လေယာဉ်ကြီးကို တရုတ်အရှေ့မြောက်ပိုင်းရှိ စိုက်ခင်းတွေ ပတ်လည်ဝိုင်းနေတဲ့ မြေကွက်နေရာမှာ တွေ့မြင်နိုင်ပါတယ်။

တရုတ်နိုင်ငံမှ ကြက်သွန်စိုက် တောင်သူလယ်သမားကြီးတစ်ဦးဟာ လေယာဉ်မောင်းနှင်ပျံသန်းချင်တဲ့ သူ့ရဲ့အိပ်မက်ကို လက်တွေ့ အကောင်အထည် မဖော်နိုင်တော့ကြောင်း သဘောပေါက်သွားခဲ့ပြီးနောက် ထိုအစား လေယာဉ်တစ်စီးတည်ဆောက်ရန် ဆုံးဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။





လယ်သမားကြီး Zhu Yue က Airbus A320 လေယာဉ်နဲ့ အရွယ်အစားတူညီတဲ့ ပုံတူလေယာဉ်ကြီးကို တည်ဆောက်ခဲ့ပြီး အောက်တိုဘာလကုန်ပိုင်းမှာ အပြီးသတ်လုနီးခဲ့ပြီလို့ သိရပါတယ်။ Zhu တည်ဆောက်ထားတဲ့ လေယာဉ်ကြီးကို တရုတ်အရှေ့မြောက်ပိုင်းရှိ စိုက်ခင်းတွေ ပတ်လည်ဝိုင်းနေတဲ့ မြေကွက်နေရာမှာ တွေ့မြင်နိုင်ပါတယ်။

လေယာဉ်မောင်းနှင်ပျံသန်းဖို့ အိပ်မက်ရှိခဲ့ဖူးတဲ့ တောင်သူကြီး Zhu ဟာ အလယ်တန်းပညာကို ဆုံးခန်းတိုင်အောင် မသင်ကြားခဲ့ရဘဲ ကြက်သွန်နီနဲ့ ကြက်သွန်ဖြူ စိုက်ပျိုးရေးအလုပ်တွေ လုပ်ခဲ့ရပါတယ်။ ထို့နောက် Zhu က Kaiyuan မြို့ငယ်လေးရှိ စက်ရုံတစ်ရုံမှာ ဂဟေဆော်တဲ့အလုပ်ကို ရွှေ့ပြောင်းလုပ်ကိုင်ခဲ့ပါတယ်။



ယမန်နှစ်မှာတော့ Zhu Yue သူ့ရဲ့ဘဝမှာ လေယာဉ်တစ်စီးကို မောင်းနှင်ပျံသန်းခွင့် မရနိုင်တော့ကြောင်း နားလည်သဘောပေါက်သွားခဲ့တယ်လို့ ဆိုပါတယ်။

"ကျွန်တော့်အခု သက်လတ်ပိုင်းအရွယ် ရောက်လာခဲ့ပါပြီ၊ လေယာဉ်တစ်စီး မဝယ်နိုင်တော့ဘူးဆိုတာ ကျွန်တော် သိလိုက်ပါပြီ၊ ဒါပေမဲ့ အဲဒီအစား လေယာဉ်တစ်စီးတော့ ကျွန်တော် တည်ဆောက်နိုင်တယ်လေ" လို့ သူက AFP သတင်းဌာနကို ပြောပါတယ်။



လေယာဉ်မောင်းဖို့ အိပ်မက်မက်ခဲ့ဖူးတဲ့ တောင်သူကြီး Zhu က လေယာဉ်တည်ဆောက်ရေး သူ့ရဲ့စီမံကိန်းအတွက် ယွမ်ငွေ ၂.၆ သန်း (အမေရိကန်ဒေါ်လာ ၃၇၄,၀၀၀) အကုန်အကျခံခဲ့ပြီး Airbus A320 လေယာဉ်ပုံစံတူ ကစားစရာလေယာဉ်နဲ့ တည်ဆောက်ရေးလုပ်ငန်းကို စတင်ခဲ့တယ်လို့ ဆိုပါတယ်။

အွန်လိုင်းမှ Airbus A320 ဓာတ်ပုံများ၊ ကစားစရာ အရုပ်လေယာဉ်ရဲ့ အချိုးကျပုံစံတူ အတိုင်းအတာများကို လေ့လာကာ အမှားအယွင်းတွေ အကြိမ်ကြိမ် ကြုံခဲ့ရပြီးနောက်မှာတော့ Zhu ဟာ သံမဏိ တန်ချိန် ၆၀ အသုံးပြုပြီး လေယာဉ်တည်ဆောက်မှုကို လုပ်ဆောင်နိုင်ခဲ့ပါတယ်။



၎င်းကဲ့သို့ပင် လေယာဉ်ဝါသနာပါသူ အလုပ်သမားငါးဦးကလည်း Zhu Yue ကို ကူညီပေးခဲ့ကြပါတယ်။ "သူတို့က ဝင်ငွေလည်းရပြီး အခြားတစ်ဖက်မှာလည်း သူတို့ရဲ့အိပ်မက်တွေကို ဖြည့်ဆည်းနိုင်တာပေါ့" လို့ Zhu က ပြောပါတယ်။

Zhu တည်ဆောက်ထားတဲ့ လေယာဉ်ကြီးကို မောင်းနှင်ပျံသန်းမှာ မဟုတ်ပေမဲ့ စားသောက်ဆိုင်အဖြစ် ဖွင့်လှစ်သွားမယ်လို့ သူက ဆုံးဖြတ်ထားပါတယ်။



"လာရောက်စားသောက်သူတွေအတွက် ကျွန်တော်တို့က ကော်ဇောနီခင်းပေးထားမှာပါ၊ ဒီတော့ လူတိုင်းက နိုင်ငံ့ခေါင်းဆောင်တစ်ယောက်အဖြစ် ခံစားကြရမှာပေါ့" လို့ Zhu Yue က ဆိုပါတယ်။

လေယာဉ်မောင်းနှင် ပျံသန်းချင်တဲ့အိပ်မက်ကို အကောင်အထည်မဖော်နိုင်တော့ပေမဲ့ သူ တည်ဆောက်ထားတဲ့ လေယာဉ်စားသောက်ဆိုင်မှာ မကြာမီ စားသုံးသူတွေနဲ့ ပြည့်နေလိမ့်မယ်လို့ Zhu က မျှော်လင့်ထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က