မဲလ်ဘုန်းမြို့လယ်ကို ရဲတပ်ဖွဲ့က ပိတ်ဆို့ထားခဲ့ပါတယ်။

သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့လယ်ရှိ လမ်းသွားလမ်းလာနဲ့ ဈေးဝယ်သူများဖြင့် စည်ကားတဲ့နေရာမှာ အမျိုးသားတစ်ဦးက ဓားဖြင့်တိုက်ခိုက်မှုကြောင့် လူတစ်ဦးသေဆုံးပြီး အခြားနှစ်ဦး ဒဏ်ရာရခဲ့ပါတယ်။ မဲလ်ဘုန်းမြို့လယ်ခေါင်မှာ ယနေ့ (နိုဝင်ဘာ ၉ ရက်) ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်အတွင်း ကားတစ်စီး မီးလောင်ခဲ့ကြောင်း သိရပါတယ်။



"ရဲတပ်ဖွဲ့က မြို့လယ်ခေါင်မှာ ကားတစ်စီး မီးလောင်နေတယ်လို့ သတင်းရတာကြောင့် သွားရောက်ခဲ့ပါတယ်၊ အဲဒီမှာပဲ အမျိုးသားတစ်ဦးကို ဖမ်းဆီးခဲ့ပြီး အပြင်းအထန်ဒဏ်ရာနဲ့ ဆေးရုံကိုပို့ဆောင်ခဲ့ပါတယ်၊ သူ့ကို ရဲအစောင့်အရှောက်နဲ့ ဆေးရုံမှာကုသပေးနေပါတယ်" လို့ ဗစ်တိုးရီးယားပြည်နယ် ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ယခုဖြစ်ရပ်အတွင်း လူအချို့ ဓားဒဏ်ရာရခဲ့ပြီး ကုသမှုခံယူခဲ့ရပြီး တစ်ဦးသေဆုံးခဲ့ကြောင်းလည်း ရဲတပ်ဖွဲ့က အတည်ပြုထားပါတယ်။ နောက်ထပ် အသေးစိတ် အချက်အလက်တွေကိုတော့ ရဲတပ်ဖွဲ့က ထုတ်ပြန်ခြင်းမရှိသေးပါဘူး။





Twitter မှာတင်ထားတဲ့ ဗီဒီယိုတစ်ခုမှာတော့ အမျိုးသားတစ်ဦးက ဓားတစ်လက်ဖြစ်ဖွယ်ရှိတဲ့အရာနဲ့ ရဲအရာရှိနှစ်ဦးကို ဝှေ့ရမ်းတိုက်ခိုက်ဟန်ပြုနေခဲ့ပါတယ်။

ထို့နောက် ရဲအရာရှိတစ်ဦးက ၎င်းရဲ့သေနတ်ကို ဆွဲထုတ်လိုက်ပြီးနောက် သေနတ်သံတစ်ချက် ကြားလိုက်ရကာ အဆိုပါ အမျိုးသားဟာ ရင်ဘတ်ကိုဖိရင်း မြေပြင်မှာလဲကျနေခဲ့တာ တွေ့ရပါတယ်။ ဒဏ်ရာရခဲ့သူတွေကို အခင်းဖြစ်နေရာမှာ ကုသပေးခဲ့ကြောင်း ဗစ်တိုးရီးယား အရေးပေါ်ဌာနက ပြောခဲ့ပါတယ်။



Reuters သတင်းဌာနမှ မျက်မြင်တစ်ဦးရဲ့ အဆိုအရ မဲလ်ဘုန်းမြို့လယ်ကို ရဲတပ်ဖွဲ့က ပိတ်ဆို့ထားပြီး ဒါဇင်နဲ့ချီ အရေအတွက်ရှိတဲ့ ရဲအရာရှိများ စောင့်ကြပ်နေကြောင်း သိရပါတယ်။ ယခုဖြစ်ရပ်ဟာ အကြမ်းဖက်မှုနဲ့ ဆက်နွယ်နေခြင်းရှိ မရှိ အတိအကျ မသိရသေးပါဘူး။

ထပ်မံသိရှိရတဲ့ သတင်းအရ မဲလ်ဘုန်းမြို့လယ် ဓားဖြင့်တိုက်ခိုက်မှုကို အကြမ်းဖက်မှုအဖြစ် သတ်မှတ်ဆောင်ရွက်နေကြောင်းနဲ့ တိုက်ခိုက်သူဟာ ဆေးရုံမှာ သေဆုံးသွားခဲ့ကြောင်း သိရပါတယ်။

သြစတြေးလျဟာ ၂၀၁၅ ခုနှစ်မှစပြီး အရှေ့အလယ်ပိုင်းမှာ သွားရောက်တိုက်ခိုက်ခဲ့ပြီး ပြန်လည်ရောက်ရှိလာကြတဲ့ ပြည်တွင်းအစွန်းရောက်တွေရဲ့ အကြမ်းဖက်တိုက်ခိုက်မှုအန္တရာယ် သတိပေးချက် တိုးမြှင့်ထားခဲ့ပါတယ်။



မဲလ်ဘုန်းမြို့လယ်မှာ ၂၀၁၇ ခုနှစ် ဇန်နဝါရီလအတွင်းက အမျိုးသားတစ်ဦက ၎င်းရဲ့ကားကို အရှိန်မြှင့်မောင်းနှင်လာပြီး လမ်းသွားလမ်းလာတွေကို ဝင်တိုက်ခဲ့မှု ဖြစ်ပွားခဲ့ဖူးပြီး လူ ၆ ဦး သေဆုံးကာ ၃၆ ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။ အဆိုပါဖြစ်ရပ်မှာ အကြမ်းဖက်မှုနဲ့ ဆက်နွယ်ခြင်းမရှိကြောင်း သြစတြေးလျအာဏာပိုင်တွေက အတည်ပြု ပြောခဲ့ပါတယ်။

မဲလ်ဘုန်းမြို့ (Melbourne) အချက်အလက်အချို့

- ၁၈၃၅ ခုနှစ် သြဂုတ်လ ၃၀ ရက်မှာ မြို့စတည်ခဲ့ပါတယ်။

- သြစတြေလျးနိုင်ငံ ဗစ်တိုးရီးယားပြည်နယ်ရဲ့ မြို့တော်နဲ့ လူဦးရေအထူထပ်ဆုံး နေထိုင်တဲ့ မြို့ဖြစ်ပါတယ်။

- သြစတြေလျးမှာ ဒုတိယ လူဦးရေအထူထပ်ဆုံး မြို့ဖြစ်ပါတယ်။

- ၂၀၁၅ ခုနှစ် စာရင်းအရ လူဦးရေ ၄.၅ သန်းကျော် ရှိပါတယ်။

- မဲလ်ဘုန်းမြို့ဟာ ပညာရေး၊ ဖျော်ဖြေရေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ သုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်မှု၊ ခရီးသွားလုပ်ငန်းနဲ့ အားကစားကဏ္ဍတွေမှာ အဆင့်အတန်း မြင့်မားကောင်းမွန်ပါတယ်။

- ၂၀၁၆ ခုနှစ်မှာ ကမ္ဘာ့နေချင်စဖွယ် အကောင်းဆုံးမြို့အဖြစ် ၆ နှစ်ဆက်တိုက် သတ်မှတ်ဖော်ပြခံခဲ့ရပါတယ်။

- မဲလ်ဘုန်းမြို့ဟာ အာရှပစိဖိတ်ဒေသရဲ့ ငွေကြေးဈေးကွက်မှာလည်း ဦးဆောင်နေပါတယ်။

Source & Photo: Reuters, abc.net.au, BBC


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က