AD
AD
AD

ပြင်သစ်အနောက်တောင်ပိုင်းရှိ စူပါမတ်ကက်တစ်ခုမှာ အိုင်အက်စ်အကြမ်းဖက်အဖွဲ့ကို သစ္စာခံကြောင်း ပြောဆိုခဲ့သူ သေနတ်သမားတစ်ဦးက ပစ်ခတ်ခဲ့ပြီး ဓားစာခံဖမ်းဆီးထားမှု ဖြစ်ပွားခဲ့ရာ လူသုံးဦးထက်မနည်း သေဆုံးခဲ့ကြောင်း လုံခြုံရေးသတင်းရင်းမြစ်တွေက AFP သတင်းဌာနကို ပြောပါတယ်။

play


ယနေ့ (မတ်လ ၂၃ ရက်) ဒေသစံတော်ချိန် မနက် ၁၁ နာရီ ၁၅ မိနစ်ဝန်းကျင်က Trebes မြို့ငယ်လေးရှိ Super U စူပါမတ်ကက်ကို သေနတ်သမားက စီးနင်းဝင်ရောက် ပစ်ခတ်ခဲ့ပြီးနောက် ဓားစာခံတွေကို ဖမ်းဆီးထားခဲ့ပါတယ်။

သေနတ်သမားနဲ့ စေ့စပ်ညှိနှိုင်းမှု ပြုလုပ်ခဲ့ပေမဲ့ မအောင်မြင်ခဲ့ပြီးနောက် ပြင်သစ်ရဲတပ်ဖွဲ့က စူပါမတ်ကက်အတွင်း ထိုးဖောက်ဝင်ရောက်ကာ သေနတ်သမားကို  အသေပစ်သတ်ခဲ့ကြောင်း သိရပါတယ်။

ယခုဖြစ်ရပ်အတွင်း အခြားလူနှစ်ဦးလည်း ဒဏ်ရာရခဲ့ပါတယ်။ စူပါမတ်ကက်ကို ထိုးဖောက်ဝင်ရောက်မှုမှာ ပါဝင်ခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တစ်ဦးကတော့ သေနတ်သမားကို ရှင်းလင်းသုတ်သင်မှုအတွင်း ဓားစာခံအားလုံး ဒဏ်ရာရခဲ့ကြတယ်လို့ ဆိုပါတယ်။ အဆိုပါ ရဲတပ်ဖွဲ့ဝင်က ၎င်းရဲ့အမည်ကို ထုတ်ဖော်ပြောဆိုခြင်း မပြုခဲ့ပါဘူး။

play


မျက်မြင်တွေ့ရှိခဲ့သူတစ်ဦးရဲ့ အဆိုအရ စူပါမတ်ကက်ကို စီးနင်းခဲ့သူဟာ သေနတ်တစ်လက်၊ လက်ပစ်ဗုံးများနဲ့ ဓားများ အသုံးပြုခဲ့တယ်လို့ သိရပါတယ်။ အစောပိုင်းက ထွက်ပေါ်လာတဲ့ သတင်းရင်းမြစ်တစ်ခုက စူပါမတ်ကက်ကို စီးနင်းပြီး ဓားစာခံများ ဖမ်းဆီးခဲ့သူဟာ မော်ရိုကိုနိုင်ငံသား အမျိုးသားတစ်ဦး ဖြစ်တယ်လို့ ဆိုပါတယ်။

play
ဓားစာခံဖမ်းဆီးမှု ဖြစ်ပွားကြောင်း ပြင်သစ်သမ္မတကို ပြောကြားနေစဉ်


Trebes မြို့ရှိ Super U စူပါမတ်ကက်မှာ ဓားစာခံဖမ်းဆီးမှု မဖြစ်ပွားမီ ၁၅ မိနစ်ကလည်း Carcassonne မြို့မှာ ရဲတပ်ဖွဲ့ဝင်တစ်ဦး ပစ်ခတ်ခံခဲရကြောင်း သိရပါတယ်။ ပြင်သစ်နိုင်ငံမှာ ၂၀၁၅ ခုနှစ်က ဂျီဟတ်ဝါဒီတွေရဲ့ အကြမ်းဖက်တိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီးနောက် လက်ရှိအချိန်ထိ အကြမ်းဖက်မှုအန္တရာယ် သတိပေးချက် ထုတ်ပြန်ထားဆဲ ဖြစ်ပါတယ်။

play


၂၀၁၅ ခုနှစ် နိုဝင်ဘာအတွင်း ပါရီမြို့မှာ အိုင်အက်စ်အကြမ်းဖက်သမားတွေက ဘားဆိုင်များ၊ စားသောက်ဆိုင်များ၊ Batalclan ဂီတဖျော်ဖြေပွဲနေရာနဲ့ အားကစားကွင်းတို့မှာ ဗုံးခွဲမှုနဲ့ သေနတ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် လူ ၁၂၀ သေဆုံးခဲ့ပါတယ်။

နောက်ဆက်တွဲသတင်း - စူပါမတ်ကက်တိုက်ခိုက်ခံရမှုမှာ ဓားစာခံအဖြစ် ကိုယ်တိုင်အဖမ်းခံခဲ့တဲ့ သူရဲကောင်း ပြင်သစ်ရဲအရာရှိ ကွယ်လွန်

ပြင်သစ်မှာ လတ်တလောနှစ်များအတွင်း ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုများ

အောက်တိုဘာ ၁ ရက်၊ ၂၀၁၇ - မာဆေးလ်မြို့ ရထားဘူတာရုံမှာ အမျိုးသားနှစ်ဦး ဓားထိုးခံရပြီး သေဆုံးခဲ့ပါတယ်။ အိုင်အက်စ်အကြမ်းဖက်အဖွဲ့က ထိုတိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့ကြေင်း ပြောခဲ့ပါတယ်။

ဇူလိုင် ၂၆ ရက်၊ ၂၀၁၆ - နော်မန်ဒီဒေသ Saint-Etienne-du-Rouvray ရှိ ခရစ်ယာန်ဘုရားကျောင်းမှ ဘုန်းတော်ကြီးကို တိုက်ခိုက်သူနှစ်ဦးက လည်ပင်းလှီးသတ်ခဲ့ပါတယ်။ ၎င်းတို့ကို ရဲတပ်ဖွဲ့ အသေပစ်သတ်ခဲ့ပါတယ်။

ဇူလိုင် ၁၄ ရက်၊ ၂၀၁၆ - နိစ်မြို့ကမ်းခြေလမ်းမတစ်လျှောက်မှာ ပြင်သစ်အမျိုးသားနေ့ အထိမ်းအမှတ် မီးရှူးမီးပန်း ပစ်ဖောက်မှုတွေကို ကြည့်ရှုနေတဲ့ လူအုပ်စုကို ကုန်တင်ကားကြီးတစ်စီးဖြင့် အကြမ်းဖက်ဝင်တိုက်ခဲ့မှုကြောင့် လူ ၈၆ ဦး သေဆုံးခဲ့ပါတယ်။ တူနီးရှားနွယ်ဖွား ကုန်တင်ကားမောင်းသူကို ရဲတပ်ဖွဲ့က အသေပစ်သတ်ခဲ့ပါတယ်။ အဆိုပါ အကြမ်းဖက်တိုက်ခိုက်မှုကို ၎င်းတို့ လုပ်ဆောင်ခဲ့ကြောင်း အိုင်အက်စ်အဖွဲ့က ပြောခဲ့ပါတယ်။

ဇွန် ၁၃ ရက်၊ ၂၀၁၆ - ရဲတပ်ဖွဲ့ဝင်တစ်ဦးနဲ့ ၎င်းရဲ့ အဖော်ဖြစ်သူတို့ကို ပါရီမြို့အနောက်ပိုင်း Magnanville ရှိ နေအိမ်မှာ ဂျီဟတ်ဝါဒီတစ်ဦးက ဓားဖြင့်တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ပါတယ်။ အိုင်အက်စ်အဖွဲ့ကို သစ္စာခံထားကြောင်း ပြောဆိုထားတဲ့ အဆိုပါ အကြမ်းဖက်သမားကို ရဲတပ်ဖွဲ့က အသေပစ်သတ်ခဲ့ပါတယ်။

နိုဝင်ဘာ ၁၃ ရက်၊ ၂၀၁၅ - အိုင်အက်စ်အကြမ်းဖက်သမားတွေက ပါရီမြို့ရှိ ဘားဆိုင်များ၊ စားသောက်ဆိုင်များ၊ Batalclan ဂီတဖျော်ဖြေပွဲနေရာနဲ့ အားကစားကွင်းတို့မှာ ဗုံးခွဲမှုနဲ့ သေနတ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် လူ ၁၃၀ သေဆုံးခဲ့ပါတယ်။

ဇန်နဝါရီ ၇ ရက်မှ ၉ ရက်၊ ၂၀၁၅ - ပါရီမြို့ရှိ သရော်စာမဂ္ဂဇင်း Charlie Hebdo ရုံးခန်းကို အစ္စလာမစ် သေနတ်သမားနှစ်ဦး ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့မှုကြောင့် လူ ၁၇ ဦး သေဆုံးခဲ့ပါတယ်။ နောက်တစ်ရက်မှာလည်း အစ္စလာမ်မစ်စစ်သွေးကြွတစ်ဦးက အမျိုးသမီးရဲတပ်ဖွဲ့ဝင်တစ်ဦးကို သတ်ဖြတ်ခဲ့ပြီး ပါရီမြို့ရှိ ဂျူလူမျိုးပိုင် စူပါမတ်ကက်တစ်ခုကို စီးနင်းပြီး ဓားစာခံများ ဖမ်းဆီးထားမှု ဖြစ်ခဲ့ပါတယ်။

အဆိုပါ စစ်သွေးကြွက ဓားစာခံလေးဦးကို သတ်ပစ်ခဲ့ပြီး ရဲတပ်ဖွဲ့က ၎င်းကို အသေပစ်သတ်ခဲ့ပါတယ်။ အခြား သေနတ်သမားနှစ်ဦးကိုလည်း ဝိုင်းပတ်ပိတ်ဆို့ကာ ဖမ်းဆီးခဲ့မှုအတွင်း ရဲတပ်ဖွဲ့က အသေပစ်ခတ် ဖမ်းဆီးခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD