ဘီးတပ်ကုလားထိုင်ဖြင့် သွားလာနေရတဲ့ စီနီယာဘုရှ်အတွက် ဆူလီက တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

ကွယ်လွန်သူ အမေရိကန်သမ္မတဟောင်း ဂျော့ဂျ်အိတ်ချဒဗလျူဘုရှ်အတွက် တာဝန်ထမ်းဆောင်ခဲ့တဲ့ အမှုထမ်းခွေးလေးဟာ သမ္မတဟောင်းရဲ့ ခေါင်းတလားဘေးမှာလဲလျောင်းရင်း နောက်ဆုံး ဂုဏ်ပြုနှုတ်ဆက်နေဟန် ဓာတ်ပုံတစ်ပုံက မြင်တွေ့ရသူတွေအဖို့ ကြေကွဲဝမ်းနည်းစရာ ဖြစ်လို့နေပါတယ်။

ဂျော့ဂျ်အိတ်ချ်ဒဗလျူဘုရှ်ရဲ့ ခေါင်းတလားဘေးမှာ တွေ့ရသည့် ဆူလီ



ဆူလီ (Sully) လို့ အမည်ပေးထားတဲ့ လက်ဗရာဒေါခွေးလေးက ဂျော့ဂျ်အိတ်ချ်ဒဗလျူဘုရှ်ရဲ့ ခေါင်းတလားဘေးမှာ လဲလျောင်းနေတဲ့ ဓာတ်ပုံကို ဘုရှ်ရဲ့ပြောခွင့်ရပုဂ္ဂိုလ်  ဂျင်မ်မက်ဂရတ်သ်က 'တာဝန်ပြီးဆုံးခဲ့ပြီ' ဆိုတဲ့ ပုံစာအညွန်းနဲ့အတူ Twitter မှာ လွှင့်တင်ထားခဲ့ပါတယ်။ ဆိုရှယ်မီဒီယာ အသုံးပြုသူတွေက ဆူလီရဲ့ တာဝန်ထမ်းဆောင်မှုတွေကို ကျေးဇူးတင်ချီးကျူးခဲ့ကြပြီး ခွေးတွေက သခင်အပေါ် သစ္စာရှိမှုအကြောင်း မှတ်ချက်ရေးသားခဲ့ကြပါတယ်။

အမေရိကန်ရဲ့ ၄၁ ဆက်မြောက်သမ္မတ ဂျော့ဂျ်အိတ်ချဒဗလျူဘုရှ်



အမေရိကန်ရဲ့ ၄၁ ဆက်မြောက် သမ္မတဖြစ်သူ ဂျော့ဂျ်အိတ်ချ်ဒဗလျူဘုရှ်ဟာ ၁၉၈၉ ခုနှစ်မှ ၁၉၉၃ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ပြီး နိုဝင်ဘာ ၃၀ ရက်မှာ ကွယ်လွန်ခဲ့ပါတယ်။ ၎င်းဟာ ကွယ်လွန်ချိန်မှာ အသက် ၉၄ နှစ်အရွယ်ရှိပြီ ဖြစ်ပါတယ်။ ဆူလီဟာ တနင်္လာနေ့ (ဒီဇင်ဘာ ၃ ရက်) မှာ သမ္မတဟောင်းရဲ့ ခေါင်းတလားနဲ့အတ တက္ကဆက်ပြည်နယ်ကနေ ဝါရှင်တန်ဒီစီကို လိုက်ပါသွားမယ်လို့ သိရပါတယ်။

သမ္မတဟောင်း ဂျော့ဂျ်အိတ်ချ်ဒဗလျူဘုရှ်၊ သမ္မတဟောင်းဘီလ်ကလင်တန်နဲ့ ဆူလီ



သမ္မတဟောင်း ဂျော့ဂျ်အိတ်ချ်ဒဗလျူဘုရှ်အတွက် ဝါရှင်တန်ဒီစီမှာ နိုင်ငံတော်အဆင့် ဝမ်းနည်းကြေကွဲမှု အခမ်းအနားပြုလုပ်ရန် စီစဉ်ထားပါတယ်။ ထို့နောက် ဗုဒ္ဓဟူးနေ့ (ဒီဇင်ဘာ ၅ ရက်) မှာတော့ တက္ကဆက်ပြည်နယ်ကို ပြန်လည်သယ်ဆောင်ပြီး မြှုပ်နှံသွားမယ်လို့ သိရပါတယ်။

သမ္မတဟောင်းရဲ့ ခေါင်းတလားကို ယာယီအနေနဲ့ 'Special Air Mission 41' လို့ အမည်ပြောင်းလဲပေးထားတဲ့ Air Force One လေယာဉ်ဖြင့် သယ်ဆောင်မှာဖြစ်ပြီး ခွေးလေးဆူလီကလည်း အတူလိုက်ပါမှာ ဖြစ်တယ်လို့ BBC သတင်းမှာ ပြောထားပါတယ်။

ဂျော့ဂျ်အိတ်ချ်ဒဗလျူဘုရှ်နဲ့အတူ တွေ့ရသည့် ဆူလီ



သမ္မတဟောင်း ဂျော့ဂျ်အိတ်ချ်ဒဗလျူဘုရှ်ဟာ ယမန်နှစ်အတွင်းမှစပြီး ဘီးတပ်ကုလားထိုင်ဖြင့် သွားလာရခဲ့ပြီးနောက် အသက် ၂ နှစ်အရွယ် ခွေးလေးဆူလီကို ၎င်းအတွက် အကူအညီအဖြစ် တာဝန်ထမ်းဆောင်ရန် ယခုနှစ်အစောပိုင်းမှာ သတ်မှတ်စေလွှတ်ခဲ့ပါတယ်။

အထူးလေ့ကျင့်ပေးထားတဲ့ ဆူလီဟာ တံခါးဖွင့်ပေးခြင်း၊ ဖုန်းလာပါက ကိုက်ချီယူဆောင်ပေးခြင်းနဲ့ အခြား ပစ္စည်းတွေကို ကိုက်ချီယူဆောင်ပေးခြင်း အပါအဝင် စေခိုင်းမှုအများအပြားကို နားလည်လုပ်ဆောင်နိုင်ပါတယ်။

ဆူလီရဲ့ Instagram မှာ တင်ထားသည့် ဓာတ်ပုံတစ်ပုံ



ဂျော့ဂျ်အိတ်ချ်ဒဗလျူဘုရှ် ကွယ်လွန်သွားပြီးနောက်မှာတော့ ဆူလီဟာ စစ်ပွဲမှာဒဏ်ရာရ စစ်သားတွေကို ကုသပေးမှုရာမှာ အကူအညီပေးတဲ့ ခွေးတစ်ကောင်အဖြစ် ဆက်လက် တာဝန်ထမ်းဆောင်သွားမယ်လို့လည်း သိရပါတယ်။ ခွေးလေးဆူလီအတွက် Instagram အကောင့်တစ်ခုလည်းရှိပြီး ကြားဖြတ်ရွေးကောက်ပွဲမှာ သမ္မတဟောင်း ဂျော့ဂျ်အိတ်ချ်ဒဗလျူဘုရှ် မဲပေးရာမှာ ဆူလီကလည်း အတူရှိနေခဲ့တဲ့ပုံ အပါအဝင် ဓာတ်ပုံတွေတင်ထားတာ တွေ့ရပါတယ်။

ဂျော့ဂျ်အိတ်ချ်ဒဗလျူဘုရှ်နဲ့ ဘာဘရာဘုရှ်



ဂျော့ဂျ်အိတ်ချ်ဒဗလျူဘုရှ်ဟာ ပါကင်ဆန်ရောဂါတစ်မျိုးအတွက် ကုသမှုခံယူနေခဲ့ရပြီး ယခုနှစ် ဧပြီလအတွင်းမှာတော့ သွေးအတွင်း ရောဂါပိုးဝင်ရောက်မှုကြောင့် ဆေးရုံတက်ခဲ့ရပါတယ်။ ၎င်းဟာ တက္ကဆက်ပြည်နယ် ဟူစတန်မြို့မှာ ကွယ်လွန်ခဲ့ပါတယ်။

ဂျောဂျ်အိတ်ချ်ဒဗလျူဘုရှ်ကို တက္ကဆက်ပြည်နယ်ရှိ သမ္မတစာကြည့်တိုက်ဝင်းအတွင်း ဇနီးဖြစ်သူ ဘာဘရာဘုရှ်နဲ့ကပ်လျက် မြှုပ်နှံသွားမယ်လို့ သိရပါတယ်။ ဘာဘရာဘုရှ်ဟာ ပြီးခဲ့တဲ့ ဧပြီ ၁၇ ရက်နေ့က  အသက် ၉၃ နှစ်အရွယ်မှာ ကွယ်လွန်ခဲ့ပါတယ်။

Share

Loading Next Article...
က္က