ထိုင်ဝမ်ကမ်းရိုးတန်းအနီးမှာ ရထားလမ်းချော်မှု ဖြစ်ပွားခဲ့ပါတယ်။

ထိုင်ဝမ်အရှေ့ဘက်ကမ်းရိုးတန်းမှာ ရထားတစ်စင်း လမ်းချော်မှုဖြစ်ပွားခဲ့ပြီး လူ ၁၈ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။ ယနေ့ (အောက်တိုဘာ ၂၁ ရက်) ဒေသစံတော် မွန်းလွဲပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ရထားလမ်းချော်မှုအတွင်း အခြား လူ ၁၇၀ ကျော် ဒဏ်ရာရခဲ့ကြောင်းလည်း အာဏာပိုင်တွေက ပြောပါတယ်။

Photo: Xinhua





Puyuma Express 6432 ရထားဟာ Tiatung မှ ထွက်ခွာခုတ်မောင်းလာပြီးနောက် ကမ်းရိုးတန်းအနီး Yilan ဒေသမှာ လမ်းချော်မှုဖြစ်ပွားခဲ့ပါတယ်။ ရထားမတော်ဆမှု ဖြစ်ပွားခဲ့တဲ့ ရထားလမ်းပိုင်းနေရာဟာ ထိုင်ဝမ်မှာ ကမ္ဘာလှည့်ခရီးသွားတွေ အသွားအလာများတဲ့ ရထားလမ်းလည်း ဖြစ်ပါတယ်။

Photo: AFP



ရထားလမ်းချော်မှုဖြစ်ပြီးနောက် ရထားတွဲများအတွင်း ပိတ်မိနေတဲ့ ခရီးသည်တွေရှိ မရှိ အာဏာပိုင်တွေက အတည်မပြုသေးပါဘူး။

မတော်တဆမှု ဖြစ်ပွားခဲ့တဲ့နေရာမှာ ရောက်ရှိနေတဲ့ AFP သတင်းထောက်ရဲ့ အဆိုအရ နောက်ထပ် အလောင်းတွေကို ရထားတွဲအပျက်အစီးတွေကြားမှာ ဆွဲထုတ်ယူလာတာ တွေ့ရတယ်လို့လည်း သိရပါတယ်။ ရထားဟာ Yilan ဒေသရှိ ဘူတာရုံနှစ်ခုကြား ခုတ်မောင်းသွားနေစဉ် လမ်းချော်မှုဖြစ်ခဲ့ကြောင်းလည်း အဆိုပါဌာနက ပြောပါတယ်။

Photo: Xinhua



အခင်းဖြစ်နေရာမှာ ရိုက်ကူးထားတဲ့ သတင်းဓာတ်ပုံတွေမှာ ရထားတစ်စင်းလုံး လမ်းချော်သွားခဲ့ပြီး သံလမ်းဘေးမှာ တိမ်းမှောက်နေတာတွေ့ရပါတယ်။ ယခုဖြစ်ရပ်နဲ့ပတ်သက်ပြီး ထိုင်ဝမ်ခေါင်းဆောင်က ခရီးသည်တွေ ဘေးအန္တရာယ်ကင်းရေးအတွက် အလွန်စိုးရိမ်နေကြောင်းနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေကြောင်း ထိုင်ဝမ်အစိုးရက ဆိုပါတယ်။

ရထားမှာပါရှိတဲ့ တွဲ ၈ ခုလုံး လမ်းချော်သွားခဲ့ပြီး ၎င်းတို့အနက် ၅ တွဲဟာ တုံးလုံးလဲကျနေတယ်လို့ ရထားပို့ဆောင်ရေးဌာနက ပြောပါတယ်။ လမ်းချော်တိမ်းမှောက်ခဲ့တဲ့ ရထားပေါ်မှာ လူဦးရေ ၃၆၆ ဦး လိုက်ပါလာခဲ့ကြောင်းလည်း အဆိုပါဌာနက သတင်းထုတ်ပြန်ထားပါတယ်။

Photo: AFP



ထိုင်ဝမ်သတင်းဌာန Central News Agency ရဲ့ အဆိုအရ လမ်းချော်မှုဖြစ်ခဲ့တဲ့ ရထားတွဲများအတွင်း ယနေ့ ဒေသစံတော်ချိန် ညနေပိုင်းအထိ လူ ၃၀ ကျော် ပိတ်မိနေခဲ့ကြောင်း သိရပါတယ်။ လတ်တလောနှစ်များအတွင်း ထိုင်ဝမ်မှာ ရထားလမ်းချော်မှုအချို့ ဖြစ်ပွားခဲ့ဖူးပါတယ်။

ယခုနှစ် မတ်လအတွင်းကလည်း တိုင်ပေမြို့သစ်မှ တိုင်ပေမြို့ကို ခုတ်မောင်းလာတဲ့ ရထားတစ်စင်းရဲ့ တွဲတစ်တွဲ လမ်းချော်မှုဖြစ်ခဲ့ပါတယ်။ ထိုဖြစ်ရပ်အတွင်း ဒဏ်ရာရသူမရှိခဲ့ပါဘူး။

Photo: Xinhua



ယမန်နှစ် အောက်တိုဘာလအတွင်းမှာလည်း Taitung ကနေ Shulin ကို ပြေးဆွဲတဲ့ရထားတစ်စင်း Hualien ဒေသမှာ လမ်းချော်မှုဖြစ်ပွားခဲရာ ခရီးသည် ၃၀၀ ဟာ ရထားလမ်းပေါ်မှာ သောင်တင်ခဲ့ပါတယ်။

၂၀၁၆ ခုနှစ် ဇွန်လမှာတော့ Hualien ဒေသမှာပင် ရထားတစ်စင်း လမ်းချော်မှုဖြစ်ခဲ့ပြီး လူအချို့ဒဏ်ရာရခဲ့ပါတယ်။ လမ်းချော်မှုဖြစ်ခဲ့တဲ့ ရထားပေါ်မှာ ခရီးသည် ၂၀၀ ဝန်းကျင် လိုက်ပါလာခဲ့ပြီး ဒဏ်ရာရခဲ့သူတွေအနက် နှစ်ဦးကို ဆေးရုံတင်ခဲ့ရကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က