ဒီဇင်ဘာလအတွင်း အသက်တစ်နှစ်ပြည်တော့မှာပါ။

ဘရာဇီးနိုင်ငံမှ အမျိုးသမီးတစ်ဦးဟာ သေဆုံးသူအလှူရှင်ထံမှ ရယူအစားထိုးခဲ့တဲ့ သားအိမ်အသုံးပြုပြီး ကျန်းမာတဲ့ မိန်းကလေးတစ်ဦးကို အောင်မြင်စွာ မွေးဖွားခဲ့ကြောင်းနဲ့ ထိုသို့မွေးဖွားမှုဟာ ကမ္ဘာမှာ ပထမဆုံးအကြိမ် ဖြစ်တယ်လို့ ဆရာဝန်တွေက ပြောပါတယ်။

၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်မှာ တွေ့ရသည့် မွေးကင်းစမိန်းကလေး



ယခင်က သားအိမ်အစားထိုးမှု ၃၉ ခု ပြုလုပ်ခဲ့ဖူးပြီး အဆိုပါ သားအိမ်အစားထိုး ကုသမှုခံယူခဲ့တဲ့ အမျိုးသမီးတွေက ကလေး ၁၁ ဦး မွေးဖွားခဲ့ပါတယ်။ သို့သော် ၎င်းတို့အားလုံးဟာ မိခင်တွေက သမီးတွေကို သားအိမ်လှူဒါန်းပေးမှု အပါအဝင် အသက်ရှင်လျက် အမျိုးသမီးများထံမှသာ သားအိမ်ကိုရယူခဲ့တာလည်း ဖြစ်ပါတယ်။

သေဆုံးသူထံမှသားအိမ်ဖြင့် အစားထိုးကုသမှုကိုတော့ ယခင်က ၁၀ ကြိမ် ပြုလုပ်ခဲ့ဖူးပေမဲ့ အောင်မြင်စွာဖြင့် ကလေးမွေးဖွားနိုင်ခြင်း မရှိခဲ့ဘူးလို့ သိရပါတယ်။ ယခုအခါမှာတော့ သေဆုံးသူထံမှသားအိမ်ဖြင့် အစားထိုးကုသမှု ခံယူထားတဲ့ ဘရာဇီးအမျိုးသမီးက ကလေးတစ်ဦးကို အောင်မြင်စွာမွေးဖွားနိုင်ခဲ့ကြောင်း The Lancet ဆေးပညာဂျာနယ်မှာ ဖော်ပြထားပါတယ်။

မွေးကင်းစကလေးနဲ့အတူ တွေ့ရသည့် ဆရာဝန်များ



အဆိုပါ အသက် ၃၂ နှစ်အရွယ် ဘရာဇီးအမျိုးသမီးဟာ မွေးဖွားစဉ်ကတည်းက သားအိမ်မပါခဲ့သူလည်း ဖြစ်ပါတယ်။ သူမကို ၂၀၁၆ ခုနှစ်အတွင်း ဘရာဇီးနိုင်ငံ ဆော်ပေါလိုမြို့မှာ သေဆုံးသူတစ်ဦးထံမှ သားအိမ်ဖြင့် ၁၀ နာရီကြာ အစားထိုးကုသမှု ပြုလုပ်ပေးခဲ့ပါတယ်။

သားအိမ်လှူဒါန်းခဲ့တဲ့ အမျိုးသမီးဟာ အသက် ၄၀ ကျော်အရွယ်ဖြစ်ပြီး ဦးနှောက်အတွင်း သွေးယိုစိမ့်မှုကြောင့် သေဆုံးခဲ့တာဖြစ်ပါတယ်။ သားအိမ်အစားထိုးကုသမှု ခံယူခဲ့ရတဲ့ အမျိုးသမီးကတော့ Mayer-Rokitansky-Küster-Hauser ခေါ် အမျိုးသမီး ၄,၅၀၀ မှာ တစ်ဦးဖြစ်နိုင်တဲ့ မွေးဖွားစဉ်ကတည်းက သားအိမ်မပါတဲ့ ကျန်းမာရေးပြဿနာ ကြုံခဲ့ရပါတယ်။

ဆော်ပေါလို ဆေးတက္ကသိုလ်မှ ဆရာဝန်များ



သေဆုံးသူထံမှ သားအိမ်ဖြင့် အစားထိုးကုသမှုခံယူခဲ့တဲ့ ဘရာဇီးအမျိုးသမီးဟာ ၈ လ၊ ၃ ပတ်နဲ့ ၃ ရက်ကြာ ပုံမှန်အတိုင်း ကိုယ်ဝန်ဆောင်ခဲ့ပြီးနောက် ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်မှာ ကိုယ်အလေးချိန် ၆ ပေါင်ရှိတဲ့ သမီးလေးကို အောင်မြင်စွာ ဗိုက်ခွဲမွေးဖွားနိုင်ခဲ့ကြောင်း သိရပါတယ်။

အဆိုပါ အမျိုးသမီးဟာ သားအိမ်အစားထိုးကုသမှု ခံယူခဲ့ပြီး ခုနစ်လနဲ့ ၁၀ ရက်အကြာမှာ ကိုယ်ဝန်ရှိနေပြီလို့ အတည်ပြုနိုင်ခဲ့တယ်လို့ Reuters သတင်းက ပြောပါတ်။

သူမ မွေးဖွားခဲ့တဲ့ ကလေးကတော့ ခုနစ်လနဲ့ ရက် ၂၀ သမီးအရွယ်မှာ ကိုယ်အလေးချိန် ၁၆ ပေါင်အထိ ရှိလာခဲ့တယ်လို့လည်း The Lancet ကျန်းမာရေးဂျာနယ်မှာ ဖော်ပြထားပြီး မကြာမီ ရက်ပိုင်းအတွင်း အသက်တစ်နှစ်ပြည်တော့မှာလည်း ဖြစ်ပါတယ်။

Share

Loading Next Article...
က္က