ကမ္ဘာလှည့်ခရီးသွားတွေကို ဆွဲဆောင်နိုင်တဲ့ အဓိကနေရာတစ်ခု ဖြစ်လာမယ်လို့လည်း ဝန်ကြီးချုပ်မိုဒီက ဆိုပါတယ်။

အိန္ဒိယနိုင်ငံမှ ကမ္ဘာ့အမြင့်ဆုံး ရုပ်တုကြီးကို အောက်တိုဘာ ၃၁ ရက်မှာ အခမ်းအနားဖြင့် စတင်ဖွင့်လှစ်လိုက်ပြီ ဖြစ်ပါတယ်။ ပေ ၆၀၀ မြင့်တဲ့ အဆိုပါ ရုပ်တုကြီးကို အိန္ဒိယလွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့တဲ့ သူရဲကောင်းတစ်ဦးဖြစ်သူ ဆာဒါး ဗဲလ်လက်ဘ်ဘိုင် ပတ်တဲလ် (Sadar Vallabhbhai Patel) အထိမ်းအမှတ်အဖြစ် ဂူဂျာရတ်ပြည်နယ်မှာ တည်ဆောက်ခဲ့ပါတယ်။

ဖွင့်ပွဲအခမ်းအနားနေ့က တွေ့ရသည့် ဆာဒါးရုပ်တုကြီး (Photo: Hindustan Times)





ရုပ်တုကြီးကို ဝန်ကြီးချုပ်မိုဒီက အခမ်းအနားဖြင့် ဖွင့်လှစ်ပေးခဲ့ပြီး စည်းလုံးခြင်းရုပ်တု 'Statue of Unity' လို့ ညွန်းဆိုပြောကြားခဲ့ပြီး ကမ္ဘာလှည့်ခရီးသွားတွေကို ဆွဲဆောင်နိုင်တဲ့ အဓိကနေရာတစ်ခု ဖြစ်လာမယ်လို့လည်း ၎င်းကဆိုပါတယ်။

သို့သော် ဒေသခံတွေကတော့ ဆာဒါးရုပ်တုကြီး တည်ဆောက်ခြင်းဟာ ပြည်သူ့ဘဏ္ဍာကို ဖြုန်းတီးမှုဖြစ်ပြီး အဆိုပါ ရုပ်တုကြီးတည်ဆောက်ကုန်ကျစရိတ်ကို အခြား ပိုမိုသင့်တော်တဲ့ နေရာတွေမှာသုံးနိုင်ကြောင်း ဝေဖန်ပြောဆိုကြပါတယ်။

ဆာဒါးရုပ်တုကြီး တည်ဆောက်မှုကုန်ကျစရိတ်ဟာ အမေရိကန်ဒေါ်လာ သန်း ၄၃၀ (အိန္ဒိယရူပီး ၂၉.၉ ဘီလီယံ) ဖြစ်ပြီး ဝန်ကြီးချုပ်မိုဒီ စိတ်ကြိုက်စီမံကိန်းတစ်ခု ဖြစ်တယ်လို့ဆိုပါတယ်။

ဆာဒါးရုပ်တုဖွင့်ပွဲအခမ်းအနားမှာ တွေ့ရသည့် ဝန်ကြီးချုပ်မိုဒီ (Photo: Indian Express)



ဆာဒါးရုပ်တုကြီး ဖွင့်ပွဲအခမ်းအနားမှာ အိန္ဒိယလေတပ်မှ လေယာဉ်တွေက ရုပ်တုပေါ်သို့ ပန်းများကြဲချခဲ့ကြပါတယ်။ ဆာဒါးရုပ်တုကြီးကို အိန္ဒိယပန်းပုပညာရှင် ရမ်ဗွီဆူတာက ပုံစံထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။

ကမ္ဘာ့အမြင့် ရုပ်တုကြီးဖွင့်ပွဲအခမ်းအနား ကျင်းပရာနေရာတဝိုက်မှာ ထောင်နဲ့ချီအရေအတွက်ရှိ ရဲတပ်ဖွဲ့ဝင်တွေကို အသင့်ချထားခဲ့ပြီး ဆန္ဒပြသူတွေက ရုပ်တုကြီး တည်ဆောက်ထားရှိမှုကို ကန့်ကွက်ဆန္ဒပြရာမှ အကြမ်းဖက်မှုတွေ ပေါ်ပေါက်ခဲ့ကြောင်း သိရပါတယ်။

ဆာဒါးရုပ်တုကြီး တည်ဆောက်ခဲ့စဉ် (Photo: Indian Express)



ရဲတပ်ဖွဲ့က ဆန္ဒပြရာမှာ ပါဝင်ခဲ့ကြတဲ့ လယ်သမားတွေနဲ့ မျိုးနွယ်စုအရေ တက်ကြွလှုပ်ရှားသူတွေကို ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ ဒေသခံသတင်းတွေက ပြောပါတယ်။

ဆာဒါးရုပ်တုကြီး တည်ဆောက်ထားရှိမှုနဲ့ ပတ်သက်ပြီး ၎င်းတို့ရဲ့ လယ်ယာမြေတွေကို ရုပ်တုတည်ဆောက်ရန် အပါအဝင် စီမံကိန်းအမျိုးမျိုးအတွက် အစိုးရက သိမ်းယူခံရတဲ့ ဒေသခံလယ်သမားတွေ ကန့်ကွက်ခဲ့ကြပါတယ်။ ဒေသခံ လယ်သမားတွေက လယ်ယာမြေဆုံးရှုံးရမှုအတွက် လျော်ကြေးတောင်းဆိုထားကြပါတယ်။

စည်းလုံးခြင်းရုပ်တုအဖြစ် ညွန်းဆိုထားသည့် ဆာဒါးရုပ်တု အဝေးမှမြင်တွေ့ရစဉ် (Photo: @PMOIndia/ Twitter)



ဆာဒါးရုပ်တုကြီး တည်ဆောက်မှုကုန်ကျစရိတ်ကို ဂူဂျာရတ်ပြည်နယ် အစိုးရက ထက်ဝက်ကျော်ကျခံခဲ့ပြီး ကျန်ထက်ဝက်ခန့်ကိုတော့ ပြည်ထောင်စုအစိုးရနဲ့ အများပြည်သူ လှူဒါန်းငွေတို့ဖြင့် သုံးစွဲခဲ့တယ်လို့ ဆိုပါတယ်။

အိန္ဒိယနိုင်ငံမှ ဆာဒါးရုပ်တုကြီးမတိုင်မီ လက်ရှိ ကမ္ဘာ့အမြင့်ဆုံးမှာ တရုတ်နိုင်ငံရှိ ဉာဏ်တော် ၄၁၉.၉ ပေရှိတဲ့ ဗုဒ္ဓရုပ်ပွားတော် (Spring Temple Buddha) ဖြစ်တယ်လို့ သိရပါတယ်။

Infographic: BBC

ကြေးညိုဖုံးထားတဲ့ ဆာဒါးရုပ်တုကြီးကို ၂၀၁၃ ခုနှစ်မှာ စတင်တည်ဆောက်ခဲ့ပြီး အမေရိကန်နိုင်ငံ နယူးယော့ခ်မြို့ရှိ လွတ်လပ်ရေးရုပ်တု 'Statue of Liberty' ထက် နှစ်ဆနီးပါး ပိုမြင့်ကြောင်းလည်း သိရပါတယ်။ ရုပ်တုကြီးရဲ့ ရင်ဘတ်နေရာအနီး ၅၀၁ ပေအမြင့်မှာ ပတ်ဝန်းကျင်ရှုခင်းကြည့် နေရာတစ်ခုလည်း ပါဝင်ပါတယ်။

ဆာဒါးရုပ်တုကြီးနဲ့ ကပ်လျက်နေရာမှာ စားသောက်ဆိုင်နဲ့ အစည်းအဝေးခန်းမတွေ ပါဝင်တဲ့ အခန်း ၁၂၈ ခန်းပါ ကြယ်သုံးပွင့်အဆင့် ဟိုတယ်တစ်ခုလည်း တည်ဆောက်ထားမယ်လို့ ဆိုပါတယ်။ အမျိုးသားရေးဝါဒီဖြစ်တဲ့ ဆာဒါးကို အိန္ဒိယရဲ့သံလူသား 'Iron Man of India' လို့လည်း သိထားကြပါတယ်။

ရုပ်တုကြီးတည်ဆောက်ခဲ့စဉ် မြင်ကွင်းတစ်ခု (Photo: India Today)



လွတ်လပ်ရေးရပြီးနောက် ဆာဒါးက ရန်ငြိုးရန်စတွေ များပြားနေခဲ့တဲ့ ပြည်နယ်တွေကို စည်းလုံးညွတ်ညွတ်စေပြီး အိန္ဒိယနိုင်ငံရဲ့ အစိတ်အပိုင်းများ ဖြစ်လာစေခဲ့ပါတယ်။ ဆာဒါးဟာ ၁၉၄၇ ခုနှစ်မှာ အိန္ဒိယနိုင်ငံ လွတ်လပ်ရေးရခဲ့ပြီးနောက် လက်ထောက်ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့ပါတယ်။

Source: India Express, BBC


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က