AD
AD
AD

ရုရှားအစိုးရက ဗြိတိန်သံတမန် ၂၃ ဦးကို နိုင်ငံမှနှင်ထုတ်သွားမှာဖြစ်ပြီး ဗြိတိန်အစိုးရဲ့ ယဉ်ကျေးမှုနဲ့ ပညာရေးဆိုင်ရာ အဖွဲ့အစည်း ဗြိတိသျှကောင်စီကိုလည်း လုပ်ငန်းများရပ်ဆိုင်းစေကာ ပိတ်ပင်သွားမယ်လို့ ယနေ့ (မတ်လ ၁၇ ရက်) ကြေညာလိုက်ပါတယ်။

play
ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြန်ထွက်လာသည့် ဗြိတိန်သံအမတ်


ဗြိတိန်နိုင်ငံမှာ ရုရှားသူလျှိုဟောင်းနဲ့ သမီးဖြစ်သူတို့ အာရုံကြောပျက်စီးစေတဲ့ ဓာတုအဆိပ်ခတ်ခံခဲ့ရတဲ့ ဖြစ်ရပ်နဲ့ပတ်သက်ပြီး ဗြိတိန်အစိုးရရဲ့ အရေးယူဆောင်ရွက်မှုကို တုံ့ပြန်မှုဖြစ်ကြောင်း ရုရှားအစိုးရက ဆိုပါတယ်။

'မော်စကိုမြို့ ဗြိတိန်သံရုံးမှ သံတမန် ၂၃ ဦးကို တစ်ပတ်အတွင်း နိုင်ငံမှနှင်ထုတ်သွားပါမယ်' လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဗြိတိန်သံအမတ်ကြီး Laurie Bristow ကို ဆင့်ခေါ်ခဲ့ပြီးနောက် သတင်းထုတ်ပြန်ရာမှာ ပြောကြားခဲ့ပါတယ်။

play
ရုရှားသမ္မတ ဗလာဒီမာပူတင်


ယခုလုပ်ဆောင်မှုဟာ ရုရှားသူလျှိုဟောင်းနဲ့သမီးတို့ ဓာတုအဆိပ်ဖြင့် တိုက်ခိုက်ခံရမှုမှာ ဗြိတိန်အစိုးရက ရုရှားလက်ချက်ဖြစ်ကြောင်း စွပ်စွဲခဲ့မှုနဲ့ ရုရှားသံတမန်တွေကို နှင်ထုတ်ခဲ့မှုအပေါ် တုံ့ပြန်မှုဖြစ်တယ်လို့လည်း အဆိုပါ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားကြောင်း သိရပါတယ်။

play
ဓာတုအဆိပ်ခတ်ခံရသည့် ရုရှားသူလျှိုဟောင်းနှင့် သမီး


ပြီးခဲ့တဲ့ မတ်လ ၄ ရက်က လန်ဒန်မြို့အနောက်ဘက် မိုင် ၉၀ အကွာရှိ ဆာလစ်ဘာရီမြို့မှာ အသက် ၆၆ နှစ်အရွယ် ရုရှားသူလျှိုဟောင်း ဆာဂီစကရီပါးလ်နဲ့ အသက် ၃၃ နှစ်အရွယ် သမီးဖြစ်သူ ယူလီယာတို့ကို အာရုံကြော ပျက်စီးစေတဲ့ ဓာတုအဆိပ်ခတ်ပြီး လုပ်ကြံသတ်ဖြတ်မှု ဖြစ်ပွားခဲ့ပါတယ်။ လက်ရှိမှာ ၎င်းတို့နှစ်ဦးလုံးဟာ အသက်အန္တရာယ် စိုးရိမ်ရတဲ့အခြေအနေ ဖြစ်နေဆဲလို့ သိရပါတယ်။

play
ဗြိတိန်ဝန်ကြီးချုပ် ထရီဆာမေ


စုံစမ်းစစ်ဆေးမှုတွေအရ ၎င်းတို့နှစ်ဦးကို Novichok အမည်ရှိ အာရုံကြောပျက်စီးစေတဲ့ ဓာတုအဆိပ်သုံးပြီး လုပ်ကြံသတ်ဖြတ်ရန် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းနဲ့ အဆိုပါ ဓာတုအဆိပ်ဟာ ရုရှားမှာ ထုတ်လုပ်ခဲ့တာဖြစ်ကြောင်း ဗြိတိန်ဝန်ကြီးချုပ် ထရီဆာမေက ပြောထားပါတယ်။ ဆာဂီစကရီပါးလ်နဲ့သမီးတို့ ဓာတုအဆိပ်ခတ်ခံရမှုဟာ ရုရှားလက်ချက် ဖြစ်နိုင်ခြေများကြောင်းလည်း ထရီဆာမေက ပြောခဲ့ပါတယ်။

play
ရုရှားသူလျှိုဟောင်း အဆိပ်ခတ်ခံရသည့် ဆာလစ်ဘာရီမြို့မှာ စစ်ဆေးနေစဉ်


ရုရှားသူလျှိုဟောင်းနဲ့သမီးကို ဗြိတိန်မြေပေါ်မှာ အဆိပ်ခတ်သတ်ရန် လုပ်ဆောင်မှုကို တုံ့ပြန်အရေးယူမှုအဖြစ် ဗြိတိန်အစိုးရက ရုရှားသံတမန် ၂၃ ဦးကို နှင်ထုတ်ခဲ့ပြီး ယခုနှစ်အတွင်း ရုရှားမှာ ကျင်းပပြုလုပ်မယ့် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကိုလည်း အစိုးရဝန်ကြီးတွေနဲ့ တော်ဝင်မိသားစုဝင်များ တက်ရောက်မှာမဟုတ်တော့ကြောင်း ပြောခဲ့ပါတယ်။

ရုရှားသူလျှိုဟောင်းနဲ့သမီးဖြစ်သူတို့ကို အာရုံကြောပျက်စီးစေတဲ့ ဓာတုအဆိပ်ဖြင့် တိုက်ခိုက်မှုအတွက် ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီနဲ့ အမေရိကန်ပြည်ထောင်စုတို့က ရုရှားအစိုးရက ပြစ်တင်ရှုတ်ချခဲ့ပါတယ်။

ယခုအခါ ရုရှားအစိုးရကလည်း ဗြိတိန်သံတမန်တွေကို နှင်ထုတ်ခြင်းဖြင့် တုံ့ပြန်လာခဲ့ရာ ဗြိတိန်နဲ့ရုရှားတို့ကြား သံတမန်ဆက်ဆံရေး တင်းမာမှုတွေ မြင့်တက်လာနိုင်ကြောင်း သုံးသပ်ထားပါတယ်။

ဗြိတိန်နိုင်ငံမှာ ဆာဂီစကရီပါးလ်နဲ့သမီးတို့ ဓာတုအဆိပ်ခတ်ခံရပြီးနောက် ရုရှားနိုင်ငံမှ ထွက်ပြေးလာသူတစ်ဦး လန်ဒန်မှာသေဆုံးခဲ့မှုကိုလည်း ရဲတပ်ဖွဲ့က လူသတ်မှုအဖြစ် စုံစမ်းစစ်ဆေးနေပါတယ်။ ဗြိတိန်ရဲတပ်ဖွဲ့က ရုရှားနိုင်ငံမှ ထွက်ပြေးလာသူတွေကို လုံခြုံရေးသတိရှိကြရန်လည်း တိုက်တွန်းထားကြောင်း သိရပါတယ်။

ဆာဂီစကရီပါးလ် (Sergei Skripal)

- ဗိုလ်မှူးကြီး ဆာဂီစကရီပါးလ်ဟာ ရုရှားစစ်တပ်ထောက်လှမ်းရေးအရာရှိ ဖြစ်ခဲ့ပြီး ဗြိတိန်နိုင်ငံအတွက် သူလျှိုလုပ်ခဲ့မှုဖြင့် ၂၀၀၆ ခုနှစ်အတွင်း ရုရှားအစိုးရက ၎င်းကို ထောင်ဒဏ် ၁၃ နှစ် ချမှတ်ခဲ့ပါတယ်။

play


- ဆာဂီစကရီပါးလ်က ဥရောပမှာ အသွင်ယူထောက်လှမ်းရေး လုပ်ဆောင်နေတဲ့ ရုရှားသူလျှိုတွေရဲ့ အချက်အလက်တွေကို ဗြိတိန်ထောက်လှမ်းရေး MI6 ထံ ပေးအပ်ခဲ့မှုဖြင့် ထောင်ဒဏ်ချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

- ၂၀၁၀ ခုနှစ် ဇူလိုင်လမှာ အမေရိကန် FBI က ဖမ်းဆီးထားတဲ့ ရုရှားသူလျှို ၁၀ ဦးနဲ့ ရုရှားဘက်မှာ ဖမ်းဆီးထားတဲ့ သူလျှိုလေးဦးတို့ကို လဲလှယ်ခဲ့ရာမှာ ဆာဂီစကရီပါးလ်လည်း ပါဝင်ခဲ့ပြီး ထောင်မှလွတ်မြောက်ခဲ့ပါတယ်။

- ၂၀၁၀ ခုနှစ်က သြစတြီးယားနိုင်ငံ ဗီယင်နာလေဆိပ်မှာ စစ်အေးခေတ်ပုံစံ ဖမ်းဆီးခံ သူလျှိုများလဲလှယ်ခဲ့ပြီးနောက် ဆာဂီစကရီပါးလ်ဟာ လန်ဒန်အနောက်ပိုင်းရှိ ဆာလစ်ဘာရီမြို့မှာ မထင်မရှား နေထိုင်ခဲ့တာ ရှစ်နှစ်ကြာပြီ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ -

ရုရှားသူလျှိုဟောင်းဖြစ်ရပ်နဲ့ ပတ်သက်ပြီး ဗြိတိန်က ရုရှားသံတမန် ၂၃ ဦးကို နှင်ထုတ်

- ရုရှားသူလျှိုဟောင်းကို အဆိပ်ခတ်သတ်ရန်လုပ်ဆောင်မှု ရုရှားလက်ချက် ဖြစ်နိုင်ခြေများဟု ဗြိတိန်ဝန်ကြီးချုပ်ပြော

ရုရှားသူလျှိုဟောင်းကိုသတ်ရန် အသုံးပြုခဲ့တဲ့ ဓာတုအဆိပ်ကို စားသောက်ဆိုင်မှာ တွေ့ရှိရ

အင်္ဂလန်မှာ ရုရှားသူလျှိုဟောင်းကို အာရုံကြောပျက်စီးစေတဲ့ အဆိပ်တစ်မျိုးသုံးပြီးသတ်ရန် ကြိုးပမ်းခဲ့

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD