၁၉၈၉ ခုနှစ်မှ ၁၉၉၃ ခုနှစ်အထိ အမေရိကန်သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

အသက် ၉၄ နှစ်အွယ် အမေရိကန်သမ္မတဟောင်း ဂျော့ဂျ်အိတ်ချ်ဒဗလျူဘုရှ် ကွယ်လွန်သွားပြီလို့ ၎င်းရဲ့မိသားစုက ဒေသစံတော်ချိန် နိုဝင်ဘာ ၃၀ ရက်နှောင်းပိုင်းမှာ ကြေညာပြောကြားပါတယ်။ ဂျော့ဂျ်အိတ်ချ်ဒဗလျူဘုရှ်ဟာ သမ္မတရော်နယ်ရေဂင်လက်ထက်မှာ ဒုတိယသမ္မတအဖြစ် သက်တမ်းနှစ်ကြိမ် ဆောင်ရွက်ခဲ့ပြီးနောက် ၁၉၈၉ ခုနှစ်မှ ၁၉၉၃ ခုနှစ်အထိ အမေရိကန်သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။

၂၀၀၈ ခုနှစ်က ဘေဂျင်းမြို့မှာ အမေရိကန်သံရုံးသစ် ဖွင့်လှစ်စဉ် တွေ့ရသည့် စီနီယာဘုရှ်



ဂျော့ဂျ်အိတ်ချ်ဒဗလျူဘုရှ်ဟာ အမေရိကန်နိုင်ငံရဲ့ ၄၁ ဆက်မြောက် သမ္မတဖြစ်တဲ့အပြင် ၄၃ ဆက်မြောက် သမ္မတဖြစ်သူ ဂျော့ဂျ်ဒဗလျူဘုရှ်ရဲ့ ဖခင်လည်းဖြစ်ပါတယ်။ ၎င်းဟာ ဇနီးဖြစ်သူ အသက် ၇၃ နှစ်အရွယ် ဘာဘရာ ကွယ်လွန်သွားခဲ့ပြီးနောက် တစ်ပတ်အကြာ ယခုနှစ် ဧပြီလအတွင်း သွေးအတွင်းရောဂါပိုးဝင်ရောက်မှုကြောင့် ဆေးရုံတက်ခဲ့ရပြီး အထူးကြပ်မတ်ကုသမှုဆောင်မှာ ကုသမှုခံယူခဲ့ရပါတယ်။

၁၉၈၉ ခုနှစ် ဇန်နဝါရီ ၂၀ ရက်မှာ သမ္မတအဖြစ် ကျမ်းကျိန်ခဲ့စဉ်



၁၉၉၂ ခုနှစ် သမ္မတရွေးကောက်ပွဲမှာ ဂျော့ဂ်ျအိတ်ချ်ဒဗလျူဘုရှ်ဟာ လူကြိုက်များမှုနှုန်း ၉၀ ရာခိုင်နှုန်းအထိ ရှိခဲ့ပေမဲ့လည်း ပြည်တွင်းရေးရာကိစ္စတွေကို လစ်လျူရှုခဲ့တာကြောင့် ဒီမိုကရက်တစ်ပါတီမှ ပြိုင်ဘက် ဘီလ်ကလင်တန်ကို ရှုံးနိမ့်ခဲ့ရတယ်လို့ ရီပတ်ဘလစ်ကင်တို့က စွပ်စွဲခဲ့ကြပါတယ်။

၂၀၀၅ ခုနှစ်အတွင်း တွေ့ရသည့် ဂျော့ဂ်ျအိတ်ချ်ဒဗလျူဘုရှ်နှင့် ဘာဘရာဘုရှ်



ဂျော့ဂ်ျအိတ်ချ်ဒဗလျူဘုရှ် တက္ကဆက်ပြည်နယ်မှာ ရေနံလုပ်ငန်း လုပ်ကိုင်ခဲ့ပြီး အသက် ၄၀ အရွယ်မှာ သန်းကြွယ်သူဌေးတစ်ဦး ဖြစ်လာခဲ့ကာ ၁၉၆၄ ခုနှစ်မှာ နိုင်ငံရေးနယ်ပယ်ကို ဝင်ရောက်ခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်ကိုတိုက်ခိုက်ရာမှာ တိုက်လေယာဉ်မှုးအဖြစ် စစ်ဆင်ရေး ၅၈ ကြိမ် တာဝန်ထမ်းဆောင်ခဲ့ကြောင်း AFP သတင်းမှာ ဖော်ပြထားပါတယ်။

၂၀၁၃ ခုနှစ် ဧပြီ ၂၅ ရက်မှာ တွေ့ရသည့် ဘုရှ်သားအဖ



၁၉၄၄ ခုနှစ် စက်တင်ဘာလမှာတော့ ဗုံးကြဲမှုစစ်ဆင်ရေးတစ်ခုအတွင်း ၎င်းရဲ့ လေယာဉ်ပစ်ချခံခဲ့ရပေမဲ့ လေထီးဖြင့်ခုန်ထွက်ကာ အသက်ရှင်လွတ်မြောက်ခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ် ပြီးဆုံးသွားပြီး မကြာမီ ၁၉၄၅ ခုနှစ် ဇန်နဝါရီလမှာတော့ ဘာဘရာပီရက်စ်နဲ့ လက်ထပ်ခဲ့ပါတယ်။ သမ္မတဟောင်း ဂျော့ဂျ်အိတ်ချ်ဒဗလျူဘုရှ်မှာ သားသမီးငါးဦး၊ မြေး ၁၇ ဦးနဲ့ မြစ် ၈ ဦးရှိပါတယ်။

ဒုတိယကမ္ဘာစစ်အတွင်း တိုက်လေယာဉ်မှူးအဖြစ် တွေ့ရသည့် စီနီယာဘုရှ်



၎င်းမှာ ညီအစ်ကိုမောင်နှမတွေအဖြစ် အကိုတစ်ဦး၊ ညီနှစ်ဦးနဲ့ ညီမတစ်ဦးရှိကြောင်းလည်း သိရပါတယ်။ ဂျော့ဂျ်အိတ်ချ်ဒဗလျူဘုရှ်ကို ၁၉၂၄ ခုနှစ် ဇွန်လ ၁၂ ရက်နေ့က မက်ဆာချူးဆက်ပြည်နယ် မီလ်တန်မြို့မှာ မွေးဖွားခဲ့ပါတယ်။ ၎င်းရဲ့ဖခင်ဟာ အောင်မြင်တဲ့ဘဏ်လုပ်ငန်းရှင်နဲ့ ကွန်နက်တီကပ်ပြည်နယ် အမေရိကန်လွှတ်တော်အမတ် ပရက်စကော့ဘုရှ် ဖြစ်ပါတယ်။

Share

Loading Next Article...
က္က