သေဆုံးသူတွေအနက် ငါးဦးဟာ အသက် ၁၈ နှစ်အောက် ဆယ်ကျော်သက်တွေ ဖြစ်ပါတယ်။

အီတလီ နိုက်ကလပ်တစ်ခုမှာ လူအစုလိုက်အပြုံလိုက် ကြောက်လန့်တကြား ထွက်ပြေးကြရာမှ လဲကျမှုများအတွင်း လူခြောက်ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။



1000.jpeg

ယနေ့ (ဒီဇင်ဘာ ၈ ရက်) မနက်တစ်နာရီဝန်းကျင်က အီတလီနိုင်ငံအရှေ့ပိုင်း ကမ်းရိုးတန်းမြို့ Ancona အနီး Corinaldo မြို့ရှိ Lanteran Azzurra နိုက်ကလပ်မှာ လူအုပ်ပြိုလဲတဲ့ မတော်တဆမှု ဖြစ်ပွားခဲ့ပါတယ်။ သေဆုံးသူ ခြောက်ဦးအနက် ငါးဦးဟာ အသက် ၁၈ နှစ်အောက် ဆယ်ကျော်သက် မိန်းကလေးသုံးဦးနဲ့ ယောက်ျားလေးနှစ်ဦး ဖြစ်ပါတယ်။

နောက်ထပ် သေဆုံးသူတစ်ဦးကတော့ သမီးနဲ့အတူ နိုက်ကလပ်မှာ ကျင်းပပြုလုပ်တဲ့ ဂီတပွဲကိုလာရောက်သူ အမျိုးသမီးဖြစ်တယ်လို့ မီဒီယာတွေက ပြောပါတယ်။ ယခုဖြစ်ရပ်အတွင်း ဒဏ်ရာရခဲ့သူတွေအနက် အများအပြားဟာ အရိုးကျိုးဒဏ်ရာရခဲ့ပြီး ၁၂ ဦးကတော့ ဒဏ်ရာပြင်းထန်တယ်လို့ သိရပါတယ်။



နိုက်ကလပ်မှာ လူအုပ်ပြိုလဲကျမှု ဖြစ်ပွားရတဲ့ အကြောင်းရင်းကို လတ်တလလာ အတိအကျ မသိရသေးပါဘူး။ အီတလီမီဒီယာတွေကတော့ တစ်စုံတစ်ဦးက ငရုပ်ကောင်းဘူးတစ်ခုဖြင့် ဖြန်းခဲ့ပြီးနောက် လူအုပ်စုက နိုက်ကလပ်အပြင်ကို ကြောက်လန့်တကြား ထွက်ပြေးခဲ့ကြရာမှ လဲကျမှုတွေဖြစ်ခဲ့တယ်လို့ ပြောပါတယ်။

"ငရုပ်ကောင်းစပရေးဘူးလိုဟာမျိုးနဲ့ လူအုပ်ထဲကို ဖြန်းလိုက်တော့ လူငယ်တွေက ထွက်ပြေးကြပြီး တစ်ယောက်ပေါ်တစ်ယောက် လဲကျကုန်တယ်၊ လူခြောက်ယောက်သေပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရခဲ့ကြတာ ဝမ်းနည်းစရာပါပဲ" လို့ မီးသတ်ဌာနက Twitte မှာ ပြောထားပါတယ်။



"ကျွန်တော်တို့က ကလပ်ထဲမှာ ကနေပြီးတော့ ဂီတပွဲ စမယ့်အချိန်ကို စောင့်နေခဲ့ကြတယ်၊ အဲဒီအချိန်မှာ အရမ်းစူးရှတဲ့ အနံ့တွေရခဲ့တယ်" လို့ လူအုပ်ပြိုလဲကျမှုအတွင်း ဒဏ်ရာရပြီး ဆေးရုံရောက်ခဲ့သူ အသက် ၁၆ နှစ်အရွယ် ဆယ်ကျော်သက်တစ်ဦး မီဒီယာကို ပြောခဲ့ပါတယ်။

"အဲဒီအနံ့တွေရတော့ ကျွန်တော်တို့လည်း အရေးပေါ်ထွက်ပေါက်တစ်ခုဆီ ထွက်ပြေးခဲ့ကြတယ်၊ ဒါပေမဲ့ ထွက်ပေါက်တံခါး ပိတ်ထားတာတွေ့ရပြီး နိုက်ကလပ်လုံခြုံရေးတွေက ကျွန်တော်တို့ကို ပြန်သွားဖို့ပြောခဲ့တယ်" လို့ အဆိုပါ ဆယ်ကျော်သက်က ဆက်လက် ပြောပါတယ်။



လူအစုလိုက်အပြုံလိုက် နိုက်ကလပ်အပြင်ကို တိုးဝှေ့ထွက်ပြေးရန် ကြိုးပမ်းကြစဉ် နံရံငယ်တစ်ခု ပြိုကျမှုကြောင့် သေဆုံးဒဏ်ရာရခဲ့ကြတယ်လို့ မျက်မြင်တွေက ပြောကြားမှုတွေလည်း ရှိခဲ့ပါတယ်။

လူအုပ်ပြိုလဲကျတဲ့ မတော်တဆမှု ဖြစ်ပွားစဉ်မှာ နိုက်ကလပ်အတွင်း လူ ၁,၀၀၀ ဝန်းကျင်အထိ ရှိနေခဲ့ပြီး ငယ်ရွယ်သူတွေ အများအပြား ပါဝင်ပါတယ်။ လူအုပ်ပြိုလဲမှုဖြစ်ခဲ့တဲ့ Lanteran Azzurra နိုက်ကလပ်မှာ အီတလီ ရက်(ပ်)အဆိုတော် Sfera Ebbasta က လာရောက်သီဆိုဖျော်ဖြေရန် စီစဉ်ထားခဲ့ကြောင်း Reuters သတင်းမှာ ဖော်ပြပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က