AD
AD
AD

မလေးရှားအစိုးရပိုင် 1MDB ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ ရန်ပုံငွေအရှုပ်အထွေးနဲ့ဆက်စပ်ပြီး အမေရိကန်အခြေစိုက် Goldman Sachs Inc ဘဏ်လုပ်ငန်းရှင်နှစ်ဦးနဲ့ မလေးရှားနိုင်ငံမှ ရင်းနှီးမြှုပ်နှံသူငွေရှင် Low Taek Jho တို့ကို အမေရိကန်အစိုးရရှေ့နေတွေက နိုဝင်ဘာ ၁ ရက်မှာ ရာဇဝတ်မှုဆိုင်ရာပြစ်မှုများဖြင့် စွဲချက်တင်လိုက်ကြောင်း သိရပါတယ်။

play
လွတ်မြောက်နေသည့် မလေးရှား ရင်းနှီးမြှုပ်နှံသူ Low Taek Jho (Photo: AFP)


Goldman Sachs အတွက် အာရှဒေသမှ စီးပွားဖက်ဟောင်းဖြစ်တဲ့ Tim Leissner က ငွေကြေးခဝါချမှုနဲ့ Foreign Corrupt Practices Act ကို ချိုးဖောက်ရန် ပူးပေါင်းကြံစည်ခဲ့ကြောင်း ထွက်ဆိုခဲ့တယ်လို့ အမေရိကန် အစိုးရရှေ့နေတွေက ပြောပါတယ်။

Tim Leissner က ဒဏ်ကြေးငွေ အမေရိကန်ဒေါ်လာ ၄၃.၇ သန်း ပေးဆောင်ရန် သဘောတူခဲ့ကြောင်းလည်း သိပါတယ်။ နောက်ထပ် Goldman Sachs ဘဏ်လုပ်ငန်းရှင်ဖြစ်သူ Roger Ng ကိုလည်း မလေးရှားနိုင်ငံမှာ ဖမ်းဆီးခဲ့ကြောင်း ရှေ့နေတွေက ပြောပါတယ်။

တတိယမြောက်ပုဂ္ဂိုလ်ဖြစ်တဲ့ ရင်းနှီးမြှုပ်နှံသူ Low Taek Jho ကတော့ လွတ်မြောက်နေဆဲဖြစ်ကြောင်း BBC သတင်းမှာ ဖော်ပြထားပါတယ်။ ယခုအမှုကိစ္စနဲ့ ပတ်သက်ပြီး Goldman Sachs က မှတ်ချက်ပေးပြောကြားမှု မရှိသေးဘူးလို့ ဆိုပါတယ်။

play
Photo: Goldman Sachs


Goldman Sachs ရင်းနှီမြှုပ်နှံမှုဘဏ်ဟာ မလေးရှားအစိုးရပိုင် 1Malaysia Development Berhad (1MDB) ကုမ္ပဏီနဲ့ လုပ်ငန်းလုပ်ကိုင်မှုအတွက် အမေရိကန်ဒေါ်လာ သန်း ၆၀၀ ဝင်ငွေရခဲ့ပါတယ်။

Goldman Sachs က 1MDB ကိစ္စနဲ့ပတ်သက်ပြီး မမှန်မကန် လုပ်ဆောင်ထားမှုမရှိကြောင်း ယခင်က အကြိမ်ကြိမ်ငြင်းဆိုထားခဲ့ပြီး အာဏာပိုင်တွေနဲ့ အပြည့်အဝ ပူးပေါင်းဆောင်ရွက်နေကြောင်း ပြောထားခဲ့ပါတယ်။

ခန့်မှန်းခြေအားဖြင့် 1MDB ရဲ့ ဘဏ္ဍာငွေ အမေရိကန်ဒေါ်လာ ၄.၅ ဘီလီယံကို မလေးရှားအစိုးရ ခေါင်းဆောင်ပိုင်းတွေနဲ့ ၎င်းတို့ရဲ့ အပေါင်းအပါတွေက အလွဲသုံးစားပြုခဲ့ကြောင်း အမေရိကန် တရားရေးဝန်ကြီးဌာနက စွပ်စွဲထားပါတယ်။

play
စွဲချက်အများအပြားနဲ့ ရင်ဆိုင်နေရသည့် နဂျစ် (အလယ်မှ) (Photo: Reuters)


1MDB ကို လက်ရှိမှာ ငွေကြေးခဝါချမှု၊ အဂတိလိုက်စားမှုနဲ့ အာဏာအလွဲသုံးမှု အပါအဝင် စွဲချက်အများအပြားဖြင့် စွဲချက်တင်ခံထားရသူ မလေးရှားဝန်ကြီးချုပ်ဟောင်း နဂျစ်ရာဇက်ခ်က ၂၀၀၉ ခုနှစ်မှာ တည်ထောင်ခဲ့တာဖြစ်ပါတယ်။ 1MDB ငွေကြေးအရှုပ်အထွေးနဲ့ ဆက်စပ်ပြီး နဂျစ်နဲ့ဇနီးတို့ကို မလေးရှား အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စစ်ဆေးမေးမြန်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။

play
1MDB စီမံကိန်းတစ်ခု (Photo: Bloomberg)


ဒါ့အပြင် ၎င်းတို့နဲ့ဆက်နွယ်နေတဲ့ ငွေနဲ့ လက်ဝတ်ရတနာများ အပါအဝင် တန်ဖိုးကြီးပစ္စည်းတွေကို သိမ်းဆည်းမှုတွေလည်း ရှိခဲ့ပါတယ်။ ဝန်ကြီးချုပ်ဟောင်းနဂျစ်နဲ့ ဇနီးဖြစ်သူတို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ဖမ်းဆီးခဲ့ပြီးနောက် လက်ရှိမှာ အာမခံဖြင့် ပြန်လွှတ်ပေးထားပြီး အမှုရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

1MDB ရဲ့ အမေရိကန်ဒေါ်လာ ဘီလျံနဲ့ချီတဲ့ ငွေကြေးအရှုပ်အထွေးနဲ့ ပတ်သက်ပြီး အမေရိကန် အပါအဝင် အနည်းဆုံး နိုင်ငံခြောက်နိုင်ငံမှာ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD