၁၉၈၇ ခုနှစ်မှာ ချုပ်ဆိုထားခဲ့ သဘောတူညီစာချုပ်ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံအနေနဲ့ ရုရှားနဲ့ချုပ်ဆိုထားခဲ့တဲ့ သမိုင်းဝင် နျူကလီးယားလက်နက်ဆိုင်ရာ သဘောတူစာချုပ်ကနေ နုတ်ထွက်သွားမယ်လို့ သမ္မတဒေါ်နယ်ထရန့်က အတည်ပြု ပြောကြားလိုက်ပါတယ်။

ရုရှားဒုံးကျည်တစ်စင်း ပစ်လွှတ်မှု (Photo: EPA)





ရုရှားက ၁၉၈၇ ခုနှစ်မှာ ချုပ်ဆိုထားခဲ့တဲ့ Intermediate-Range Nuclear Forces (INF) သဘောတူညီချက်ကို ချိုးဖောက်ခဲ့တယ်လို့ သမ္မတထရန့်က စနေနေ့ (အောက်တိုဘာ ၂၀ ရက်) မှာ သတင်းထောက်တွေကို ပြောပါတယ်။

အဆိုပါ သဘောတူညီချက်အရ အမေရိကန်နဲ့ရုရှားတို့ကြား မြေပြင်မှဝေဟင် ပစ်လွှတ်နိုင်ပြီ အကွာအဝေး ၃၁၀ မှ ၃,၄၀၀ အတွင်း ရောက်ရှိနိုင်တဲ့ တာတိုနဲ့တာလတ်ပစ် ဒုံးကျည်များတည်ဆောက်မှုကို ပိတ်ပင်ထားပါတယ်။ နှစ်နိုင်ငံသဘောတူ ပိတ်ပင်ထားတဲ့လက်နက်များ ရုရှားထုတ်လုပ်မှုကို အမေရိကန်က ခွင့်မပြုကြောင်း ထရန့်ကဆိုပါတယ်။

အမေရိကန်သမ္မတထရန့်နဲ့ ရုရှားသမ္မတပူတင် (Photo: Yuri Kadobnov/AFP/Getty Images)



"သမ္မတအိုဘားမားက ဒီ သဘောတူညီချက်ကို ဆွေးနွေးညှိနှိုင်းတာ ဒါမှမဟုတ် ရုပ်သိမ်းတာမျိုး ဘာကြောင့် မလုပ်ခဲ့လဲဆိုတာ ကျွန်တော် မသိဘူး၊ သူတို့ ဒါကို ချိုးဖောက်နေတာ နှစ်နဲ့ချီကြာခဲ့ပြီ" လို့ နီဗာဒါးပြည်နယ်မှာ ပြုလုပ်ခဲ့တဲ့ မဲဆွယ်စည်းရုံးမှုပွဲတစ်ခုအပြီးမှာ ထရန့်က ပြောခဲ့ပါတယ်။

ရုရှားဟာ INF ကို ချိုးဖောက်ခဲ့ကြောင်း ၂၀၁၄ ခုနှစ်မှာ သမ္မတအိုဘားမားက စွပ်စွဲခဲ့ပါတယ်။ ရုရှားက မြေပြင်မှပစ်လွှတ်တဲ့ ခရုစ်ဒုံးကျည် စမ်းသပ်မှုပြုလုပ်ခဲ့ပြီးနောက် အိုဘားမားက ထိုသို့ စွပ်စွဲပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။

ထိုစဉ်က ဥရောပခေါင်းဆောင်တွေထံမှ ဖိအားပေးမှုတွေကြောင့် အိုဘားမားဟာ ရုရှားနဲ့ချုပ်ဆိုထားတဲ့ INF သဘောတူစာချုပ်ကနေ နုတ်ထွက်ခြင်းမပြုရန် ဆုံးဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။

ရုရှားနိုင်ငံရဲ့ Novator 9M729 ဒုံးကျည် (Photo: National Interest)



INF ကနေ အမေရိကန် နုတ်ထွက်ခြင်းက လက်နက်ပြိုင်ပွဲတစ်ရပ်ကို ပြန်လည်စတင်စေနိုင်ကြောင်း ဥရောပခေါင်းဆောင်တွေက သတိပေးခဲ့ပါတယ်။ ရုရှားနိုင်ငံက INF သဘောတူညီချက်ကို ချိုးဖောက်မှုအဖြစ် Novator 9M729 အမည်ရှိ တာလတ်ပစ်ဒုံးကျည်သစ်ကို ထုတ်လုပ်ပိုင်ဆိုင်ခဲ့ကြောင်း အမေရိကန်က အခိုင်အမာ ပြောထားပါတယ်။

ရုရှားဟာ အဆိုပါ ဒုံးကျည်ဖြင့် NATO အဖွဲ့ဝင်နိုင်ငံတွေကို နျူကလီးယားတိုက်ခိုက်မှု ပြုလုပ်နိုင်တယ်လို့ ဆိုပါတယ်။ ရုရှားကတော့ ၎င်းတို့ရဲ့ ဒုံးကျည်သစ်နဲ့ပတ်သက်ပြီး အနည်းအကျဉ်းမျှသာ ထုတ်ဖော်ပြောဆိုမှုရှိခဲ့ပြီး အမေရိကန်နဲ့ သဘောတူညီချက်ကို ချိုးဖောက်ခြင်းမရှိကြောင်း ငြင်းဆိုထားပါတယ်။

စစ်ရေးပြအခမ်အနားမှာ တွေ့ရသည့် ရုရှားဒုံးကျည်များ (Photo: Reuters)



New York Times သတင်းစာက သောကြာနေ့ (အောက်တိုဘာ ၁၉ ရက်) မှာ ဖော်ပြခဲ့မှုအရ အနောက်ပစိဖိတ်ဒေသမှာ တရုတ်ရဲ့ စစ်ရေးအင်အားတိုးချဲ့လာခြင်းကို တန်ပြန်မှုအဖြစ် အမေရိကန်က INF ကနေ နုတ်ထွက်ရန် စဉ်းစားနေခဲ့ကြောင်း သိရပါတယ်။

INF ကနေ အမေရိကန် နုတ်ထွက်မှုကို သမ္မတထရန့်ရဲ့ နိုင်ငံတော်လုံခြုံရေး အကြံပေးပုဂ္ဂိုလ် ဂျွန်ဘော်လ်တန်က ယခုသီတင်းပတ်နှောင်းပိုင်း မော်စကိုမြို့မှာ ပြုလုပ်မယ့်ဆွေးနွေးမှုအတွင်း ရုရှားတာဝန်ရှိသူတွေကို ပြောကြားသွားမယ်လို့ ဆိုပါတယ်။

စစ်အေးခေတ်ကာလ နျူကလီးယားလက်နက်ဆိုင်ရာ သဘောတူညီမှုစာချုပ်ကနေ အမေရိကန် နုတ်ထွက်မှုဟာ အန္တရာယ်ရှိတဲ့ ခြေလှမ်းတစ်ခုဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ယနေ့ (အောက်တိုဘာ ၂၁ ရက်) သတိပေးလိုက်ကြောင်းလည်း သိရပါတယ်။

Intermediate-Range Nuclear Forces (INF)

- ၁၉၈၇ ခုနှစ်က အမေရိကန်နဲ့ ထိုစဉ်က ဆိုဗီယက်ပြည်ထောင်စုတို့ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ မြေပြင်မှ ပစ်လွှတ်ရတဲ့ တာတိုနဲ့တာလတ်ပစ် နျူကလီးယားနဲ့ နျူကလီးယားမဟုတ်တဲ့ ဒုံးကျည်များအားလုံးကို တားမြစ်ပိတ်ပင်တဲ့ လက်နက်ထိန်းချုပ်ရေးသဘောတူညီမှု ဖြစ်ပါတယ်။ သဘောတူညီချက်အရ ပိတ်ပင်ရာမှာ ပင်လယ်ပြင်မှ ပစ်လွှတ်ရတဲ့ ဒုံးကျည်များ ပါဝင်ခြင်းမရှိပါ။

- အမေရိကန်သမ္မတ ရော်နယ်ရေဂင်နဲ့ ဆိုဗီယက်ခေါင်းဆောင် မီခေးလ်ဂေါ်ဘာချော့ဗ်တို့က INF သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

ဂေါ်ဗာချော့ဗ်နဲ့ ရေဂင်တို့ INF စာချုပ်ကို လက်မှတ်ရေးထိုးခဲ့စဉ် (Photo: AFP)



- ဆိုဗီယက်က SS-20 ဒုံးကျည်များ ဖြန့်ကျက်ချထားမှုကို အမေရိကန်က စိုးရိမ်ခဲ့ပြီး တုံ့ပြန်မှုအဖြစ် ဥရောပမှာ ပါရှင်းနဲ့ခရုစ် ဒုံးကျည်များ ဖြန့်ကျက်ချထားခဲ့ရာ ဆန္ဒပြကန့်ကွက်မှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။

- ၁၉၉၁ ခုနှစ်မှာတော့ အမေရိကန်နဲ့ ဆိုဗီယက်တို့က ဒုံးကျည် ၂,၇၀၀ နီးပါးကို ဖျက်ဆီးပစ်ခဲ့ကြပါတယ်။ နှစ်နိုင်ငံလုံးက စစ်ဆေးရေးအဖွဲ့တွေကို လာရောက်စစ်ဆေးခွင့်ပြုခဲ့ပါတယ်။

- ၂၀၀၇ ခုနှစ်မှာတော့ ရုရှားသမ္မတ ဗလာဒီမာပူတင်က INF သဘောတူညီချက်ဟာ ရုရှားရဲ့အရေးကိစ္စ မဟုတ်တော့ကြောင်း ကြေညာခဲ့ပါတယ်။ ၂၀၀၂ ခုနှစ်မှာ အမေရိကန် Anti-Ballistic Missile Treaty သဘောတူညီမှုကနေ နုတ်ထွက်သွားခဲ့ပြီးနောက် ရုရှားသမ္မတပူတင်က ထိုသို့ ကြေညာခဲ့တာလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က