ရထားသံလမ်းတွေပေါ်တက်ပြီး ဟိန္ဒူဘာသာရေးပွဲတော် ကျင်းပမှုကို စုရုံးကြည့်ရှုနေခဲ့ကြပါတယ်။

အိန္ဒိယနိုင်ငံမြောက်ပိုင်း ပန်ဂျပ်ပြည်နယ် အမ်ရီစတာမြို့အနီးမှာ ရထားတစ်စင်းက လူအုပ်စုအတွင်း ဝင်တိုက်ခဲ့မှုကြောင့် ၅၉ ဦးထက်မနည်း သေဆုံးပြီး ၁၀၀ ကျော် ဒဏ်ရာရခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။



Photo: AP



ရထားတိုက်ခံရပြီး သေဆုံးဒဏ်ရာရသူတွေဟာ ရထားသံလမ်းတွေပေါ်တက်ပြီး Dusshera ဟိန္ဒူဘာသာရေးပွဲတော် ကျင်းပမှုကို စုရုံးကြည့်ရှုနေခဲ့ကြကြောင်း သိရပါတယ်။ ယမန်နေ့ (အောက်တိုဘာ ၁၉ ရက်) က ဖြစ်ပွားခဲ့တဲ့ အဆိုပါဖြစ်ရပ်အတွင်း သေဆုံးခဲ့သူတွေအနက် ကလေးငယ်တွေလည်း ပါဝင်ခဲ့ပါတယ်။

Photo: AP



ရထားသံလမ်းပေါ်မှာ ရှိနေခဲ့တဲ့ လူစုလူဝေးက ပွဲတော်ရဲဆူညံသံနဲ့ မီးရှူးမီးပန်းပစ်ဖောက်မှုများကြားမှာ ရထားချဉ်းကပ်လာတဲ့အသံကို မကြားမိခဲ့ကြဘူးလို့ ဆိုပါတယ်။ မြန်နှုန်းမြင့် ခုတ်မောင်းလာတဲ့ ရထားဟာ လူတွေကိုတက်ကြိတ်သွားခဲ့တယ်လို့ မျက်မြင်တစ်ဦးက ပြောခဲ့ကြောင်း ANI သတင်းက ဖော်ပြပါတယ်။

Photo: EPA



အခြား မျက်မြင်တွေ့ရှိခဲ့သူတွေရဲ့ အဆိုအရ ရထားသံလမ်းပေါ်မှာ ရှိနေခဲ့သူအများအပြားဟာ ပွဲတော်ကျင်းပမှုကို ၎င်းတို့ရဲ့ဖုန်းတွေနဲ့ ဓာတ်ပုံ၊ ဗီဒီယိုရိုက်နေခဲ့ကြပြီး ရထားလာနေတဲ့အသံကို သတိမပြုမိကြဘူးလို့လည်း သိရပါတယ်။

လူအုပ်စုကို ဝင်တိုက်သွားခဲ့တဲ့ ရထားဟာ ဂျလန်းဒ်ဟာမြို့မှ အမ်ရီစတာမြို့ကို ခုတ်မောင်းလာခဲ့တာ ဖြစ်ပါတယ်။ Dusshera ဟိန္ဒူဘာသာရေးပွဲတော်ကို ယခုနေရာမှာပင် ပုံမှန်ကျင်းပလေ့ရှိပြီး လူအများအပြားကလည်း ရထားသံလမ်းတွေပေါ်ကနေ ကြည့်လေ့ရှိကြောင်း ဒေသခံတစ်ဦးဖြစ်သူ အမစ်ကူးမားက BBC သတင်းဌာနကို ပြောပါတယ်။

Photo: EPA



လူအုပ်စုကို ရထားဝင်တိုက်ပြီး အများအပြား သေဆုံးခဲ့မှုအတွက် ဝမ်းနည်းပူဆွေးမှုရက်အဖြစ် ပန်ဂျပ်ပြည်နယ်မှာ သတ်မှတ်ကြေညာခဲ့ပြီး ယနေ့ (အောက်တိုဘာ ၂၀ ရက်) မှာ ရုံးများနဲ့ ကျောင်းများ ပိတ်ထားမယ်လို့ သိရပါတယ်။ ယခုဖြစ်ရပ်ကြောင့် သေဆုံးသူအရေအတွက် ဆက်လက် မြင့်တက်လာနိုင်ဖွယ်ရှိကြောင်း စိုးရိမ်မှုတွေရှိနေတယ်လို့ BBC သတင်းမှာ ဖော်ပြထားပါတယ်။

Dusshera ဟိန္ဒူဘာသာရေးပွဲတော်

- ဟိန္ဒူနတ်ဘုရား Rama က ခေါင်း ၁၀ လုံးပါ မကောင်းဆိုးဝါး Ravana ကို အောင်ပွဲခံအနိုင်ယူမှု အထိမ်းအမှတ်အဖြစ် ကျင်းပခြင်းဖြစ်ပါတယ်။

- ကောင်းမှုက မကောင်းမှုကို အနိုင်ရခြင်း အထိမ်းအမှတ်အဖြစ် ကျင်းပကြပါတယ်။

- အိန္ဒိယနိုင်ငံ နေရာအနှံ့အပြားမှာ Rama က Ravana ကို အောင်ပွဲခံအနိုင်ယူခဲ့တဲ့ ၁၀ ရက်ကြာ စစ်ပွဲကို သရုပ်ဖော်မှု (Ramilila) ဖြင့် ပွဲတော်ကိုကျင်းပကြပါတယ်။

- ပွဲတော်ကို နှစ်စဉ် ကျင်းပကြပြီး ၁၀ ညဆက်တိုက် သို့မဟုတ် ထိုထက်ပိုကြာရှည်စွာ ကျင်းပလေ့ရှိပါတယ်။

- ပွဲတော်ရဲ့ နောက်ဆုံးရက် မကောင်းဆိုးဝါး Ravana အရုပ်ကို ပွဲတော်မှာပါဝင်ကြသူတွေက မီးရှို့ကြပါတယ်။

- Ravana အရုပ်ကို မီးရှို့မှုအား နေဝင်ချိန်ဝန်းကျင်မှာ ပြုလုပ်ကြပြီး မီးရှူးမီးပန်းတွေလည်း ပစ်ဖောက်ကြပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က