ဟောင်ကောင်-ဇူဟိုင်း-မကာအို တံတားကြီးဟာ ၃၄ မိုင်ရှည်လျားပါတယ်။

ကမ္ဘာ့အရှည်ဆုံး ပင်လယ်ကူးတံတားကြီးကို တရုတ်နိုင်ငံက ဖွင့်လှစ်လိုက်ပြီ ဖြစ်ပါတယ်။ ဟောင်ကောင်၊ မကာအိုနဲ့ တရုတ်ပြည်မကြီးကို ဆက်သွယ်ထားတဲ့ ကမ္ဘာ့အရှည်ဆုံး စံချိန်တင် ပင်လယ်ကူးတံတားကို တရုတ်သမ္မတ ရှီကျင်းပင်က ယနေ့ (အောက်တိုဘာ ၂၃ ရက်) ဒေသစံတော်ချိန် မနက် ၉ နာရီမှာ အခမ်းအနားဖြင့် ဖွင့်လှစ်ပေးခဲ့တာ ဖြစ်ပါတယ်။



Photo: VCG/Getty Images



တရုတ်ပြည်မကြီးတောင်ပိုင်း ဇူဟိုင်းမြို့မှာ ကျင်းပပြုလုပ်တဲ့ တံတားဖွင့်ပွဲကို ဟောင်ကောင်နဲ့ မကာအို ခေါင်းဆောင်တွေလည်း တက်ရောက်ခဲ့ပါတယ်။ တရုတ်သမ္မတရှီကျင်းပင်က "ဟောင်ကောင်-ဇူဟိုင်း-မကာအို တံတားကို တရားဝင်ဖွင့်လှစ်ကြောင်း ကြေညာပါတယ်" လို့ ပြောကြားခဲ့ပါတယ်။

Photo: Reuters



ထို့နောက် တရုတ်သမ္မတဟာ စင်မြင့်ပေါ်ကနေ ချက်ချင်းထွက်ခွာသွားခဲ့ပြီး ပရိသတ်ကို မိန့်ခွန်းပြောကြားခဲ့ခြင်း မရှိဘူးလို့ ဆိုပါတယ်။ တရုတ်က ယနေ့ ဖွင့်လှစ်လိုက်တဲ့ တံတားဟာ ၃၄ မိုင်ရှည်လျားပြီး အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုရှိ နာမည်ကျော် Golden Gate တံတားထက် အဆ ၂၀ ခန့် ပိုရှည်ပါတယ်။

Photo: AFP



ယခုတံတားသစ်ဟာ ဟောင်ကောင်မှ တရုတ်တောင်ပိုင်း ဇူဟိုင်းမြို့သို့ ယခင်က သုံးနာရီကြာ သွားခဲ့ရတဲ့ခရီးကို မိနစ် ၃၀ မျှဖြင့် သွားလာနိုင်စေမယ်လို့လည်း သိရပါတယ်။ တံတားပေါ်ကနေ အများပြည်သူ ဖြတ်သန်းသွားလာမှုကိုတော့ အောက်တိုဘာ ၂၄ ရက်မှ စတင်ခွင့်ပြုသွားမှာ ဖြစ်ပါတယ်။

Photo: VCG/Getty Images



ကမ္ဘာ့အရှည်ဆုံး တံတားကြီးပေါ်မှာ အသွားအပြန် ခြောက်လမ်းသွားလမ်းမတွေပါရှိပြီး ကျွန်းတုနှစ်ခုမှတစ်ဆင့် ပင်လယ်ရေအောက် ဥမင်တွေကို ဖြတ်သန်းသွားရတဲ့ အပိုင်းလည်းပါဝင်ပါတယ်။

ကျွန်းတုနဲ့ ရေအောက်ဥမင်ကို ဖြတ်သန်းသွားရတဲ့ တံတားလမ်းပိုင်းဟာ အရှည် ၄ မိုင်ကျော်ရှိပါတယ်။ ယခု တံတားကြီးကို တရုတ်နိုင်ငံက ၂၀၀၉ ခုနှစ်မှာ စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး အမေရိကန်ဒေါ်လာ ၂၀ ဘီလီယံ ကုန်ကျခဲ့ပါတယ်။

Photo: AP



ကမ္ဘာ့အရှည်ဆုံး တံတားကြီးကို သံမဏိပစ္စည်းများ တန်ချိန် ၄၂၀,၀၀၀ အသုံးပြုတည်ဆောက်ထားပြီး ထိုပမာဏဟာ ပြင်သစ်နိုင်ငံ ပါရီမြို့ရှိ ကမ္ဘာကျော် အီဖယ်မျှော်စင် (Eiffle Tower) အရေအတွက် ၆၀ တည်ဆောက်နိုင်တယ်လို့ ဆိုပါတယ်။

တံတားကြီးကို ရစ်(ခ်)တာစကေး ၈ အဆင့်ရှိတဲ့ ငလျင်၊ စူပါတိုင်ဖွန်းမုန်တိုင်းနဲ့ အလွန်ကြီးမားတဲ့ ပင်လယ်ကူး သင်္ဘောကြီးများ ဝင်တိုက်မှုကိုခံနိုင်ရည်ရှိရန် တည်ဆောက်ထားပါတယ်။



ကမ္ဘာ့အရှည်ဆုံး တံတားကြီးဟာ ဟောာင်ကောင်၊ မကာအိုနဲ့ တရုတ်ပြည်မကြီးမှ မြို့ ၉ မြို့ အပါအဝင် စုစုပေါင်း မြို့ ၁၁ မြို့နဲ့ လူဦးရေ ၆၈ သန်းအတွက် ခရီးသွားလာမှုကို လွှမ်းခြုံသက်ရောက်မှုရှိကြောင်း သိရပါတယ်။

ဟောင်ကောင်-ဇူဟိုင်း-မကာအို တံတားကြီးကို နှစ်ပေါင်း ၁၂၀ သက်တမ်းအထိ အသုံးပြုနိုင်မယ်လို့ တရုတ်အာဏာပိုင်တွေက မျှော်လင့်ထားပါတယ်။

[No available link text] 

Source: AFP, Daily Mail, CGTN


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က