နယ်စပ်တစ်လျှောက်ရှိ ကင်းစခန်း ၁၀ ခုစီ ဖျက်သိမ်းသွားမှာ ဖြစ်ပါတယ်။

တောင်နဲ့မြောက် ကိုရီးယားနှစ်နိုင်ငံက နယ်စပ်မျဉ်းတစ်လျှောက် ကင်းစခန်း ၂၀ ကို နိုဝင်ဘာ ၁၁ ရက်မှစပြီး ဖျက်သိမ်းနေပြီလို့ ဆိုပါတယ်။ အောက်တိုဘာလကုန်ပိုင်းမှာ နှစ်နိုင်ငံသဘောတူညီခဲ့မှုအရ တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယားတို့ဟာ နယ်စပ်မျဉ်းတစ်လျှောက်ရှိ ၎င်းတို့ရဲ့ ကင်းစခန်း ၁၀ ခုစီကို ဖျက်သိမ်းနေတာ ဖြစ်ပါတယ်။

နယ်စပ်ဒေသရှိ တောင်ကိုရီးယား စစ်တပ်ကင်းစခန်းတစ်ခု



နှစ်နိုင်ငံကို ပိုင်းခြားထားတဲ့ စစ်မဲ့ဇုန်အတွင်း နယ်စပ်မျဉ်းတစ်လျှောက်မှာ ကင်းစခန်းတွေကို နိုဝင်ဘာ ၁၁ ရက်နေ့က စတင်ဖျက်သိမ်းနေပြီလို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနကို ကိုးကားပြီး ယွန်ဟပ်သတင်းဌာနက ဖော်ပြပါတယ်။

ကျန်ရှိတဲ့ နယ်စပ်တစ်လျှောက်မှာ တောင်ကိုရီးယားက အလားတူ ကင်းစခန်း ၆၀ ဝန်းကျင်ရှိနေသေးပြီး မြောက်ကိုရီးယားကလည်း ကင်းစခန်း ၁၆၀ ခန့်ရှိတယ်လို့ ယွန်ဟပ်သတင်းက ပြောပါတယ်။

နယ်စပ်ရှိ ပန်မွန်ဂျန်ကျေးရွာဟာ တောင်နဲ့မြောက် ကိုရီးယားနှစ်နိုင်ငံမှ စစ်သားများနဲ့ အမေရိကန်ဦးဆောင်တဲ့ ကုလသမဂ္ဂတပ်ဖွဲ့တွေ မျက်နှာချင်းဆိုင် စောင့်ကြပ်နေကြတဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။

ပန်မွန်ဂျန်ကျေးရွာမှာ စောင့်ကြပ်နေသည့် စစ်သားများ



ကိုရီးယားနှစ်နိုင်ငံကြား ဆက်ဆံရေး တိုးတက်ကောင်းမွန်လာမှုအရ ပြီးခဲ့တဲ့လအတွင်း ပန်မွန်ဂျန်ရှိ လက်နက်တွေနဲ့ ကင်းစခန်းတွေကို ဖယ်ရှားခဲ့ပါတယ်။ ထို့နောက် အဆိုပါနေရာမှာ တစ်နိုင်ငံစီမှ လက်နက်ကိုင်ဆောင်ထားခြင်းမရှိတဲ့ အမှုထမ်း ၃၅ ဦးကို ထားရှိကြောင်း သိရပါတယ်။

အောက်တိုဘာလ အစောပိုင်းမှာလည်း ကိုရီးယားနှစ်နိုင်ငံမှ တပ်ဖွဲ့တွေက နယ်စပ်တစ်လျှောက် ချထားခဲ့ကြတဲ့ မြေမြှုပ်မိုင်း ၈၀၀,၀၀၀ ခန့်ကို ဖယ်ရှားရှင်းလင်းမှုတွေ စတင် လုပ်ဆောင်ခဲ့ကြပါတယ်။

ကင်မ်ဂျုံအန်နဲ့ မွန်ဂျေအင်းကို နယ်စပ်ပိုင်းခြားထားသည့် နေရာမှာတွေ့ရစဉ်



တောင်နဲ့မြောက် ကိုရီးယားနှစ်နိုင်ငံဟာ ၁၉၅၀ ခုနှစ်မှာ စစ်ပွဲစတင်ဖြစ်ပွားခဲ့ပြီး ၁၉၅၃ ခုနှစ်မှာ စစ်ပွဲရပ်ဆိုင်းခဲ့ပေမဲ့ နှစ်နိုင်ငံကြား ငြိမ်းချမ်းရေးသဘောတူညီချက်ကို လက်မှတ်ရေးထိုးနိုင်ခြင်း မရှိသေးပါဘူး။

တောင်နဲ့မြောက် ကိုရီးယားနှစ်နိုင်ငံ ယခုနှစ်အစောပိုင်းမှစပြီ ဆက်ဆံရေး တိုးတက်လာခဲ့ပြီးနောက် တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းနဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်တို့ရဲ့ သမိုင်းဝင် ထိပ်သီးဆွေးနွေးပွဲကိုလည်း ဧပြီလအတွင်း နှစ်နိုင်ငံနယ်စပ် တောင်ကိုရီးယားဘက်မှာ ပြုလုပ်ခဲ့ကြပါတယ်။

Share

Loading Next Article...
က္က