AD
AD
AD

အိန္ဒိယနိုင်ငံ တောင်တန်းထူထပ်ရာဒေသမှာ ကျောင်းဘတ်စ်ကားတစ်စီး ချောက်ထဲထိုးကျသွားမှုကြောင့် ကလေးအများစု အပါအဝင် လူ ၃၀ ထက်မနည်း သေဆုံးခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

play


ကျောင်းကားပေါ်မှာ လိုက်ပါလာသူအများစုဟာ အသက် ၁၀ နှစ်အောက် ကလေးငယ်တွေ ဖြစ်ကြကြောင်း ဒေသခံရဲတပ်ဖွဲ့က ဆိုပါတယ်။ တနင်္လာနေ့ (ဧပြီ ၉ ရက်) ဒေသစံတော်ချိန် ညနေပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ အဆိုပါ ဖြစ်ရပ်အတွင်း ဘတ်စ်ကားမောင်းနှင်သူနဲ့ ဆရာနှစ်ဦးလည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

play
play


အိန္ဒိယမြောက်ပိုင်း ဟီမာချယ်ပရာဒက်ရှ်ပြည်နယ်မှာ ကျောင်းကား ချောက်ထဲထိုးကျမှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ ကျောင်းကားဟာ Nurpur မြို့ရှိ Wazir Ram Singh Pathania Memirial စာသင်ကျောင်းမှ ကလေးငယ် ၄၀ ခန့်ကို တင်ဆောင်မောင်းနှင်လာစဉ် ပြည်နယ်မြို့တော် Shimla မြို့မှ မိုင် ၂၀၀ ခန့်အကွာမှာ ချောက်ထဲထိုးကျမှု ဖြစ်ခဲ့ကြောင်း သိရပါတယ်။

"ကျောင်းကားက ပေ ၂၀၀ လောက်နက်တဲ့ ချောက်ထဲကိုထိုးကျသွားခဲ့ပြီး ကလေးငယ် ၂၇ ဦး၊ ဆရာနှစ်ဦးနဲ့ ကားမောင်းသူတို့ သေဆုံးသွားတယ်" လို့ ဒေသခံရဲတပ်ဖွဲ့မှ အရာရှိ Santosh Patyal က AFP သတင်းဌာနကို ပြောပါတယ်။ ဒဏ်ရာရသူတွေကို နီးစပ်ရာ ဆေးရုံသို့ပို့ဆောင်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

မျက်မြင်တွေ့ခဲ့ရသူတွေက ပြောကြားမှုအရ ကျောင်းကားဟာ ဘီးချော်သွားခဲ့ရာမှ လည်ထွက်သွားခဲ့ပြီး တောင်စောင်းလမ်းကနေ ချောက်ထဲကို ထိုးကျသွားခဲ့တယ်လို့ သိရပါတယ်။ အိန္ဒိယ National Disaster Relief Force (NDRF) အဖွဲ့က ကျောင်းကား မတော်တဆမှု ဖြစ်ခဲ့တဲ့နေရာကို ရောက်ရှိလာပြီး ကားအပျက်အစီးအတွင်း ပိတ်မိနေသူတွေကို ကယ်ထုတ်နိုင်ရန် ကြိုးပမ်းခဲ့ပါတယ်။

play


ကျောင်းကား ချောက်ထဲထိုးကျမှု ဖြစ်ရပ်နဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးရန် ဒေသဆိုင်ရာ အာဏာပိုင်တွေက ညွှန်ကြားထားကြောင်း သိရပါတယ်။ အိန္ဒိယမှာ လမ်းမများနဲ့ မော်တော်ယာဉ်များ အရည်အသွေးညံ့ဖျင်းမှု၊ မဆင်မခြင် မောင်းနှင်မှုတို့ကြောင့် မတော်တဆမှုများ မကြာခဏ ဖြစ်ပွားလေ့ရှိပါတယ်။

အိန္ဒိယဟာ လမ်းမများပေါ် မတော်တဆမှုကြောင့် လူသေဆုံးမှုအများဆုံး နိုင်ငံတစ်နိုင်ငံလည်း ဖြစ်ပါတယ်။ အစိုးရက နောက်ဆုံးထုတ်ပြန်ခဲ့တဲ့ စာရင်းအချက်အလက်အရ ၂၀၁၅ ခုနှစ်အတွင်း အိန္ဒိယမှာ လမ်းမများပေါ် မတော်တဆမှုကြောင့် လူ ၁၅၀,၀၀၀ နီးပါးအထိ သေဆုံးခဲ့ကြောင်း သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

International News

AD