အလွန်တောက်ပပြီး လျင်မြန်စွာ ရွေ့လျားသွားတဲ့ အရာဝတ္ထုတွေလို့ လေယာဉ်မှူးတွေက ပြောပါတယ်။

အိုင်ယာလန် လေကြောင်းပျံသန်းမှုအာဏာပိုင်အဖွဲ့က နိုင်ငံရဲ့ အနောက်တောင်ဘက်ကမ်းလွန် ကောင်းကင်ယံမှာ တောက်ပတဲ့ အလင်းတန်းတွေနဲ့ ပန်ကန်းပြားပျံများ တွေ့ရှိရကြောင်း သတင်းတွေကို စုံစမ်းစစ်ဆေးနေတယ်လို့ ဆိုပါတယ်



နိုဝင်ဘာ ၉ ရက် ဒေသစံတော်ချိန် မနက် ၆ နာရီ ၄၇ မိနစ်မှာ ဗြိတိသျှလေကြောင်းလိုင်း (British Airways) မှ အမျိုးသမီး လေယာဉ်မှူးတစ်ဦးက Shannon လေဆိပ် လေကြောင်းထိန်းသိမ်းရေးကို ဆက်သွယ်ပြောကြားခဲ့ရာမှ ပန်းကန်ပြားပျံ (Unidentified flying object - UFO) သတင်း စတင်ထွက်ပေါ်လာခဲ့ပါတယ်။

အဆိုပါ လေယာဉ်မှူးက ကမ်းရိုးတန်းဒေသအတွင်း စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်နေခဲ့ခြင်းရှိ မရှိ လေကြောင်းထိန်းသိမ်းရေးကို ဆက်သွယ်မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

သူမ တွေ့ရှိခဲ့တဲ့ အရာတစ်ခုခုဟာ အလွန်လျင်မြန်စွာ ရွေ့လျားသွားခဲ့ရာမှ လေယာဉ်မှူးက ထိုသို့ ဆက်သွယ်မေးမြန်းခဲ့တယ်လို့ ဆိုပါတယ်။လေကြောင်းထိန်းသိမ်းရေးက ထိုဒေသအတွင်း စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့ခြင်းမရှိဘူးလို့ အကြောင်းပြန်ခဲ့ပါတယ်။



ကနေဒါနိုင်ငံ မွန်ထရယ်မြို့ကနေ လန်ဒန်မြို့ရှိ ဟီးသရိုးလေဆိပ်ကို ပျံသန်းလာစဉ် အလွန်တောက်ပတဲ့ အလင်းရောင်တစ်ခုနဲ့ အရာဝတ္ထုတစ်ခုက သူမရဲ့လေယာဉ် ဘယ်ဖက်အခြမ်းမှာ ထွက်ပေါ်လာခဲ့ပြီးနောက် လျင်မြန်စွာဖြင့် မြောက်ဘက်ကို ရုတ်တရက်ကွေ့သွားခဲ့တယ်လို့ လေယာဉ်မှူးအမျိုးသမီးက ပြောပါတယ်။

အဆိုပါ အရာဝတ္ထုဟာ မည်သည့်အရာဖြစ်နိုင်ကြောင်း အံ့အားသင့်ခဲ့ရပြီး သူမရဲ့လေယာဉ်နဲ့ တိုက်မိမယ့်အခြေအနေတော့ မရှိခဲ့ကြောင်းလည်း လေယာဉ်မှူးကဆိုပါတယ်။ Virgin လေကြောင်းလိုင်း လေယာဉ်မှူးတစ်ဦးကလည်း အလားတူ ကြုံခဲ့ရပြီး ကမ္ဘာ့လေထုအတွင်း ဥက္ကာပျံ သို့မဟုတ် အခြား အရာဝတ္ထုတစ်ခု ဝင်ရောက်လာခဲ့ပုံရတယ်လို့ ပြောခဲ့ပါတယ်။



အဆိုပါ အရာဝတ္ထုတွေဟာ လမ်းကြောင်းတူ ဖြတ်သန်းသွားခဲ့ပြီး အလွန်တောက်ပနေခဲ့ကြောင်း Virgin လေကြောင်းလိုင်းမှ လေယာဉ်မှူးကဆိုပါတယ်။ ၎င်းရဲ့လေယာဉ် ညာဘက်အခြမ်းမှာ တောက်ပတဲ့အလင်းရောင်တန်းနှစ်ခုကို တွေ့ခဲ့ရတယ်လို့ ၎င်းကပြောပါတယ်။ လေယာဉ်မှူးတစ်ဦးကတော့ တောက်ပတဲ့အလင်းနဲ့ အရာဝတ္ထုတွေရဲ့ အမြန်နှုန်းဟာ အသံထက်နှစ်ဆမြန်တဲ့နှုန်း ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

"နိုဝင်ဘာ ၉ ရက်နေ့က ပုံမှန်မဟုတ်တဲ့ လေကြောင်းပျံသန်းမှုတွေကို လေယာဉ်အနည်းငယ်ဆီကနေ သတင်းတွေရခဲ့ပြီးနောက် အိုင်ယာလန် လေကြောင်းပျံသန်းမှု အာဏာပိုင်အနေနဲ့ ဒီကိစ္စကို အစီရင်ခံစာတစ်စောင် ပြုစုခဲ့ပါတယ်" လို့ အဆိုပါ အာဏာပိုင်အဖွဲ့အစည်းက ပြောထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က