AD
AD
AD

တောင်ကိုရီးယားနိုင်ငံ အနောက်တောင်ဘက်ကမ်းလွန် ပင်လယ်ပြင်မှာ ကူးတို့သင်္ဘောတစ်စီး ကြီးမားတဲ့ ကျောက်ဆောင်တစ်ခုနဲ့ ဝင်တိုက်မိခဲ့တာကြောင့် သင်္ဘောပေါ်မှာလိုက်ပါလာတဲ့ ခရီးသည်နဲ့ အမှုထမ်း ၁၆၃ ဦးကို ကမ်းခြေစောင့်တပ်ဖွဲ့က ကယ်တင်ခဲ့ရပါတယ်။

play
ကူးတို့သင်္ဘောပေါ်မှ ခရီးသည်အချို့ကို တွေ့ရစဉ်


မတ်လ ၂၄ ရက်က ဆိုးလ်မြို့တောင်ဘက် ၂၄၈ မိုင်အကွာ Shinan ကောင်တီအနီး ပင်လယ်ပြင်မှာ ဖြစ်ပွားခဲ့တဲ့ သင်္ဘောတိုက်မှုအတွင်း လူခြောက်ဦးထက်မနည်း ဒဏ်ရာအနည်းငယ်စီရခဲ့ကြောင်း သိရပါတယ်။

ကျောက်ဆောင်နဲ့တိုက်မိခဲ့တဲ့ ကူးတို့သင်္ဘောမှ ခရီးသည် ၁၅၈ ဦးနဲ့ သင်္ဘောအမှုထမ်း ၅ ဦးတို့ကို ကမ်းခြေစောင့်တပ်ဖွဲ့သင်္ဘောနဲ့ ငါးဖမ်းစက်လှေများဖြင့် ကယ်တင်ခဲ့ပါတယ်။

play
ကျောက်ဆောင်နှင့်ဝင်တိုက်ခဲ့သည့် တောင်ကိုရီးယား ကူးတို့သင်္ဘော


ကူးတို့သင်္ဘောက ငါးဖမ်းစက်လှေကို ရှောင်တိမ်းခဲ့ရာမှ ကျောက်ဆောင်နဲ့ဝင်တိုက်မိခဲ့ကြောင်း ကမ်းခြေစောင့်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက AP သတင်းဌာနကို ပြောခဲ့ပါတယ်။ သင်္ဘောတိုက်မှု ဖြစ်ပွားစဉ်မှာ မြူဆိုင်းနေပြီး မြင်ကွင်းမရှင်းလင်းတဲ့ ရာသီဥတု အခြေအနေ ဖြစ်တယ်လို့ သိရပါတယ်။

ကမ်းခြေစောင့်တပ်ဖွဲ့က ကူးတို့သင်္ဘောပေါ်မှာ လိုက်ပါလာတဲ့ ခရီးသည်တွေနဲ့ သင်္ဘောအမှုထမ်းတွေကို မတော်တဆမှု ဖြစ်ပွားရတဲ့ အကြောင်းရင်းနဲ့ပတ်သက်ပြီး မေးမြန်းရန်စီစဉ်ထားတယ်လို့ ဆိုပါတယ်။

play
တောင်ကိုရီးယား ကမ်းခြေစောင့်တပ်ဖွဲ့ သင်္ဘောတစ်စီး


အရက်သောက်ထားခြင်းရှိ မရှိ စစ်ဆေးမှုအရ သင်္ဘောအမှုထမ်းအားလုံးဟာ အရက်သောက်ထားခဲ့ခြင်း မရှိကြောင်းလည်း သိရပါတယ်။ ယခု မတော်တဆမှု ဖြစ်ပွားခဲ့တဲ့ ပင်လယ်ပြင်နေရာဟာ ၂၀၁၄ ခုနှစ်က MV Sewol ကူးတို့သင်္ဘောနစ်မြုပ်ပြီး လူ ၃၀၀ ကျော် သေဆုံးခဲ့တဲ့ နေရာအနီးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD