မီးတောက်အမြင့် ပေ ၅၀ အထိရှိခဲ့ပါတယ်။

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်မြောက်ပိုင်းရှိ မြို့တစ်မြို့မှာ တောမီးများ ကူးစက်လောင်ကျွမ်းခဲ့မှုအတွင်း လူသေဆုံးမှုများရှိခဲ့ပြီး ရာနဲ့ချီ အရေအတွက်ရှိတဲ့ နေအိမ်များ မီးလောင်ပျက်စီးခဲ့ပါတယ်။



a-home-is-engulfed-in-flames-during-the-camp-fire-in-paradise-1.jpg

ကြာသပတေးနေ့ (နိုဝင်ဘာ ၈ ရက်) က လောင်ကျွမ်းခဲ့တဲ့ တောမီးရဲ့ မီးတောက်အမြင့် ပေ ၅၀ အထိရှိခဲ့ကြောင်းနဲ့ ဒေသခံ သောင်းနဲ့ချီပြီး မီးဘေးလွတ်ရာသို့ ထွက်ပြေးခဲ့ကြရကြောင်း အာဏာပိုင်တွေနဲ့ Rueters သတင်းဌာနမှ မျက်မြင်တွေ့ရှိသူက ပြောပါတယ်။

လေပြင်းတိုက်မှုနဲ့ ခြောက်သွေ့တဲ့ ရာသီဥတုအခြေအနေကြောင့် ပါရာဒိုက်စ်မြို့လေးတစ်လျှောက် တောမီးများ လျင်မြန်စွာ ကူးစက်လောင်ကျွမ်းခဲ့ပါတယ်။



တောမီးကြောင့် အဆိုပါမြို့ရှိ ဆေးရုံတစ်စိတ်တစ်ပိုင်း လောင်ကျွမ်းပျက်စီးခဲ့ပြီး လူနေအိမ်နဲ့ အခြားအဆောက်အအုံ ၁,၀၀၀ ကျော်လည်း ပျက်စီးသွားခဲ့ကြောင်း မြို့အာဏာပိုင်တွေက ပြောပါတယ်။

"လူအချို့ သေဆုံးတဲ့သတင်းရထားပါတယ်၊ ဒါပေမဲ့ အခုထိတော့ ဒီသတင်းတွေကို အတည်မပြုရသေးပါဘူး" လို့ Butte County ရဲတပ်ဖွဲ့အကြီးအကဲ Kory Honea က သတင်းစာရှင်လင်းပွဲမှာ ပြောခဲ့ပါတယ်။ Butte County မီးသတ်ဌာနအကြီးအကဲ Darren Read က အရပ်သားတွေနဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေ ထိခိုက်ဒဏ်ရာရမှု ရှိခဲ့တယ်လို့ အတည်ပြုခဲ့ပါတယ်။



လက်ရှိ လောင်ကျွမ်းနေတဲ့တောမီးဟာ တစ်နာရီလျှင် ၃၅ မိုင်နှုန်းဖြင့် တိုက်ခတ်နေတဲ့ လေတိုက်နှုန်းအရ လူဦးရေ ၉၃,၀၀၀ နေထိုင်ကြတဲ့ Chico မြို့ငယ်လေးကို ကူးစက်လောင်ကျွမ်းနိုင်တဲ့ အန္တရာယ်ရှိနေကြောင်းလည်း ၎င်းက ဖြည့်စွက်ပြောပါတယ်။


တောမီးလောင်မှုဟာ နိုဝင်ဘာ ၈ ရက် မနက်အစောပိုင်းမှာ စတင်ခဲ့ပြီး မြေဧက ၁၈,၀၀၀ ကို လျင်မြန်စွာ လောင်ကျွမ်းသွားခဲ့ကြောင်းနဲ့ ဆန်ဖရန်စစ္စကို အရှေ့မြောက်ဘက် မိုင် ၁၅၀ အကွာရှိ ပါရာဒိုက်စ်မြို့မှ လူဦးရေ ၂၇,၀၀၀ ဘေးကင်းရာသို့ ရွှေ့ပြောင်းခဲ့ရကြောင်း ကယ်လီဖိုးနီးယား သစ်တောနဲ့မီးဘေးကာကွယ်ရေး ဌာနက သတင်းထုတ်ပြန်ကြောင်း Reuters က ဖော်ပြထားပါတယ်။

ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က