှားယွင်းပေးခဲ့တာဖြစ်ပြီး ထိုစဉ်ကတည်းက ပြန်ပေးခဲ့ပြီးဖြစ်တယ်လို့ ပြောကြားကာ အမှားလုပ်မထားကြောင်း ငြင်းဆိုထားပါတယ်။

လက်ထောက်ဝန်ကြီးချုပ် ဒေါက်တာအာမက်ကို အောက်တိုဘာ ၁၈ ရက် ညနေ ၃ နာရီ ၁၅ မိနစ်က ပူထရာဂျာယာရှိ MACC ရုံးချုပ်မှာ ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း MACC က သတင်းထုတ်ပြန်ထားပါတယ်။

အောက်တိုဘာ ၁၈ ရက်နေ့က MACC ရုံးချုပ်မှာတွေ့ရသည့် အာမက် (Photo: Photo: EPA-EFE)



အာမက်ဟာ ၂၀၀၉ ခုနှစ် မလေးရှား အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥပဒေနဲ့ ၂၀၀၁ ခုနှစ် ငွေကြေးခဝါချမှုတိုက်ဖျက်ရေး၊ အကြမ်းဖက်ကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးနဲ့ တရားမဝင်လုပ်ရပ်များ လုပ်ဆောင်မှုဥပဒေတို့အရ စွဲချက်အချို့ကို ရင်ဆိုင်ရမယ်လို့လည်း MACC က ပြောပါတယ်။

မလေးရှား လက်ထောက်ဝန်ကြီးချုပ်ဟောင်းအာမက်ကို ယနေ့ (အောက်တိုဘာ ၁၉ ရက်) မနက် ၈ နာရီမှာ ကွာလာလမ်ပူတရားရုံးမှာ စွဲချက်တင်သွားမယ်လို့ သိရပါတယ်။

အာမက်ဟာ အဂတိလိုက်စားမှုတွေနဲ့ တရားရင်ဆိုင်နေရတဲ့ ဝန်ကြီးချုပ်ဟောင်း နဂျစ်ရာဇက်ခ်လက်ထက်မှာ လက်ထောက်ဝန်ကြီးချုပ်အဖြစ် ၂၀၁၅ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ တာဝန်ယူခဲ့သူလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က