ပိုင်ရှင်က ရေတွင်းရဲ့နံရံအတွင်း ကျောက်တုံးများကြားမှာ ဝှက်ထားခဲ့ပါတယ်။

အစ္စရေးနိုင်ငံ ရှေးဟောင်းဆိပ်ကမ်းမြို့ ဆီဆာရီးရားမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၉၀၀ က သိုဝှက်ထားခဲ့တဲ့ ရွှေဒင်္ဂါးတွေကို ရှေးဟောင်းသုတေသီတွေက ရှာဖွေတွေ့ရှိခဲ့ကြောင်း ဒီဇင်ဘာ ၃ ရက်မှာ Times of Israel သတင်းဝက်ဘ်ဆိုက်က ဖော်ပြထားပါတယ်။ အဆိုပါ ရှားပါးရွှေဒင်္ဂါးတွေနဲ့ ရွှေနားကပ်တစ်ဖက်ကို ရေတွင်းတစ်တွင်းရဲ့ နံရံအတွင်း ကျောက်တုံးများကြား ကြေးအိုးတစ်လုံးထဲမှာ တွေ့ခဲ့ရတာဖြစ်ပါတယ်။





ရွှေဒင်္ဂါးတွေကို တစ်စုံတစ်ယောက်က ရေတွင်းရဲ့နံရံအတွင်း ကျောက်တုံးများကြားမှာ သိုဝှက်ထားခဲ့ပြီး ပြန်လာယူမယ်လို့ မျှော်လင့်ခဲ့ပေမဲ့ မည်သည့်အခါမျှ ပြန်မလာနိုင်တော့ခြင်း ဖြစ်ခဲ့ပုံရကြောင်း ရှေးဟောင်းသုတေသီတွေက သုံးသပ်ကြပါတယ်။

ရွှေဒင်္ဂါးပြားတွေရဲ့ပိုင်ရှင်ဟာ ၁၁၀၁ ခုနှစ်မှာ ခရူးဆိတ်ဒါစစ်တပ်က ဆီဆာရီးရားမြို့မှာ နေထိုင်ကြသူတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့မှုအတွင်း သေဆုံးခဲ့ဖွယ်ရှိတယ်လို့လည်း ရှေးဟောင်းသုတေသီတွေက ပြောပါတယ်။



ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဆီဆာရီးရားမြို့နေရာ (Caecarea World Heritage site) မှာ တူးဖော်မှုနဲ့ ထိန်းသိမ်းစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်နေစဉ် ရွှေဒင်္ဂါးတွေကို ရှာဖွေတွေ့ရှိခဲ့ကြကြောင်း သိရပါတယ်။ ၁၁ ရာစုခေတ်မှ အဆိုပါ ရွှေဒင်္ဂါးတွေကို ဆီဆာရီးရားမြို့ နေရာဒေသတစ်ခုရှိ နေအိမ်တစ်အိမ်ရဲ့ ရေတွင်းနံရံမှ ကျောက်တုံးများကြားမှာ ရှာဖွေတွေ့ခဲ့ကြပါတယ်။


"ဒီရွှေဒင်္ဂါးတွေဟာ ဆီဆာရီးရားရဲ့ သမိုင်းကြောင်းမှာ ဖြစ်ပျက်ခဲ့တဲ့ ဒရာမာအဆန်ဆုံး ဖြစ်ရပ်တွေထဲကတစ်ခုနဲ့ ပတ်သက်ပြီး အသံမထွက်တဲ့ သက်သေခံပါပဲ၊ ဆီဆာရီးရားကို ခရူးဆိတ်ဒါတွေက ရက်စက်ပြင်းထန်စွာနဲ့ အနိုင်ရယူခဲ့ကြတယ်" လို့ အစ္စရေး ရှေးဟောင်းပစ္စည်းများဆိုင်ရာ အာဏာပိုင်အဖွဲ့မှ သုတေသီတွေက ပြောခဲ့ပါတယ်။


လက်ရေးမူဖြင့် ရေးသားထားခဲ့တဲ့ မှတ်တမ်းတွေအရ ဆီဆာရီးရားမြို့မှာ နေထိုင်ခဲ့ကြသူ အများစုကို ၁၁၀၀ နဲ့ ၁၁၁၈ ခုနှစ်များအတွင်း ဂျေရုဆလင်မ်ကို အုပ်ချုပ်ခဲ့သူ Baldwin I မြို့စားရဲ့ စစ်တပ်က အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ကြတယ်လို့လည်း သုတေသီတွေကဆိုပါတယ်။

"ဒီရွှေဒင်္ဂါးတွေရဲ့ ပိုင်ရှင်နဲ့မိသားစုဟာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအတွင် သေဆုံးခဲ့ကြတယ် ဒါမှမဟုတ် ကျွန်အဖြစ် ရောင်းစားခံခဲ့ကြရပါတယ်၊ ဒါကြောင့်လည်း သူတို့ဟာ  ဒါတွေကို ပြန်လာမယူနိုင်တော့ကြဘူး" လို့ တူးဖော်ရေးလုပ်ငန်းကို ဦးဆောင်နေသူတွေဖြစ်ကြတဲ့ Dr Peter Gendelman နဲ့ Mohammed Hatar တို့က ပြောခဲ့ပါတယ်။



ယခု ရွှေဒင်္ဂါးများ တွေ့ရှိရတဲ့နေရာအနီးမှာပင် ယခင်ကလည်း ရှေးဟောင်းအဖိုးတန်ပစ္စည်းတွေကို တွေ့ရှိခဲ့ဖူးကြောင်း သိရပါတယ်။ ၁၉၆၀ ပြည့်လွန်နှစ်များအတွင်း ရွှေနဲ့ ငွေထည်လက်ဝတ်ရတနာတွေပါတဲ့ အိုးတစ်လုံးနဲ့ ၁၉၉၀ ပြည့်လွန်နှစ်များအတွင်း ကြေးအိုးများ စုဆောင်းထားရှိခဲ့တာကို တွေ့ရှိခဲ့ပါတယ်။ အဆိုပါ ရှေးဟောင်းပစ္စည်းတွေကိုတော့ ဂျေရုဆလင်မ်မြို့ရှိ အစ္စရေးပြတိုက် (Israel Museum) မှာ ပြသထားပါတယ်။

၂၀၁၅ ခုနှစ်မှာလည်း ရေငုပ်သမားတွေက အစ္စရေးနိုင်ငံရဲ့ မြေထဲပင်လယ်ကမ်းရိုးတန်းမှာ တွေ့ရှိခဲ့ဖူးသမျှ အများဆုံးဖြစ်တဲ့ ရွှေဒင်္ဂါးပြားတွေကို တွေ့ရှိခဲ့ကြပါတယ်။ ရေငုပ်သမားတွေက လွန်ခဲ့တဲ့ နှစ်ပေါင်း ၁,၀၀၀ ကျော်ကာလမှ ရွှေဒင်္ဂါးပြား ၂,၀၀၀ ခန့်ကို ပင်လယ်ကြမ်းပြင်မှာ တွေ့ရှိခဲ့ကြတယ်လို့ BBC သတင်းမှာ ဖော်ပြထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က