အရေးပေါ်အခြေအနေကြေညာနိုင်မှုနဲ့ ပတ်သက်ပြီး အစိုးရပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။

ပြင်သစ်အစိုးရက ဆယ်စုနှစ်တစ်ခုကျော်အတွင်း အဆိုးရွားဆုံး ပြည်သူလူထုအုံကြွမှုတွေကို တားဆီးရန်အတွက် နိုင်ငံကို အရေးပေါ်အခြေအနေတစ်ရပ် ကြေညာရန်စဉ်းစားသွားမယ်လို့ အစိုးရပြောခွင့်ရပုဂ္ဂိုလ် ဘင်ဂျမင် ဂရီဗီအော့စ်က ယနေ့ (ဒီဇင်ဘာ ၂ ရက်) ပြောကြားလိုက်ပါတယ်။





ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေ အနေနဲ့ အစိုးရနဲ့ညှိနှိုင်းဆွေးနွေးကြရန်လည်း ၎င်းက တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။ လက်ရှိ ဖြစ်ပေါ်နေတဲ့ ဆူပူအုံကြွမှု အခြေအနေတွေကြောင့် အရေးပေါ်အခြေအနေ ကြေညာနိုင်မှုနဲ့ ပတ်သက်ပြီး ဘင်ဂျမင်ကို Europe 1 ရေဒီယိုသတင်းဌာန မေးမြန်းခဲ့ရာ ၎င်းက အရေးပေါ်အခြေအနေကြေညာမှုဟာလည်း ရွေးချယ်စရာတစ်ခု ဖြစ်တယ်လို့ ဖြေကြားခဲ့ပါတယ်။

ယမန်နေ့ (ဒီဇင်ဘာ ၁ ရက်) က ပြင်သစ်နိုင်ငံ ပါရီမြို့လယ်မှာ မျက်နှာဖုံးတပ်ထားတဲ့ လူငယ်အုပ်စုတွေက သံတုတ်များနဲ့ ပုဆိန်များကိုင်ဆောင်ကာ လမ်းမတွေပေါ်မှာ ဆူပူအုံကြွခဲ့ကြပြီး မော်တော်ယာဉ် တစ်ဒါဇင်နဲ့ အဆောက်အအုံတွေကို မီးရှို့ခဲ့ကြတယ်လို့ ဆိုပါတယ်။ ဆူပူအုံကြွမှုများအတွင်း ကားမောင်းသူတစ်ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။



ပါရီမြို့အပါအဝင် ပြင်သစ်တစ်ဝှမ်း  'yellow vest' လို့ ခေါ်ဝေါ်ကြတဲ့ ဆန္ဒပြမှုတွေကို သီတင်းပတ်ကုန်ရက်တွေမှာ ပြုလုပ်လာခဲ့ကြတာ ယခုအခါ သုံးပတ်မြောက်ရှိပြီလည်း ဖြစ်ပါတယ်။ အဓိကရုဏ်းနှိမ်နင်းရေး ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးများ၊ မူးမေ့ပြီး မြင်ကွင်းခေတ္တပျောက်သွားနိုင်တဲ့ လက်ပစ်ဗုံးများနဲ့ မီးသတ်ရေပိုက်များသုံးပြီး Champs-Elysées လမ်းတစ်လျှောက် ဆူပူဆန္ဒပြသူတွေကို ဖြိုခွင်းခဲ့ပါတယ်။


ပါရီမှာ ဖြစ်ပွားနေခဲ့တဲ့ ဆူပူအုံကြွမှု အဓိကရုဏ်းများအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင် ၁၇ ဦး အပါအဝင် လူ ၁၃၃ ဦးထက်မနည်း ဒဏ်ရာရခဲ့ကြောင်းနဲ့ ဆန္ဒပြမှုမှာပါဝင်သူ ၂၇၀ ကို ဖမ်းဆီးခဲ့ကြောင်းလည်း သိရပါတယ်။ ပြင်သစ်မှာ လောင်စာဆီ အခွန်ကောက်မှုနဲ့ နေထိုင်မှုစရိတ်ကြီးမြင့်မှုတို့ကို ဆန္ဒပြခဲ့ကြရာမှ ဆူပူအုံကြွမှုတွေ ပေါ်ပေါက်လာခဲ့ကြောင်း Reuters သတင်းမှာ ဖော်ပြပါတယ်။


ပြင်သစ်နိုင်ငံတစ်ဝှမ်း 'yellow vest' ဆန္ဒပြမှုတွေမှာ လူဦးရေ ၇၅,၀၀၀ ထက်မနည်း ပါဝင်ခဲ့ကြတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ပြောပါတယ်။ ဆူပူအုံကြွ ဆန္ဒပြမှုများအတွင်း မီးလောင်မှု ၁၉၀ ကို ငြှိမ်းသတ်ခဲ့ရကြောင်းနဲ့ အဆောက်အအုံခြောက်လုံး မီးရှို့ခံခဲ့ရတယ်လို့လည်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။


လတ်တလော ဖြစ်ပွားနေတဲ့ ဆူပူအုံကြွမှုတွေနဲ့ ပတ်သက်ပြီး ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်က ယနေ့နှောင်းပိုင်းမှာ ဝန်ကြီးချုပ်၊ ပြည်ထဲရေးဝန်ကြီးတို့နဲ့ အရေးပေါ်အစည်းအဝး ပြုလုပ်သွားမယ်လို့ သိရပါတယ်။

ပြင်သစ်မှာ နိုဝင်ဘာ ၁၇ ရက် (စနေနေ့) က ဆန္ဒပြမှုတွေ စတင်ခဲ့ကြပါတယ်။ နိုင်ငံတစ်ဝှမ်း ဆန္ဒပြသူတွေက လမ်းများပိတ်ဆို့ထားခဲ့ပြီး ဈေးဝယ်စင်တာများ၊ စက်ရုံများနဲ့ လောင်စာဆီ သိုလှောင်ထားရှိရာ နေရာတွေကို မသွားရောက်နိုင်ရန် ဟန့်တားမှုတွေ ရှိခဲ့တယ်လို့ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က