ရက်ပေါင်း ၉၀ အတွင်း နှစ်နိုင်ငံ ဆွေးနွေးမှုတွေ ပြုလုပ်သွားမှာပါ။

နှစ်နိုင်ငံကြား ကုန်သွယ်ရေးစစ်ပွဲ အရှိန်မြင့်တက်စေမယ့် သွင်းကုန်အခွန်များ အပြန်အလှန် စည်းကြပ်ကောက်ခံမှုတွေ ထပ်မံလုပ်ဆောင်ခြင်းမပြုဘဲ ရပ်ဆိုင်းထားရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ တရုတ်သမ္မတရှီကျင်းပင်တို့ ဒီဇင်ဘာ ၁ ရက်မှာ သဘောတူညီခဲ့ကြကြောင်း သိရပါတယ်။ သို့သော် သတ်မှတ်ထားပြီးဖြစ်တဲ့ နှစ်နိုင်ငံကြား သွင်းကုန်အခွန်တွေကိုတော့ ဆက်လက် ကောက်ခံသွားမယ်လို့ ဆိုပါတယ်။

အမေရိကန်သမ္မတထရန့်နှင့် တရုတ်သမ္မတ ရှီကျင်းပင်





ထရန့်နဲ့ရှီကျင်းပင်တို့ဟာ အာဂျင်တီးနားနိုင်ငံ ဗြူနိုအေရီစ်မြို့မှာ ကျင်းပပြုလုပ်နေတဲ့ ၁၃ ကြိမ်မြောက် G20 ထိပ်သီးအစည်းအဝေးမှာ တွေ့ဆုံခဲ့ကြပြီးနောက် သွင်းကုန်အခွန်များ အပြန်အလှန် စည်းကြပ်ကောက်ခံမှုတွေ ထပ်မံလုပ်ဆောင်ခြင်းမပြုတော့ဘဲ ရက်ပေါင်း ၉၀ အတွင်း နှစ်နိုင်ငံ ဆွေးနွေးမှုတွေပြုလုပ်ရန် သဘောတူညီခဲ့ကြပါတယ်။

အမေရိကန်သမ္မတထရန့်နဲ့ တရုတ်သမ္မတ ရှီကျင်းပင်တို့ကို အလုပ်သဘော ညစာစားပွဲမှာ တွေ့ရစဉ်



၎င်းတို့နှစ်ဦးဟာ နှစ်နိုင်ငံကြား ယခုနှစ်အတွင်း ကုန်သွယ်ရေးစစ်ပွဲအသွင် ဖြစ်လာခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ကြတာလည်း ဖြစ်ပါတယ်။ ယခု သဘောတူညီမှုအရ လာမယ့် ဇန်နဝါရီ ၁ ရက်နောက်ပိုင်းမှစပြီး သွင်းကုန်အခွန်ကောက်ခံမှုတွေ လုပ်ဆောင်တော့မှာ မဟုတ်ကြောင်း တရုတ်နိုင်ငံ ပြောပါတယ်။

G20 အစည်းအဝေးမတိုင်မီမှာ သမ္မတထရန့်က အမေရိကန်ဒေါ်လာ ၂၀၀ ဘီလီယံ တန်ဖိုးရှိတဲ့ တရုတ်သွင်းကုန်တွေအပေါ် ၁၀ ရာခိုင်နှုန်း အခွန်ကောက်ခံနေရာမှ လာမယ့် ဇန်နဝါရီမှစပြီး ၂၅ ရာခိုင်နှုန်းသို့ တိုးမြှင့်ကောက်ခံရန် ရည်ရွယ်ထားကြောင်း အမေရိကန်မီဒီယာတွေကို ပြောခဲ့ပါတယ်။

အမေရိကန်နဲ့တရုတ် သွင်းကုန်အခွန် အပြန်အလှန် စည်းကြပ်ကောက်ခံမှု



ယခု G20 မှာ တရုတ်သမ္မတရှီကျင်းပင်နဲ့ သဘောတူညီမှုရခဲ့ပြီးနောက် ထိုသို့ သွင်းကုန်အခွန်နှုန်း တိုးမြှင့်ကောက်ခံမယ့် အစီအစဉ်ကို ရက်ပေါင်း ၉၀ ကြာ ရပ်ဆိုင်းထားမယ်လို့ သိရပါတယ်။ အမေရိကန်နဲ့တရုတ်တို့ဟာ ဒေါ်လာဘီလီယံနဲ့ချီ တန်ဖိုးရှိတဲ့ ကုန်ပစ္စည်းတွေအပေါ် အပြန်အလှန် အခွန်ကောက်ခံမှုတွေ လုပ်ဆောင်ခဲ့ကြပါတယ်။

အမေရိကန်က ဒေါ်လာ ၂၅၀ ဘီလီယံတန်ဖိုးရှိ တရုတ်သွင်းကုန်တွေကို ပြီးခဲ့တဲ့ ဇူလိုင်လမှစပြီး အခွန်စည်းကြပ်ကောက်ခံခဲ့ပါတယ်။ တရုတ်နိုင်ငံကလည်း ဒေါ်လာ ၁၁၀ ဘီလီယံတန်ဖိုးရှိ အမေရိကန်သွင်းကုန်တွေအပေါ် အခွန်ကောက်ခံမှုတွေ လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။

G20 ထိပ်သီအစည်းအဝေးကို တက်ရောက်ကြသူများ



ယခုနှစ် G20 ထိပ်သီးအစည်းအဝေးကို နိုဝင်ဘာ ၃၀ ရက်မှ ဒီဇင်ဘာ ၁ ရက်အထိ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ G20 အစည်းအဝေးကို အာဂျင်တီးနား၊ ဘရာဇီး၊ သြစတြေးလျ၊ ကနေဒါ၊ တရုတ်၊ ပြင်သစ်၊ ဂျာမနီ၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ အီတလီ၊ ဂျပန်၊ မက္ကစီကို၊ ရုရှား၊ ဆော်ဒီအာရေဗီးယား၊ တောင်အာဖရိက၊ တောင်ကိုရီးယား၊ တူရကီ၊ ဗြိတိန်၊ အမေရိကန်နဲ့ ဥရောပသမဂ္ဂတို့မှ ခေါင်းဆောင်များ တက်ရောက်ကြပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က