ကင်ဆာရောဂါ ကုသနေရကြောင်း ဟန်ဆောင်ထားတဲ့ မှတ်တမ်းပုံတွေကို ဆိုရှယ်မီဒီယာမှာတင်ခဲ့ပါတယ်။

ကင်ဆာရောဂါဖြစ်နေတယ်လို့ လိမ်ညာဟန်ဆောင်ပြီး ရန်ပုံငွေရှာဖွေရေး ဝက်ဘ်ဆိုက်တစ်ခုမှတစ်ဆင့် အလှူရှင်များထံမှ လှူဒါန်းငွေ သြစတြေးလျဒေါ်လာ ၅၅,၀၀၀ (အမေရိကန်ဒေါ်လာ ၃၀,၀၀၀) ရယူခဲ့တဲ့ သြစတြေးလျအမျိုးသမီးတစ်ဦးကို တရားစွဲဆိုလိုက်ကြောင်း သိရပါတယ်။



Townsville Magistrates တရားရုံး (Photo: BBC/Google)



အသက် ၂၇ နှစ်အရွယ် လူစီဝီလန်းအမည်ရှိ အမျိုးသမီးက သားအိမ်ကင်ဆာ ကုသနေရကြောင်း ဟန်ဆောင်ထားတဲ့ မှတ်တမ်းပုံတွေကို ဆိုရှယ်မီဒီယာမှာတင်ပြီး လိမ်လည်ခဲ့တယ်လို့ ကွင်းစ်လန်းပြည်နယ် တောင်းစ်ဗီလီမြို့ရှိ တရားရုံးက ပြောပါတယ်။

လူစီဝီလန်းက GoFundMe အမည်ဖြင့် ရန်ပုံငွေရှာဖွေရေး အွန်လိုင်းအကောင့်ပြုလုပ်ပြီး အများပြည်သူရဲ့ ယုံကြည်မှုကို အလွဲသုံးစားပြု ချိုးဖောက်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောခဲ့ပါတယ်။ သူမကို ပြည်သူတစ်ဦးထံမှ လျှို့ဝှက်သတင်းပေးမှု လက်ခံရရှိခဲ့ပြီးနောက် ဖမ်းဆီးခဲ့ကြောင်းလည်း ရဲတပ်ဖွဲ့ကဆိုပါတယ်။

Photo: Lucy Wieland/Instagram



လူစီဝီလန်းက ယခုနှစ်အစောပိုင်းအတွင်း အောက်စီဂျင်မျက်နှာဖုံးနဲ့ လမ်းလျှောက်အကူအညီကဲ့သို့ ဆေးကုသမှုဆိုင်ရာ ကိရိယာများနဲ့ ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကို သူမရဲ့ Instagram မှာတင်ခဲ့ပါတယ်။

အဆိုပါပုံတွေမှာ ဝေဒနာခံစားရကြောင်းနဲ့ သူမကို ကူညီထောက်ပံ့ပေးသူအားလုံးကို ကျေးဇူးတင်ကြောင်း လူစီဝီလန်းက ပုံစာအညွန်းတွေလည်း ရေးထားခဲ့ပါတယ်။

Photo: Lucy Wieland/Instagram



သူမရဲ့ Instagram ဓာတ်ပုံအချို့မှာ အတူတွေ့ရလေ့ရှိတဲ့ လူစီဝီလန်းရဲ့ လက်တွဲဖော်အမျိုးသားကတော့ ယခုလိမ်လည်မှုနဲ့ပတ်သက်ပြီး သိထားခဲ့ခြင်းရှိ မရှိ အတိအကျ မပြောနိုင်သေးဘူးလို့ ဆိုပါတယ်။ ယခုအခါမှာတော့ လူစီဝီလန်းရဲ့ Instagram အကောင့်ကို မတွေ့ရတော့ပါဘူး။

ရဲတပ်ဖွဲ့က လူစီဝီလန်းကို ဖမ်းဆီးခဲ့ပြီးနောက် အာမခံဖြင့်ပြန်လွှတ်ပေးခဲ့ပေမဲ့ သူမရဲ့ ပတ်စ်ပို့ကို သိမ်းဆည်းထားကြောင်း ABC News က ပြောပါတယ်။ လူစီဝီလန်းကို လာမယ့် ဒီဇင်ဘာလမှာ တရားရုံးကြားနာစစ်ဆေးမှု ပြုလုပ်သွားမယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က