ပါဆယ်ထုပ်များအတွင်း ပေါက်ကွဲစေနိုင်တဲ့ပစ္စည်း ပါဝင်နေမှုကို ကျွမ်းကျင်သူတွေက စစ်ဆေးတွေ့ရှိခဲ့ကြပါတယ်။

အမေရိကန်သမ္မတဟောင်း ဘီလ်ကလင်တန်နဲ့ ဇနီးဖြစ်သူ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီ ကလင်တန်တို့ရဲ့ နေအိမ်၊ အမေရိကန်သမ္မတဟောင်း ဘာရတ်အိုဘားမားတို့ရဲ့ နေအိမ်များသို့ ပေါက်ကွဲစေနိုင်တဲ့ပစ္စည်းများ ပေးပို့ခဲ့မှုကို ကြားဖြတ်ဟန့်တား ဖော်ထုတ်နိုင်ခဲ့ကြောင်း Secret Service က ပြောပါတယ်။

ဘီလ်ကလင်တန်နှင့် ဟီလာရီ ကလင်တန် (Photo: Andrea Morales/The New York Times)



နယူးယော့ခ်မြို့စွန်ရှိ ဘီလ်နဲ့ဟီလာရီ ကလင်တန်တို့နေအိမ်ကို စာတိုက်မှတစ်ဆင့် ပေါက်ကွဲစေနိုင်တဲ့ပစ္စည်း ပါဆယ်ပေးပို့လိုက်မှုကို ဒေသစံတော်ချိန် အောက်တိုဘာ ၂၃ ရက် နှောင်းပိုင်းမှာ ဖော်ထုတ်နိုင်ခဲ့တယ်လို့ အမေရိကန် Secret Service က သတင်းထုတ်ပြန်ပါတယ်။

ကလင်တန်ဇနီးမောင်နှံ နေအိမ်ရှေ့မြင်ကွင်း (Photo: Reuters)



ကလင်တန်ဇနီးမောင်နှံနဲ့ အိုဘားမားတို့ထံ စာတိုက်ကနေ ပေးပို့လိုက်တဲ့ ပါဆယ်ထုပ်များအတွင်း ပေါက်ကွဲစေနိုင်တဲ့ပစ္စည်း ပါဝင်နေမှုကို ကျွမ်းကျင်သူတွေက စစ်ဆေးဖော်ထုတ် သိရှိနိုင်ခဲ့ကြောင်း Secret Service က ပြောပါတယ်။

အောက်တိုဘာ ၂၃ ရက် နှောင်းပိုင်းမှာ ဟီလာရီကလင်တန်သို့ လိပ်မူထားတဲ့ သံသယဖြစ်ဖွယ် ပေါက်ကွဲစေနိုင်တဲ့ပစ္စည်း ပါဝင်နေတဲ့ ပထမ ပါဆယ်ထုပ်ကို တွေ့ရှိခဲ့ရတာဖြစ်ပါတယ်။

အမေရိကန်သမ္မတဟောင်း အိုဘားမား (Photo: Kyle Grillot/The New York Times)



ထို့နောက် ယနေ့ (အောက်တိုဘာ ၂၄ ရက်) မနက်အစောပိုင်းကလည်း သမ္မတဟောင်းအိုဘားမားထံ လိပ်မူထားတဲ့ ပေါက်ကွဲစေနိုင်တဲ့ပစ္စည်းပါနေတဲ့ ဒုတိယ ပါဆယ်ထုပ်ကို ကြားဖြတ်ဟန့်တား ဖော်ထုတ်နိုင်ခဲ့ကြောင်း ဝါရှင်တန်ဒီစီရှိ Secret Service အဖွဲ့ဝင်က ပြောပါတယ်။

ယခု ဟန့်တားဖော်ထုတ်နိုင်ခဲ့တဲ့ သံသယဖြစ်ဖွယ် ပါဆယ်ထုပ်တွေကို မည်သည့်နေရာမှာ တွေ့ရှိခဲ့ကြောင်းကိုမူ ရှင်းလင်းစွာ မသိရသေးဘူးလို့ BBC သတင်းမှာ ဖော်ပြပါတယ်။ နယူးယော့ခ်မှာ FBI ကလည်း သံသယဖြစ်ဖွယ် ပါဆယ်ထုပ်များတွေ့ရှိရမှုနဲ့ ပတ်သက်ပြီး သတိပြုဆောင်ရွက်နေကြောင်းနဲ့ စုံစမ်းစစ်ဆေးမှုမှာ ကူညီပေးနေကြောင်း ပြောခဲ့ပါတယ်။

ဝါရှင်တန်ဒီစီရှိ အိုဘားမားနေအိမ် (Photo: Getty Images)



ဒါ့အပြင် နယူးယော့ခ်မြို့ရှိ Time Warner အဆောက်အအုံမှာလည်း သံသယဖြစ်ဖွယ် ပါဆယ်ထုပ်တစ်ခု တွေ့ရှိရတာကြောင့် ယနေ့ ရှင်းလင်းရွှေ့ပြောင်းမှုတွေ ပြုလုပ်ခဲ့ရတယ်လို့ ဆိုပါတယ်။ အဆိုပါ အဆောက်အအုံမှာ သတင်းခန်းဖွင့်လှစ်ထားတဲ့ CNN သတင်းဌာနကလည်း သံသယဖြစ်ဖွယ် ပါဆယ်ထုပ်တွေ့ရှိရမှုကြောင့် သတင်းခန်းကို ရွှေ့ပြောင်းမှုလုပ်ခဲ့ရကြောင်း ပြောခဲ့ပါတယ်။

ယခုဖြစ်ရပ်များမတိုင်မီ တနင်္လာနေ့ (အောက်တိုဘာ ၂၂ ရက်) ကလည်း နယူးယော့ခ်မြို့အပြင်ဘက်ရှိ နာမည်ကြီး အမေရိကန်ဘီလျံနာနဲ့ ရင်းနှီးမြှုပ်နှံသူ ဂျော့ဂျ်ဆိုရော့စ်ရဲ့ နေအိမ်စာတိုက်ပုံးအတွင်း ပိုက်လုံးဗုံးတစ်လုံး ရှာဖွေတွေ့ရှိခဲ့သေးကြောင်း သိရပါတယ်။

ဘီလျံနာဂျော့ဂျ်ဆိုရော့စ် (Photo: Olivier Hoslet/EPA/Pool/Anadolu Agency/Getty Images)



ဘီလျံနာသူဌေးကြီး ဆိုရော့စ်ဟာ လစ်ဘရယ်ဝါဒီသမားတွေကို ထောက်ပံ့ကူညီမှုကြောင့် လက်ယာစွန်းရောက် အုပ်စုတွေရဲ့ ပစ်မှတ်ထားဝေဖန်မှုတွေ မကြာခဏ ကြုံခဲ့ရတယ်လို့ ဆိုပါတယ်။

ယခုရက်ပိုင်းအတွင်း တွေ့ရှိခဲ့ရတဲ့ ဖောက်ခွဲရေးပစ္စည်းတွေကို တာဝန်ရှိသူတွေက စနက်တံဖြုတ်ရှင်းလင်းခဲ့ပါတယ်။ အဆိုပါ ဖောက်ခွဲရေးပစ္စည်းတွေကို ပေါက်ကွဲမှုဖြစ်စေနိုင်တဲ့ ယမ်းမှုန့်နဲ့ ဗုံးတစ်လုံးရဲ့ အစိတ်အပိုင်းတို့ဖြင့် ပြုလုပ်ထားကြောင်း စစ်ဆေးတွေ့ရှိရပါတယ်။

ပိုက်လုံးဗုံးတွေ့ရှိခဲ့ရတဲ့ ဂျော့ဂျ်ဆိုရော့စ် နေအိမ်ရှေ့ စာတိုက်ပုံး (Photo: Seth Wenig/AP)



ဘီလ်နဲ့ဟီလာရီကလင်တန် ဇနီးမောင်နှံ၊ အိုဘားမားနဲ့ ဆိုရော့စ်တို့ထံ ဖောက်ခွဲရေးပစ္စည်းများ ပါဆယ်ပေးပို့ပြီး အကြမ်းဖက်တိုက်ခိုက်ရန် လုပ်ဆောင်မှုကို အမေရိကန်သမ္မတအိမ်ဖြူတော် ပြောခွင့်ရအမျိုးသမီး ဆာရာစန်ဒါးစ်က ရှုတ်ချကြောင်း ပြောခဲ့ပါတယ်။

အိမ်ဖြူတော်ပြောခွင့်ရအမျိုးသမီး ဆာရာ (Photo: NICHOLAS KAMM/AFP/Getty Images)



"ဒီ အကြမ်းဖက်သမားတွေရဲ့ လုပ်ရပ်တွေက စက်ဆုပ်ရွံရှာစရာပါ၊ ဒီလုပ်ရပ်အတွက် တာဝန်ရှိသူ မည်သူကိုမဆို ဖော်ထုတ်ဖမ်းဆီးပြီး ဥပဒေအရ အပြင်းထန်ဆုံး အရေးယူသွားမှာ ဖြစ်ပါတယ်၊ Secret Service နဲ့ အခြား ဥပဒေစိုးမိုးရေးဌာနတွေက ဒီကိစ္စကို စုံစမ်းစစ်ဆေးနေပါတယ်၊ သူရဲဘောကြောင်သူတွေရဲ့ ခြိမ်းခြောက်မှုကနေ လူတိုင်းကို ကာကွယ်ဖို့အတွက် သင့်တော်တဲ့ အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်သွားမှာပါ" လို့ အိမ်ဖြူတော် ပြောခွင့်ရအမျိုးသမီးက ဆိုပါတယ်။

- နောက်ဆက်တွဲသတင်းဖတ်ရှုရန်

Source: BBC, RT, CNN, NY Times

 

Share

Loading Next Article...
က္က