ဂျပန်တောင်ပိုင်း အိုင်ဝါကူနီမြို့ရှိ မရိန်းတပ်စခန်းကနေ ထွက်ခွာလာတဲ့ လေယာဉ်တွေဖြစ်ပါတယ်။

ဂျပန်နိုင်ငံကမ်းလွန်မှာ ကောင်းကင်ယံမှာ လောင်စာဆီဖြည့်စဉ်အတွင်း အမေရိကန်စစ်ဘက် လေယာဉ်နှစ်စင်း ပျက်ကျခဲ့ပြီးနောက် မရိန်းတပ်သားခြောက်ဦး ပျောက်ဆုံးနေကြောင်း နှစ်နိုင်ငံလုံးမှ တာဝန်ရှိသူတွေက AFP သတင်းဌာနကို ပြောပါတယ်။



အိုင်ဝါကူနီ မရိန်းတပ်စခန်းမှာ တွေ့ရသည့် McDonnell Douglas F/A-18 Hornet တိုက်လေယာဉ်



ဒေသစံတော်ချိန် ယနေ့ (ဒီဇင်ဘာ ၆ ရက်) မနက် ၂ နာရီဝန်းကျင်က ဖြစ်ပွားခဲ့တဲ့ မတော်တဆမှုမှာ F/A-18 တိုက်လေယာဉ်နဲ့ KC-130 သယ်ယူပို့ဆောင်ရေးနဲ့ ဆီဖြည့်လေယာဉ်တို့ ပျက်ကျခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ လေယာဉ်နှစ်စီးဟာ လေထဲမှာ လောင်စာဆီဖြည့်နေစဉ် တိုက်မိပြီးပျက်ကျခဲ့တယ်လို့ အမေရိကန်မီဒီယာတွေက ပြောကြားပေမဲ့ တရားဝင် အတည်ပြုခြင်း မရှိသေးပါဘူး။

အိုင်ဝါကူနီရှိ အမေရိကန် မရိန်းတပ်ဖွဲ့စခန်း



လေယာဉ်နှစ်စီးဟာ ဂျပန်တောင်ပိုင်း အိုင်ဝါကူနီမြို့ရှိ မရိန်းတပ်ဖွဲ့စခန်းကနေ ထွက်ခွာလာခဲ့ကြောင်းနဲ့ လေယာဉ်နှစ်စီးပေါ်မှာ စုစုပေါင်း အမေရိကန်စစ်ဘက်အမှုထမ်း ခုနစ်ဦးလိုက်ပါသွားတယ်လို့ သိရပါတယ်။ လေယာဉ် ပျက်ကျခဲ့ပြီးနောက် ဂျပန်ရှာဖွေကယ်ဆယ်ရေးအဖွဲ့က နှစ်ဦးကို အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ပေမဲ့ အခြား ခြောက်ဦးကတော့ ပျောက်ဆုံးနေပြီး ဆက်လက် ရှာဖွေနေဆဲဖြစ်ပါတယ်။

အမေရိကန်စစ်ဘက်သုံး KC-130 လေယာဉ်



ယနေ့ ပျက်ကျခဲ့တဲ့ အမေရိကန်စစ်ဘက် လေယာဉ်နှစ်စီးအနက် KC-130 လေယာဉ်ဟာ C-130 အမျိုးအစားထက် ခရီးအကွာအဝေး ပိုမိုပျံသန်းနိုင်ပြီး သယ်ယူပို့ဆောင်ရေးနဲ့ လေထဲမှာပင် အခြားလေယာဉ်တွေကို လောင်စာဆီဖြည့်ပေးရာမှာ အသုံးပြုပါတယ်။

နောက်တစ်စီးဖြစ်တဲ့ McDonnell Douglas F/A-18 Hornet တိုက်လေယာဉ်ကတော့ ဒုံးကျည်နဲ့ဗုံးများ သယ်ဆောင်ကာ ခရီးရှည်ပျံသန်းပြီး လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နိုင်ပါတယ်။ ဂျပန်နိုင်ငံမှာ အမေရိကန်တပ်ဖွဲ့ဝင် ၅၀,၀၀၀ ကျော် တပ်စွဲထားပြီး ၎င်းတို့အနက် ၁၈,၀၀၀ ကျော်ဟာ မရိန်းတပ်ဖွဲ့ဝင်တွေ ဖြစ်တယ်လို့ BBC သတင်းမှာ ဖော်ပြပါတယ်။



ဂျပန်မှာ အမေရိကန်လေယာဉ်တွေ စိတ်ချရမှုနဲ့ ပတ်သက်ပြီး အမေရိကန်အနေနဲ့ ပြဿနာများ ကြုံနေခဲ့ရပါတယ်။ နိုဝင်ဘာလအတွင်းကလည်း အိုကီနာဝါကျွန်းတောင်ဘက် ပင်လယ်ပြင်မှာ F/A-18 Hornet တိုက်လေယာဉ်တစ်စီး ပျက်ကျခဲ့ပြီး လေယာဉ်မှူးနှစ်ဦး အရေးပေါ်ခုန်ထွက်နိုင်ခဲ့ပြီး ကယ်ဆယ်နိုင်ခဲ့ပါတယ်။

ယမန်နှစ် ဒီဇင်ဘာလအတွင်းမှာတော့ အမေရိကန် စစ်ဘက်ရဟတ်ယာဉ်တစ်စီး အိုကီနာဝါရှိ စာသင်ကျောင်းပေါ်ကို ပျက်ကျခဲ့ရာ ဒေသခံတွေနဲ့ တင်းမာမှုတွေ ဖြစ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ နှစ်များအတွင်း ဂျပန်မှာ အမေရိကန်တပ်ဖွဲ့နဲ့ ပတ်သက်နေတဲ့ မတော်တဆမှုတွေနဲ့ ရာဇဝတ်မှုတွေ ဖြစ်ပွားခဲ့ရာ အိုကီနာဝါမှာ အမေရိကန်စစ်စခန်း ထားရှိမှုအပေါ် ဒေသခံတွေရဲ့ ကန့်ကွက်မှုတွေ မြင့်တက်လာကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က