ပျက်ကျသွားတဲ့လေယာဉ်ကို ပုံမှန်စီးနေကျသူတစ်ဦး ဖြစ်ပါတယ်။

ဂျကာတာမြို့ရဲ့ နာမည်ဆိုးဖြင့်ကျော်ကြားလှတဲ့ ယာဉ်ကြောပိတ်ဆို့မှုက အင်ဒိုနီးရှား အမျိုးသားတစ်ဦးကို အောက်တိုဘာ ၂၉ ရက် Lion Air ခရီးသည်တင်လေယာဉ်ပျက်ကျမှုမှာ မပါဝင်စေခဲ့ဘဲ အသက်ကယ်ခဲ့သလို ဖြစ်ခဲ့တယ်လို့ အဆိုပါ အမျိုးသားက ဖွင့်ဟပြောခဲ့ပါတယ်။

ယာဉ်ကြောပိတ်ပြီး လေယာဉ်ပျက်မှုမှာ မပါဝင်ခဲ့ဘဲ သေကံမရောက်ခဲ့သူ ဆက်သီယာဝမ် (Photo: AFP)





ထိုအမျိုးသားဟာ လေဆိပ်သို့လာရောက်လမ်းမှာ ယာဉ်ကြောပိတ်ဆို့မှု ကြုံတွေ့ခဲ့ရပြီး လေယာဉ်ထွက်ခွာချိန်ကို မမီခဲ့ဘဲ အလွန်နောက်ကျမှ လေဆိပ်ကိုရောက်ရှိလာခဲ့ပါတယ်။

အင်ဒိုနီးရှား ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဝန်ထမ်းဖြစ်သူ ဆိုနီဆက်သီယာဝမ်ဟာ ပင်လယ်ထဲကိုပျက်ကျသွားတဲ့ Lion Air လေကြောင်းလိုင်းမှ JT610 ခရီးသည်တင်လေယာဉ်မှာ လိုက်ပါမှာဖြစ်ပေမဲ့ ယာဉ်ကြောပိတ်ဆို့မှုကြောင့် လေယာဉ်ကိုမမီခဲ့ဘဲ အသက်ဘေးမှ ကံကောင်းထောက်မစွာ လွတ်မြောက်ခဲ့တာ ဖြစ်ပါတယ်။

Photo: AFP



၎င်းရဲ့ လုပ်ဖော်ကိုင်ဖက်တွေအားလုံးက လေယာဉ်ထွက်ချိန်အမီ ရောက်ရှိခဲ့ကြပေမဲ့ ဆက်သီယာဝမ်ကတော့ နာရီချီကြာမြင့်တဲ့ ယာဉ်ကြောပိတ်ဆို့မှုနဲ့ ကြုံခဲ့ရပြီး JT610 လေယာဉ်ကို မမီခဲ့ပါဘူး။

"ကျွန်တော်က ဒီလေကြောင်းခရီးစဉ် JT610 နဲ့ ပုံမှန်သွားနေကျပါ၊ ကျွန်တော့်သူငယ်ချင်းတွေနဲ့ ကျွန်တော် ဒီလေယာဉ်ကို အမြဲစီးနေကျပါ" လို့ ဆက်သီယာဝမ်က AFP သတင်းဌာနကို ပြောခဲ့ပါတယ်။

Photo: AFP



"ယာဉ်ကြောပိတ်နေတာက ဘာလို့ ဒီလောက်ဆိုးနေခဲ့တာလဲ မသိဘူး၊ ပုံမှန်ဆို ဂျကာတာလေဆိပ်ကို မနက် ၃ နာရီမှာ ကျွန်တော်ရောက်နေကျပါ၊ ဒါပေမဲ့ ဒီမနက်ကျတော့ ယာဉ်ကြောပိတ်တာ တော်တော်ဆိုးခဲ့ပြီး လေဆိပ်ကို မနက် ၆ နာရီ မိနစ် ၂၀ မှ ကျွန်တော်ရောက်ခဲ့ပြီး လေယာဉ်မမီဘဲ ဖြစ်သွားပါတယ်" လို့ ဆက်သီယာဝမ်က သူ့အဖြစ်ကို ပြန်ပြောပြခဲ့ပါတယ်။

ယနေ့ မနက်အစောပိုင်းက ဂျကာတာမှ ထွက်ခွာလာခဲ့ပြီး ၁၃ မိနစ်မျှအကြာမှာ ပင်လယ်ထဲကိုပျက်ကျခဲ့တဲ့ JT610 လေယာဉ်ပေါ်မှာ လိုက်ပါသွားသူအားလုံး သေဆုံးခဲ့ပြီလို့ တာဝန်ရှိသူတွေက သတ်မှတ်ထားခဲ့ပါတယ်။

Photo: BNPB Indonesia



ရှာဖွေကယ်ဆယ်ရေးအဖွဲ့က လေယာဉ်အပျက်အစီးတွေနဲ့ သေဆုံးသူတွေရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ပြန်လည်ဆယ်ယူနေခဲ့ကြပါတယ်။ ယခု လေယာဉ်ပျက်ကျမှုမှာ ဆိုနီက ကံကောင်းစွာဖြင့် မပါဝင်ခဲ့ပေမဲ့ ၎င်းရဲ့သူငယ်ချင်းခြောက်ဦး အပါအဝင် ၁၈၈ ဦးကတော့ ကံမကောင်းခဲ့ကြပါဘူး။

ဆက်သီယာဝမ်က JT610 လေယာဉ်ကို မမီခဲ့တာကြောင့် နောက်လေယာဉ်တစ်စီးဖြင့် Pangkal Pinang မြို့ကို ထွက်ခွာလာခဲ့ပါတယ်။ Pangkal Pinang ကို လေယာဉ်ဆိုက်ရောက်ချိန်ကျမှသာ ၎င်းလွတ်သွားခဲ့တဲ့ JT610 လေယာဉ် ပျက်ကျတဲ့သတင်းကို ဆက်သီယာဝမ် ကြားသိခဲ့ရတာဖြစ်ပါတယ်။

Infographic: Rafa Estrada/CNA



"လေယာဉ်ပျက်ကျတဲ့ သတင်းကြားကြားချင်း ကျွန်တော် ငိုခဲ့တယ်၊ အဲဒီလေယာဉ်ပေါ်မှာ ကျွန်တော့်သူငယ်ချင်းတွေ လိုက်ပါသွားတာ ကျွန်တော်သိတယ်" လို့ ဆက်သီယာဝမ်က ယူကြုံးမရစွာဖြင့် ပြောရှာပါတယ်။ JT610 လေယာဉ်ပျက်ကျတဲ့ သတင်းကြားပြီးနောက် ဆက်သီယာဝမ်ရဲ့ မိသားစုဟာ ထိတ်လန့်ခဲ့ကြပေမဲ့ ၎င်းက ဘေးကင်းကြောင်း ဖုန်းဆက်ပြောခဲ့တယ်လို့ ဆိုပါတယ်။

Photo: AFP



အင်ဒိုနီးရှား တန်ဖိုးနည်းလေကြောင်းလိုင်း Lion Air မှ Boeing 737 MAX 8 အမျိုးအစား လေယာဉ်ဟာ ဂျကာတာလေဆိပ်ကနေ အောက်တိုဘာ ၂၉ ရက် မနက် ၆ နာရီ ၂၀ မိနစ်မှာ ထွက်ခွာလာခဲ့ပြီး Pangkal Pinang မြို့သို့ တစ်နာရီကြာ ခရီးစဉ်ပျံသန်းနေစဉ် ပင်လယ်ထဲကိုပျက်ကျခဲ့တာ ဖြစ်ပါတယ်။

အဆိုပါလေယာဉ်ဟာ အသစ်တစ်စီးဖြစ်ပြီး ပျက်ကျရတဲ့အကြောင်းရင်းကို မသိရသေးပါဘူး။ စုံစမ်းစစ်ဆေးသူတွေက လေယာဉ်ပျံသန်းမှု မှတ်တမ်းတင်ကိရိယာနဲ့ လေယာဉ်မှူအခန်းမှ အသံဖမ်းကိရိယာတို့ကနေ အချက်အလက်များကို ရယူနိုင်ရန် လုပ်ဆောင်နေကြောင်း AFP သတင်းမှာ ဖော်ပြထားပါတယ်။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က