သခင်ဖြစ်သူက ကားတိုက်ခံရပြီး သေဆုံးခဲ့ပါတယ်။

သခင်ဖြစ်သူ ကားတိုက်ခံရပြီး သေဆုံးခဲ့တဲ့ လမ်းမတစ်နေရာ ရက်ပေါင်း ၈၀ ကျော်ကြာ နေပူမိုးရွာမရှောင် နေ့စဉ်လာရောက် စောင့်ဆိုင်းနေခဲ့တဲ့ သစ္စာရှိ ခွေးလေးတစ်ကောင်က တရုတ်နိုင်ငံမှ အွန်လိုင်းအသုံးပြုသူတွေရဲ့ နှလုံးသားကိုဖမ်းစားနိုင်ခဲ့ပါတယ်။



မွန်ဂိုလီးယားအတွင်းပိုင်းဒေသ Hohhot မြို့ရဲ့ ယာဉ်အသွားအလာရှုပ်ထွေးတဲ့   လမ်းမတစ်နေရာမှာ သခင်ဖြစ်သူ အမျိုးသမီးကို နေ့စဉ်စောင့်ဆိုင်းနေခဲ့တဲ့ ခွေးလေးတစ်ကောင်ရဲ့ ဗီဒီယိုကို တရုတ်ဆိုရှယ်မီဒီယာဝက်ဘ်ဆိုက် Sina Weibo မှာ လွှင့်တင်ထားခဲ့ရာ နိုဝင်ဘာ ၁၂ ရက်အထိ ကြည့်ရှုမှုအကြိမ်ရေ ၁.၄ သန်းကျော်ရှိခဲ့ပါတယ်။

ခွေးလေးဟာ ပြီးခဲ့တဲ့ သြဂုတ် ၂၁ ရက်မှာ ၎င်းရဲ့သခင်  ကားတိုက်ခံရမှုကြောင့် သေဆုံးသွားခဲ့တဲ့ လမ်းမနေရာကို နေ့စဉ်လာရောက် စောင့်ဆိုင်းခဲ့တာ တွေ့ရတယ်လို့ တရုတ်ဗီဒီယိုဝက်ဘ်ဆိုက် Pear Video က ပြောပါတယ်။

ယာဉ်အသွားအလာများတဲ့ လမ်းမပေါ်မှာ သခင်ကိုစောင့်ဆိုင်းနေရှာတဲ့ ခွေးလေးကို အန္တရာယ်ဖြစ်မှာစိုးရိမ်ပြီး လူတွေက သွားရောက်ခေါ်ဆောင်ရန် ကြိုးပမ်းကြတဲ့အခါ ခွေးလေးက ထွက်ပြေးသွားတယ်လို့ တက္ကစီမောင်းသူတစ်ဦးက ဆိုပါတယ်။



"ကားမောင်းသူတွေက ခွေးလေးကို အစားအစာတွေ ကားပေါ်ကနေ ကျွေးလေ့ရှိကြတယ်၊ ဒါပေမဲ့ ကားထဲကနေ လူတွေထွက်လာပြီး သူ့နားကိုကပ်လာရင်  ခွေးလေးက ထွက်ပြေးသွားတာပဲ" လို့ တက္ကစီမောင်းသူက ၎င်းရဲ့ အတွေ့အကြုံကို ပြောပါတယ်။

"သူ့သခင် အမျိုးသမီးနဲ့ ဒီခွေးလေးနဲ့ကြား    သံယောဇဉ်က အတော်ကြီးပါတယ်၊ အဲဒီ အမျိုးသမီး သေဆုံးပြီးသွားခဲ့ပြီးနောက် ဒီခွေးလေးက လမ်းမပေါ်မှာ စောင့်နေခဲ့တာပဲ" လို့ တက္ကစီမောင်းသူက ဆက်လက် ပြောခဲ့ပါတယ်။

အန္တရာယ်များတဲ့ လမ်းမပေါ်က သခင်ဖြစ်သူ သေဆုံးခဲ့တဲ့နေရာမှာ နေ့စဉ်လာရောက်စောင့်ဆိုင်းနေတဲ့  ခွေးလေးကို  နိုဝင်ဘာ ၁၀ ရက်နေ့က  ဗီဒီယိုရိုက်ကူးခဲ့ပြီး Sina Weibo မှာ တင်ထားခဲ့တာ ဖြစ်ပါတယ်။



အဆိုပါ ဗီဒီယိုကို ကြည့်ရှုခဲ့သူတစ်ဦးက "ခွေးတွေဟာ လူတွေထက်ပိုပြီး သစ္စာရှိကြတယ်" လို့ Sina Weibo မှာ မှတ်ချက်ပြု ရေးသားထားတာ တွေ့ရပါတယ်။ " ဒီခွေးလေး ကားအသွားအလာများတဲ့ လမ်းလယ်ခေါင်မှာ အခုလိုစောင့်ဆိုင်းနေတာက သူ့အတွက် အရမ်းအန္တရာယ်များပါတယ်၊ လူကောင်းတချို့က သူ့ကို လုံခြုံစိတ်ချရတဲ့ နေရာမှာ ခေါ်ယူမွေးထားနိုင်ဖို့ မျှော်လင့်ပါတယ်" လို့ Sina Weibo အသုံးပြုသူတွေက ပြောကြပါတယ်။

ဘူတာရုံမှာ သခင်ကို လာရောက် စောင့်ဆိုင်းနေခဲ့သည့် Xiongxiong



တရုတ်နိုင်ငံမှာ ယခုနှစ် အစောပိုင်းကလည်း Xiongxiong အမည်ရှိ ခွေးအိုကြီးတစ်ကောင်က အလုပ်ကနေ အိမ်ကိုပြန်လာမယ့် သခင်ဖြစ်သူကို ဘူတာရုံအပြင်ဘက်မှာ နေ့စဉ်ရက်ဆက်  လာရောက်စောင့်ဆိုင်းခဲ့တဲ့ ဖြစ်ရပ်တစ်ခုဟာလည်း အွန်လိုင်းအသုံးပြုသူတွေကြား ပြောစမှတ်ဖြစ်ခဲ့ပါတယ်။

ဘူတာရုံအပြင်ဘက်မှ ထုလုပ်ထားရှိသည့် ခွေးလေး Hachiko ရုပ်တု



ဂျပန်နိုငံမှာလည်း ၁၉၂၅ ခုနှစ်က သခင်ဖြစ်သူ သေဆုံးသွားခဲ့ပေမဲ့ ဘူတာရုံမှာ ကိုးနှစ်ကျော် ဆယ်နှစ်နီးပါးကြာ နေ့စဉ် လာရောက်စောင့်ဆိုင်းခဲ့ပြီးနောက် သေဆုံးသွားခဲ့တဲ့ Hachiko အမည်ရှိ ခွေးလေးဟာလည်း လူတွေကြားမှာ သနားကရုဏာသက်ဖွယ် ဖြစ်ခဲ့ကြရပါတယ်။ ခွေးလေး Hachiko နေ့စဉ်  လာရောက်စောင့်ဆိုင်းခဲ့တဲ့ ရှီဘူယာဘူတာရုံအပြင်ဘက်မှာ ၎င်းရဲ့အမှတ်တရ ရုပ်တုတစ်ခုကို ထုလုပ်ထားရှိကြောင်းလည်း သိရပါတယ်။

Share

Loading Next Article...
က္က