အသက်အရွယ် အိုးမင်းမှုကြောင့် သေဆုံးသွားခဲ့ပါတယ်။

သန်မာကြီးမားတဲ့ ကြွက်သားတွေနဲ့ ကာယဗလမောင်ကဲ့သို့ ကိုယ်လုံးကိုယ်ပေါက်ကြောင့် အင်တာနက်မှာ နာမည်ကြီးခဲ့တဲ့ ရော်ဂျာအမည်ရှိ သားပိုက်ကောင်ဟာ အသက် ၁၂ နှစ်အရွယ်မှာ သေဆုံးသွားခဲ့ပြီလို့ သြစတြေးလျနိုင်ငံရှိ သားပိုက်ကောင်ဘေးမဲ့တော (Kangaroo Sanctuary) တည်ထောင်သူက ပြောပါတယ်။



ရော်ဂျာဟာ အသက်အရွယ် အိုးမင်းမှုကြောင့် သေဆုံးသွားခဲ့တယ်လို့ သားပိုက်ကောင်ဘေးမဲ့တော တည်ထောင်သူနဲ့ သားပိုက်ကောင် ကယ်ဆယ်ရေးသမား Chris Brolga Barns က ဗီဒီယိုထုတ်ပြန်ချက်မှာ ပြောခဲ့ပါတယ်။ ဗလတောင့်တောင့်နဲ့ အင်တာနက်နာမည်ကျော် သားပိုက်ကောင်ရော်ဂျာဟာ ဒီဇင်ဘာ ၈ ရက်မှာ သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။


"ဒီနေ့က အရမ်းဝမ်းနည်းစရာကောင်းပါတယ်၊ ကျွန်တော်တို့ရဲ့ ခန့်ညားလှပတဲ့ ကောင်လေးရော်ဂျာကို ဆုံးရှုံးလိုက်ရပါပြီ၊ ရော်ဂျာသေဆုံးသွားပါပြီ၊ သူက အသက် ၁၂ နှစ်ရှိပြီလည်း ဖြစ်ပါတယ်၊ ဒီဘေးမဲ့တောကို လွန်ခဲ့တဲ့ ဆယ်နှစ်တုန်းက ရော်ဂျာနဲ့ သူ့ရဲ့ကြင်ဖော်နှစ်ဦးဖြစ်တဲ့ Ella, Abigail တို့ နေထိုင်ကြဖို့အတွက် ကျွန်တော် တည်ထောင်ခဲ့ပါတယ်" လို့ Chris Brolga Barns က ပြောပါတယ်။


ရော်ဂျာကို မိခင်ဖြစ်တဲ့ သားပိုက်ကောင်မကြီး ကားတိုက်ခံရမှုကြောင့် သေဆုံးသွားခဲ့ပြီးနောက် အကောင်ငယ်လေးအရွယ်မှာ ကယ်တင်ထားခဲ့တာ ဖြစ်ပါတယ်။ ဘေးမဲ့တောမှာ ထိန်းသိမ်းစောင့်ရှောက်ထားခဲ့ပြီး နောက်ပိုင်းမှာတော့ ရော်ဂျာဟာ ၆ ပေ ၇ လက်မအထိ မြင့်မားပြီး ကိုယ်အလေးချိန် ၁၉၆ ပေါင်အထိရှိလာကာ သန်မာထွားကျိုင်းတဲ့ သားပိုက်ကောင်ဖြစ်လာခဲ့ပါတယ်။


ဗလတောင့်တောင့်နဲ့ ကြည့်ကောင်းတဲ့ သားပိုက်ကောင်ရော်ဂျာမှာ ကြင်ဖော် သားပိုက်ကောင်အမ ၁၂ ကောင် ရှိခဲ့တယ်လို့ ဆိုပါတယ်။ လက်ရှိအချိန်မှာတော့ Chris Brolga Barns တည်ထောင်ခဲ့တဲ့ သားပိုက်ကောင် ဘေးမဲ့တောမှာ သားပိုက်ကောင် ၅၀ ကျော် ရှိနေပြီလည်း ဖြစ်ပါတယ်။ သေဆုံးသွားတဲ့ သားပိုက်ကောင်ရော်ဂျာဟာ ၂၀၁၅ ခုနှစ်မှာ ကမ္ဘာကျော်ဖြစ်လာခဲ့ပါတယ်။


သန်မာတဲ့ကြွက်သားတွေနဲ့ ဗလတောင့်တောင့် ရော်ဂျာက လက်ဆွဲပုံးတစ်ပုံးကို သူ့ရဲလက်ထဲမှာ ဖိညှစ်နေဟန် ဓာတ်ပုံက အင်တာနက်မှာပျံ့နှံ့သွားပြီးနောက် သားပိုက်ကောင်ရော်ဂျာ နာမည်ကြီးသွားခဲ့တယ်လို့ The Guardian သတင်းမှာ ဖော်ပြပါတယ်။ သားပိုက်ကောင်တွေဟာ အသက် ၁၄ နှစ်အထိ ရှင်သန်နေထိုင်နိုင်ကြတယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က