အလက်စကာပြည်နယ်ရဲ့ အကြီးဆုံးမြို့အနီးမှာ ဗဟိုပြုလှုပ်ခတ်ခဲ့ပါတယ်။

အမေရိကန်နိုင်ငံ အလက်စကာပြည်နယ်မှာ ရစ်(ခ်)တာစကေး ၇.၀ အဆင့်ရှိ အင်အားပြင်းထန်တဲ့ ငလျင်ကြီး လှုပ်ခတ်ခဲ့မှုကြောင့် ဒေသခံများ အဆောက်အအုံများမှ ထွက်ပြေးခဲ့ကြပြီး ကမ်းရိုးတန်းနယ်မြေတွေမှာ ဆူနာမီရေလှိုင်း သတိပေးချက်ထုတ်ပြန်ခဲ့ရပါတယ်။



ငလျင်ကြီးဟာ ဒေသစံတော်ချိန် နိုဝင်ဘာ ၃၀ ရက် မနက် ၈ နာရီ ၂၉ မိနစ်အချိန်က အလက်စကာပြည်နယ်ရဲ့ အကြီးဆုံးမြို့ဖြစ်တဲ့ Anchorage မြို့နဲ့ ၈ မိုင်ခန့်အကွာ မြေအောက်အနက် ၂၄ မိုင်ကျော်မှာ ဗဟိုပြုလှုပ်ခတ်ခဲ့ကြောင်း US Geological Survey (USGS) က ပြောပါတယ်။

Anchorage မြို့မှာ လူဦးရေ ၃၀၀,၀၀၀ ဝန်းကျင်နဲ့ ပတ်ဝန်းကျင် နေရာဒေသမှာ လူဦးရေ ၁၀၀,၀၀၀ နေထိုင်ကြကြောင်း သိရပါတယ်။ အဆိုပါ ငလျင်ကြီး လှုပ်ခတ်ခဲ့ပြီးနောက် နောက်ဆက်တွဲငလျင်များ အကြိမ် ၄၀ လှုပ်ခတ်ခဲ့ကြောင်းလည်း တာဝန်ရှိသူတွေက ပြောပါတယ်။



နောက်ဆက်တွဲငလျင်များအနက် ၁၀ ခုဟာ ရစ်(ခ်)တာစကေး ၄.၀ အထက်ဖြစ်ပြီး သုံးခုဟ ရစ်(ခ်)တာစကေး ၅.၀ အထက်ဖြစ်ကြောင်း Alaska Earthquake Center က သတင်းထုတ်ပြန်ပါတယ်။

အလက်စကာမှာ ငလျင်လှုပ်ပြီးနောက် Cook မြစ်စွယ်နဲ့ တောင်ပိုင်း Kenai ကျွန်းဆွယ်ဒေသတွေမှာ ဆူနာမီရေလှိုင်းများ သတိပေးချက် ထုတ်ပြန်ခဲ့ပြီး နောက်ပိုင်းမှာတော့ ပြန်ရုပ်သိမ်းခဲ့ပါတယ်။ အလက်စကာပြည်နယ်အုပ်ချုပ်ရေးမှူး ဘီလ်ဝေါ်ကာက သဘာဝဘေးအန္တရာယ် အရေးပေါ်အခြေအနေအဖြစ် ကြေညာခဲ့တယ်လို့ သိရပါတယ်။



အလက်စကာငလျင်ကြောင့် သေဆုံးဒဏ်ရာရမှုသတင်းများ လက်ရှိအချိန်ထိ မရှိသေးဘဲ အဆောက်အအုံများပျက်စီးမှု၊ လမ်းမများ အက်ကွဲကျွံကျမှုတွေ ဖြစ်ခဲ့ပါတယ်။ ငလျင်လှုပ်ပြီးနောက် ဒေသခံ ၁၀,၀၀၀ ဝန်းကျင်ဟာ လျှပ်စစ်ဓာတ်အားပြတ်တောက်မှု တွေ့ကြုံနေရပါတယ်။


အလက်စကာပြည်နယ်မှာ ပျမ်းမျှအားဖြင့် တစ်နှစ်လျင် ငလျင်လှုပ်ခတ်မှု အကြိမ်ရေဟာဟာ အမေရိကန်ရဲ့ အခြားပြည်နယ် ၄၉ ခုမှာ ငလျင်လှုပ်ခတ်မှု စုစုပေါင်းအကြိမ်ရေထက် ပိုများကြောင်းလည်း သိရပါတယ်။ အမေရိကန်သမိုင်းတစ်လျှောက် အင်အားအပြင်းထန်ဆုံး ငလျင်ကြီးဟာလည်း အလက်စကာပြည်နယ်မှာပင် ၁၉၆၄ ခုနှစ်အတွင်း လှုပ်ခတ်ခဲ့ပါတယ်။


ထိုစဉ်က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြီးဟာ ရစ်(ခ်)တာစကေး ၉.၂ အဆင့်ရှိပြီး ကမ္ဘာတစ်ဝှမ်း လှုပ်ခတ်ခဲ့တဲ့ ငလျင်တွေအနက် ဒုတိယ အပြင်းထန်ဆုံးငလျင်အဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။ ၁၉၆၄ ခုနှစ် အလက်စကာငလျင်ကြီးကြောင့် လူ ၁၃၉ ဦး သေဆုံးခဲ့ကြောင်း AFP သတင်းမှာ ဖော်ပြထားပါတယ်။

Share

Loading Next Article...
က္က