AD
AD
AD

အယ်လ်ဂျီးရီးယားနိုင်ငံ စစ်ဘက်လေယာဉ်တစ်စီး Algiers မြို့တော်အနီး ပျက်ကျခဲ့ရာ လေယာဉ်ပေါ်မှာ လိုက်ပါသွားသူ ၂၅၇ ဦးလုံး သေဆုံးခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။ စစ်ဘက်လေယာဉ်ဟာ အယ်လ်ဂျီးရီးယားမြို့တော် Algiers မြို့အနောက်ဘက်ရှိ Boufarik စစ်ဘက်လေဆိပ်မှ ပျံတက်ခဲ့ပြီးနောက် ပျက်ကျခဲ့တာ ဖြစ်ပါတယ်။

play


ယနေ့ (ဧပြီ ၁၁ ရက်) ဖြစ်ပွားခဲ့တဲ့ စစ်ဘက်လေယာဉ်ပျက်ကျရမှု အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေကြောင်း သိရပါတယ်။ အယ်လ်ဂျီးရီးယားသမ္မတ Abdelaziz Bouteflika က လေယာဉ်ပျက်ကျမှုအတွင်း သေဆုံးခဲ့သူတွေအတွက် တစ်နိုင်ငံလုံး ဝမ်းနည်းပူဆွေးမှု အထိမ်းအမှတ်ကို သုံးရက်ကြာသတ်မှတ်လိုက်ပါတယ်။

လေယာဉ်ပျက်ကျမှုအတွင်း သေဆုံးခဲ့သူအများစုဟာ စစ်ဘက်အမှုထမ်းတွေနဲ့ ၎င်းတို့ရဲ့ မိသားစုဝင်တွေ ဖြစ်ကြကြောင်း အယ်လ်ဂျီးရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။ သေဆုံးသူတွေအနက် လေယာဉ်အမှုထမ်း ၁၀ ဦးလည်း ပါဝင်ကြောင်း သိရပါတယ်။

play


အာဏာရပါတီ FLN မှ ထိပ်တန်းခေါင်းဆောင်တစ်ဦးရဲ့ အဆိုအရ ယခု စစ်ဘက်လေယာဉ်ပျက်ကျမှုအတွင်း သေဆုံးခဲ့တွေထဲမှာ အယ်လ်ဂျီးရီးယားက ကျောထောက်နောက်ခံပြုထားတဲ့ အနောက်ဆာဟာရဒေသမှ ခွဲထွက်ရေးအုပ်စု Polisario Front မှ အဖွဲ့ဝင် ၂၆ ဦးလည်း ပါဝင်ခဲ့ကြောင်း သိရပါတယ်။

အနောက်ဆာဟာရဒေသကို ၁၉၇၅ ခုနှစ်မှာ စပိန်နိုင်ငံက အုပ်ချုပ်မှုအဆုံးသတ်ခဲ့ပြီးနောက် မော်ရိုကိုနိုင်ငံက သိမ်းယူခဲ့ပါတယ်။ Polisario Front အုပ်စုက ၁၉၇၆ ခုနှစ်ကတည်းက အနောက်ဆာဟာရ လွတ်လပ်ရေးအတွက် လက်နက်ကိုင်တိုက်ခိုက်လာခဲ့ပြီး ၎င်းတို့ရဲ့ အစိုးရအဖွဲ့ကို အယ်လ်ဂျီးရီးယားမှာ အခြေစိုက်ထားကြောင်း သိရပါတယ်။

play


ယခု ပျက်ကျခဲ့တဲ့ စစ်ဘက်လေယာဉ်ဟာ Ilyushin Il-76 အမျိုးအစားဖြစ်ပြီး အယ်လ်ဂျီးယား အနောက်တောင်ပိုင်း Bechar မြို့ကို ပျံသန်းခဲ့တာ ဖြစ်ပါတယ်။ လေယာဉ်ဟာ ခရီးစဉ်အတွင်း မော်ရိုကိုနိုင်ငံနယ်စပ်အနီး အနောက်ဆာဟာရဒေသရှီ Tindouf မြို့မှာ ခရီးတစ်ထောက် ဝင်ရောက်ရပ်နားရန်လည်း စီစဉ်ထားတယ်လို့ ဆိုပါတယ်။

play


ယနေ့ ဖြစ်ပွားခဲ့တဲ့ လေယာဉ်ပျက်ကျမှုဟာ ၂၀၁၄ ခုနှစ် ဇူလိုင်လနောက်ပိုင်း ကမ္ဘာပေါ်မှာ လူသေဆုံးမှုအများဆုံး လေယာဉ်ပျက်ကျမှုလည်း ဖြစ်လာခဲ့ပါတယ်။ ၂၀၁၄ ခုနှစ် ဇူလိုင်လအတွင်းက မလေးရှားလေကြောင်းလိုင်း (Malaysian Airlines) ရဲ့ MH17 ခရီးသည်တင်လေယာဉ်ဟာ ယူကရိန်းနိုင်ငံအရှေ့ပိုင်းမှာ ပစ်ချခံရပြီး လိုက်ပါလာသူ ၂၉၈ ဦးလုံး သေဆုံးခဲ့ပါတယ်။

play
ပျက်ကျခဲ့သည့် Ilyushin Il-76 အမျိုးအစား လေယာဉ်တစ်စီးကို တွေ့ရစဉ်


အယ်လ်ဂျီးရီးယား စစ်ဘက်လေယာဉ်ပျက်ကျမှုဟာ ၂၀၀၃ ခုနှစ်နောက်ပိုင်း ကမ္ဘာပေါ်မှာ ဒုတိယမြောက် လူသေဆုံးမှုအများဆုံး လေယာဉ်ပျက်ကျမှုလည်း ဖြစ်တယ်လို့ သိရပါတယ်။ အယ်လ်ဂျီးရီးယားမှာ ၂၀၁၄ ခုနှစ်အတွင်းကလည်း စစ်ဘက်အမှုထမ်းတွေနဲ့ မိသားစုဝင်တွေကို တင်ဆောင်သွားတဲ့ လေယာဉ်ပျက်ကျမှုကြောင့် လူ ၇၇ ဦး သေဆုံးခဲ့ဖူးပါတယ်။

ပြီးခဲ့တဲ့ ၁၅ နှစ်အတွင်း လူသေဆုံးမှုအများဆုံး လေယာဉ်ပျက်ကျမှုများ

ဇူလိုင် ၁၇၊ ၂၁၀၄ ခုနှစ် - မလေးရှားလေကြောင်းလိုင်းမှ MH17 ခရီးသည်တင်လေယာဉ်ဟာ ယူကရိန်းနိုင်ငံအရှေ့ပိုင်းမှာ မြေပြင်မှဝေဟင်ပစ် ဒုံးကျည်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ပျက်ကျခဲ့ပြီး လိုက်ပါသွားသူ ၂၉၈ ဦးလုံး သေဆုံးခဲ့ပါတယ်။ သေဆုံးသူတွေအနက် ၁၉၃ ဦးဟာ ဒတ်ခ်ျလူမျိုးများ ဖြစ်ပါတယ်။ ရုရှားအစိုးရကိုထောက်ခံတဲ့ သူပုန်အပ်ုစုက MH17 လေယာဉ်ကို မြေပြင်မှဝေဟင်ပစ် ဒုံးကျည်ဖြင့် ပစ်ချခဲ့ကြောင်း စွပ်စွဲမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့ပေမဲ့ အဆိုပါအုပ်စုကတော့ ငြင်းဆိုခဲ့ပါတယ်။

ဖေဖေါ်ဝါရီ ၁၉၊ ၂၀၀၃ ခုနှစ် - လူ ၂၇၆ ဦး လိုက်ပါလာတဲ့ အီရန်စစ်တပ်မှ သယ်ယူပို့ဆောင်ရေးလေယာဉ်တစ်စီး နိုင်ငံတောင်ပိုင်းမှာ ပျက်ကျခဲ့ပြီး အားလုံး သေဆုံးခဲ့ပါတယ်။

ဇွန် ၁၊ ၂၀၀၉ ခုနှစ် - လူ ၂၂၈ ဦးကို တင်ဆောင်လာတဲ့ ပြင်သစ်လေကြောင်းလိုင်းမှ Airbus 330 ခရီးသည်တင်လေယာဉ်ဟာ ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေရိုမြို့မှ ပါရီမြို့သို့ ပျံသန်းစဉ်အတွင်း အတ္တလန်တစ်သမဒ္ဒရာထဲကို ပျက်ကျခဲ့ပါတယ်။ ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေက သေဆုံးသူ ၅၀ ရဲ့ အလောင်းတွေကို ပြန်ရှာတွေ့ခဲ့ပါတယ်။

အောက်တိုဘာ ၃၁၊ ၂၀၁၅ - ရုရှားလေကြောင်းလိုင်း Kogalymavia ရဲ့ Airbus A321 လေယာဉ်ဟာ အီဂျစ်နိုင်ငံ အပန်းဖြေစခန်းမြို့ Sharm el-Sheikh မှ ပျံတက်ခဲ့ပြီးနောက် ၂၂ မိနစ်ခန့်အကြာမှာ Sinai ဒေသ အလယ်ပိုင်းမှာ ပျက်ကျခဲ့ပြီး လိုက်ပါလာသူ ၂၂၄ ဦးလုံး သေဆုံးခဲ့ပါတယ်။ အိုင်အက်စ်အကြမ်းဖက်အဖွဲ့နဲ့ ပူးပေါင်းထားတဲ့ အီဂျစ်အခြေစိုက်အဖွဲ့တစ်ဖွဲ့က လေယာဉ်ကိုပစ်ချခဲ့တယ်လို့ ပြောခဲ့ပါတယ်။ ဆီးရီးယားပြည်တွင်းစစ်မှာ ရုရှားပါဝင်နေမှုကို တုံ့ပြန်ခြင်းဖြစ်တယ်လို့ ၎င်းတို့က ဆိုပါတယ်။

ဇူလိုင် ၇၊ ၂၀၀၇ ခုနှစ် - TAM လေကြောင်းလိုင်းမှ လေယာဉ်တစ်စီးဟာ ဘရာဇီးနိုင်ငံ ဆော်ပေါလိုမြို့ရှိ Congonhas လေဆိပ်မှာဆင်းသက်စဉ် ပျက်ကျခဲ့ပြီး လေယာဉ်ပေါ်မှာ လိုက်ပါလာသူ ၁၈၆ ဦးနဲ့ မြေပြင်မှာရှိနေသူ ၁၃ ဦး သေဆုံးခဲ့ပါတယ်။ အဆိုပါ လေယာဉ်ပျက်ကျမှုဟာ ဘရာဇီးနိုင်ငံမှာ အဆိုးရွားဆုံး လေကြောင်းမတော်တဆမှုလည်း ဖြစ်ခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD