လေယာဉ်ဟာ စင်ကာပူသို့ ပြန်လှည့်ခဲ့ပြီး အမြင့်ပေ ၆,၀၀၀ သို့ နိမ့်ဆင်းသွားခဲ့ပါတယ်။

ပြင်သစ်နိုင်ငံ ပါရီမြို့ကိုပျံသန်းတဲ့ စင်ကာပူလေကြောင်းလိုင်းမှ လေယာဉ်တစ်စီးဟာ ချန်ဂီလေဆိပ်ကနေ ထွက်ခွာလာခဲ့ပြီး မကြာမီမှာ ခရီးသည်များလိုက်ပါရာ အခန်းအတွင်း လေဖိအားလျော့နည်းလာမှုကြောင့် နောက်ကြောင်းပြန်လှည့်ကာ ဆင်းသက်ခဲ့ရတယ်လို့ ဆိုပါတယ်





Flight SQ336 လေယာဉ်ဟာ ချန်ဂီလေဆိပ်ကနေ စင်ကာပူစံတော်ချိန် ယနေ့ (နိုဝင်ဘာ ၁၉ ရက်) မနက်အကူးမှာ ထွက်ခွာခဲ့ပြီး ခရီးစဉ်အချိန်ဇယားအရ ပါရီမြို့ကို ပြင်သစ်စံတော်ချိန် မနက် ၇ နာရီ ၁၅ မိနစ်မှာ (စင်ကာပူစံတော်ချိန် မွန်းလွဲ ၂ နာရီ ၁၅ မိနစ်) ဆိုက်ရောက်မှာဖြစ်တယ်လို့ CNA သတင်းက ပြောပါတယ်။

စင်ကာပူကြောင်းလိုင်း (Singapore Airlines - SIA) မှ Boeing 777-312 (ER) လေယာဉ်ဟာ ချန်ဂီလေဆိပ်မှ ပျံတက်လာခဲ့ပြီးနောက် ၁၅ မိနစ်ခန့်အကြာမှာ အမြင့်ပေ ၂၄,၀၀၀ သို့ ရောက်ရှိခဲ့တယ်လို့ လေယာဉ်ပျံသန်းမှုစောင့်ကြည့်ဝက်ဘ်ဆိုက် Flightradar24 က ဖော်ပြပါတယ်။ ထို့နောက်  လေယာဉ်ဟာ မလေးရှားကောင်းကင်ယံမှာ ရောက်ရှိနေစဉ် စင်ကာပူသို့ ပြန်လှည့်ခဲ့ပြီး အမြင့်ပေ ၆,၀၀၀ သို့ နိမ့်ဆင်းသွားခဲ့တယ်လို့  ဆိုပါတယ်။



Flight SQ336 လေယာဉ်ဟာ ပြန်မဆင်းသက်နိုင်မီ လေထဲမှာ တစ်နာရီခန့်ကြာ လှည့်ပတ်ပျံသန်းနေခဲ့ပြီး လောင်စာဆီများကို စွန့်ထုတ်ပစ်ခဲ့ကြောင်း SIA ပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။ လေယာဉ်နိမ့်ဆင်းပျံသန်းခဲ့စဉ်အတွင်း ခရီးသည်တွေအတွက် ကြိုတင်ကာကွယ်မှုအဖြစ် အောက်ဆီဂျင်မျက်နှာဖုံးများ အသင့်ပြင်ဆင်ထားပေးခဲ့ကြောင်းလည်း ၎င်းကဆိုပါတယ်။

ထို့နောက်မှာတော့ လေယာဉ်ဟာ ချန်ဂီလေဆိပ်မှာ ယနေ့မနက် ဒေသစံတော်ချိန် ၂ နာရီခွဲဝန်းကျင်က ပြန်လည်ဆင်းသက်ခဲ့ကြောင်း သိရပါတယ်။ ချန်ဂီလေဆိပ်မှာ ခရီးသည်တွေကို အခြားလေယာဉ်ဖြင့် အစားထိုး လိုက်ပါစီးနင်းစေခဲ့ပြီးနောက် ပါရီမြို့ကို ပြင်သစ်စံတော်ချိန် ယနေ့ မွန်းလွဲ ၁၂ နာရီ ၁၇ မိနစ်မှာ ဆိုက်ရောက်မယ်လို့ မျှော်လင့်ထားပြီး မူလအချိန်ဇယားထက် ငါးနာရီမျှ နောက်ကျမှာဖြစ်ပါတယ်။



ယခုဖြစ်ရပ်အတွင်း ခရီးသည်တွေနဲ့ လေယာဉ်အမှုထမ်းတွေ ထိခိုက်ဒဏ်ရာရမှု မရှိခဲ့ကြောင်းလည်း SIA ပြောခွင့်ရပုဂ္ဂိုလ်က ပြောခဲ့ပါတယ်။ ချန်ဂီလေဆိပ်ကို ပြန်လှည့်ဆင်းသက်ခဲ့ရတဲ့ Flight SQ336 လေယာဉ်ပေါ်မှာ နို့စို့အရွယ်ကလေးငယ်တစ်ဦး အပါအဝင် ခရီးသည် ၂၃၄ ဦးနဲ့ လေယာဉ်အမှုထမ်း ၁၇ ဦး လိုက်ပါသွားခဲ့ပါတယ်။

လေယာဉ် ပြန်လည်ဆင်းသက်ရတဲ့ ဖြစ်ရပ်နဲ့ပတ်သက်ပြီး SIA က ခရီးသည်များထံ ပေးပို့လာတဲ့ စာတစ်စောင်ကိုလည်း @jcgrenoble အမည်ရှိ Twitter အသုံးပြုသူက လွှင့်တင်ထားခဲ့ပါတယ်။ အဆိုပါ စာထဲမှာတော့ လေကြောင်းခရီးစဉ် နှောင့်နှေးရမှုအတွက် တောင်းပန်ကြောင်းနဲ့ စက်ပိုင်ဆိုင်းရာချို့ယွင်းမှုကြောင့် ဖြစ်တယ်လို့ ပြောထားကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က