ဗိုလိုကော်ပတာလို့ခေါ်တဲ့ လျှပ်စစ်စွမ်းအင်သုံး လေကြောင်းပျံသန်းရေးယာဉ်တွေကို စင်ကာပူမှာ စမ်းသပ်ပျံသန်းမှာပါ။

စင်ကာပူနိုင်ငံမှာ လေကြောင်းတက္ကစီပြေးဆွဲမှုကို လာမယ့် ၂၀၁၉ ခုနှစ် ဒုတိတနှစ်ဝက်အတွင်း ဂျာမနီကုမ္ပဏီ Volocopter နဲ့ ပူးပေါင်းပြီး စတင်စမ်းသပ်သွားမယ်လို့ သိရပါတယ်။

volocopter-singapore.jpg

စင်ကာပူမှာ ဗိုလိုကော်ပတာ ပျံသန်းမှုကို ပုံဖော်ထားမှု (Photo: Volocopter)



စင်ကာပူမှာ လေကြောင်းတက္ကစီ စမ်းသပ်ပြေးဆွဲမှုပြုလုပ်သွားမယ့် ကြေညာချက်ကို Volocopter က ပြင်သစ်နိုင်ငံမှာ ကျင်းပပြုလုပ်တဲ့ Autonomy and the Urban Mobility Summit မှာ အောက်တိုဘာ ၁၈ ရက်နေ့က ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။



ဗိုလိုကော်ပတာ (Volocopter) လို့ခေါ်တဲ့ လျှပ်စစ်စွမ်းအင်သုံး လေကြောင်းပျံသန်းရေးယာဉ်တွေကို စင်ကာပူရဲ့ မြို့ပြပတ်ဝန်းကျင်မှာ ပြေးဆွဲနိုင်ခြင်းရှိ မရှိ အတည်ပြုနိုင်ရန် စမ်းသပ်ပြေးဆွဲမှုတွေ ပြုလုပ်သွားမယ်လို့ ကုမ္ပဏီကပြောပါတယ်။

လေကြောင်းတက္ကစီစနစ်မှာ အသုံးပြုမယ့် ဗိုလိုကော်ပတာယာဉ်တွေဟာ ဒေါင်လိုက် အတက်အဆင်းလုပ်နိုင်ပြီး လူနှစ်ဦးကိုတင်ဆောင်ကာ ၁၈.၆ မိုင်အောက် ခရီးအကွာအဝေးကို ပျံသန်းနိုင်ပါတယ်။ အဆိုပါယာဉ်တွေဟာ ရဟတ်ယာဉ်နဲ့ ပုံစံတူပေမဲ့ ဒရုန်း (drone) နည်းပညာကို အခြေခံထားတယ်လို့ သိရပါတယ်။

Photo: Nikolay Kazakov, Karlsruhe



ဗိုလိုကော်ပတာ လေကြောင်းတက္ကစီများ စမ်းသပ်ပြေးဆွဲမှုကို စင်ကာပူနိုင်ငံ သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာန၊ မြို့ပြလေကြောင်းပျံသန်းမှုအာဏာပိုင်အဖွဲ့နဲ့ စီးပွားရေးဖွံ့ဖြိုးမှုဘုတ်အဖွဲ့တို့ရဲ့ ထောက်ခံမှုအရ ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။

ဗိုလိုကော်ပတာတွေကို လေယာဉ်မှူးတစ်ဦးက လိုက်ပါထိန်းချုပ် မောင်းနှင်နိုင်သလို မြေပြင်ကနေလည်း အဝေးထိန်းစနစ်ဖြင့် ထိန်းချုပ်မောင်းနှင်နိုင်ပါတယ်။

စင်ကာပူမှာ စမ်းသပ်ပြေးဆွဲမှုအတွက် အဆိုပါ မောင်းနှင်မှု နည်းလမ်းနှစ်မျိုးအနက် မည်သည့်နည်းလမ်းဖြင့် အသင့်တော်ဆုံးဖြစ်ကြောင်းကို ဆုံးဖြတ်သွားမယ်လို့လည်း ကုမ္ပဏီက Channel NewsAsia သတင်းဌာနကို ပြောခဲ့ပါတယ်။

Photo: Volocopter



လေကြောင်းတက္ကစီ စမ်းသပ်ပြေးဆွဲမှုအတွင်း စင်ကာပူမှာ လမ်းကြောင်းသတ်မှတ်နိုင်ရန်နဲ့ ယခုကဲ့သို့ ဝန်ဆောင်မှုမျိုးကို လေကြောင်းပျံသန်းမှု စီမံခန့်ခွဲမှုစနစ်ဖြင့် မည်သို့ ဆောင်ရွက်နိုင်ကြောင်းကို ဆန်းစစ်သွားမယ်လို့ သိရပါတယ်။

ဒါ့အပြင် လေကြောင်းတက္ကစီပြေးဆွဲမှုနဲ့ စင်ကာပူရဲ့ အပူပိုင်းရာသီဥတုနဲ့ စိုထိုင်းဆအခြေအနေ၊ လေကြောင်းတက္ကစီယာဉ်တွေ ဆင်းသက်နိုင်မယ့်နေရာတို့ကိုလည်း လေ့လာသွားမယ်လို့ Volocopter ကုမ္ပဏီက ပြောထားပါတယ်။

Photo: Volocopter



Volocopter ယာဉ်တွေကို ဂျာမနီမှာ ၂၀၁၆ ခုနှစ်ကတည်းက ပျံသန်းခွင့်ပြုထားပြီး ပုံမှန် ပျံသန်းနေကြောင်းလည်း သိရပါတယ်။ ကုမ္ပဏီအနေနဲ့ ဗိုလိုကော်ပတာယာဉ်တွေနဲ့ ပတ်သက်ပြီး ဥရောပလေကြောင်းပျံသန်းမှုဆိုင်ရာ ဘေးကင်းလုံခြုံမှုဌာနကနေ စီးပွားရေးလုပ်ငန်းအဖြစ် လုပ်ကိုင်နိုင်တဲ့ တရားဝင်လိုင်စင်ရရှိရန် ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

အများပြည်သူမြင်ကွင်းမှာ လူလိုက်ပါခြင်းမရှိတဲ့ ဗိုလိုကော်ပတာယာဉ် စမ်းသပ်ပျံသန်းမှုကို ၂၀၁၇ ခုနှစ် စက်တင်ဘာလအတွင်း ဒူဘိုင်းမြို့မှာလည်း ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က