AD
AD
AD

ဗင်နီဇွဲလားနိုင်ငံ ကာရာဘိုဘိုပြည်နယ် ဗလင်စီယာမြို့ရှိ ရဲစခန်းတစ်ခုမှာ ဆူပူအုံကြွမှုနဲ့ မီးလောင်မှု ဖြစ်ပွားခဲ့ရာ လူ ၆၈ ဦး သေဆုံးခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။ ရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အချုပ်သားတွေက ယမန်နေ့ (မတ်လ ၂၈ ရက်) မှာ အချုပ်ထောင်ဖောက်ပြေးရန် မွေ့ယာတွေကို မီးရှို့ခဲ့ရာမှ မီးလောင်မှုစတင်ခဲ့တယ်လို့ ဆိုပါတယ်။

play
ရဲစခန်းအနီးတွေ့ရသည့် အချုပ်သားများ၏ ဆွေမျိုးသားချင်းအချို့


ပြည်နယ်ရှေ့နေချုပ် တာရတ်ခ်ဆက်ဘ်က ယခုဖြစ်ရပ်ကို ချက်ချက်း စုံစမ်းစစ်ဆေးနေပြီလို့ ပြောပါတယ်။ မီးလောင်မှုဖြစ်ပွားစဉ် ရဲစခန်းအနီးရောက်ရှိလာပြီး ထိုးဖောက်ဝင်ရောက်ရန် ကြိုးပမ်းခဲ့ကြတဲ့ အချုပ်သားတွေရဲ့ ဆွေမျိုးသားချင်းတွေကို ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးများသုံးပြီး လူစုခွဲခဲ့ရကြောင်းလည်း သိရပါတယ်။

အချုပ်သား အများအပြားဟာ မီးခိုးမွန်းကျပ်မှုကြောင့် သေဆုံးခဲ့ကြကြောင်း ဆွေမျိုးသားချင်းတွေက ပြောပါတယ်။ သေဆုံးသူတွေအနက် ရဲစခန်းမှာ အချုပ်သားတွေကို လာရောက်တွေ့ဆုံကြတဲ့ အမျိုးသမီးနဲ့ ကလေးငယ် အချို့လည်း ပါဝင်တယ်လို့ သိရပါတယ်။

play
မီးလောင်မှုဖြစ်ပွားခဲ့သည့် ရဲစခန်းအနီး မြင်ကွင်း


ဗင်နီဇွဲလား အချုပ်ခန်းတွေနဲ့ အကျဉ်းထောင်တွေဟာ လူဦးရေထူထပ်မှုကြောင့် နာမည်ဆိုးဖြင့်ကျော်ကြားပြီး အချုပ်ခန်းနဲ့ အကျဉ်းထောင်တွေထဲမှာလည်း လက်နက်များ၊ မူးယစ်ဆေးများနဲ့ ဂိုဏ်းအုပ်စုများ ရှိနေကြတယ်လို့ ဆိုပါတယ်။

စီးပွားရေးအကျပ်အတည်းဖြစ်နေတဲ့ ဗင်နီဇွဲလားဟာ အကျဉ်းထောင်တွေ တိုးချဲ့ပြင်ဆင်ရန် ရုန်းကန်နေရပြီး ထောင်ဒဏ်ချမှတ်ပြီးတဲ့ တရားခံတွေကို ရဲစခန်းများရှိ အချုပ်ခန်းတွေမှာ ယာယီထိန်းသိမ်းထားရလေ့ရှိပါတယ်။ ဗလင်စီယာမြို့မှာလည်း အလားတူ ထိန်းသိမ်းထားရတယ်လို့ ဆိုပါတယ်။

play
အချုပ်သားများ၏ ဆွေမျိုးသားချင်းအချို့


ပြည်နယ်အစိုးရတာဝန်ရှိသူ ဂျီးဆပ်စန်တန်ဒါက ရဲတပ်ဖွဲ့ဝင်တစ်ဦး ပစ်ခတ်ခံရကြောင်းနဲ့ မီးသတ်တပ်ဖွဲ့က မီးလောင်မှုကို ထိန်းချုပ်နိုင်ခဲ့ကြောင်း ပြောပါတယ်။

A Window on Freedom အဖွဲ့အစည်းရဲ့ အကြီးအကဲ ကားလို့စ်နီယာတိုက ဗင်နီဇွဲလားရဲစခန်းအချို့ရဲ့ အချုပ်ခန်းတွေမှာ အချုပ်သားအရေအတွက် ပုံမှန်ထက် ငါးဆပိုများနေကြောင်းလည်း သိရပါတယ်။

ပြီးခဲ့တဲ့လအတွင်းကလည်း ကာရာဘိုဘိုပြည်နယ်ရှိ အခြား အကျဉ်းထောင်တစ်ခုမှာ ဆူပူအုံကြွမှုအတွင်း အကျဉ်းသားတွေနဲ့ အကျဉ်းထောင်စောင့်တွေကို ဓားစာခံအဖြစ် ဖမ်းဆီးထားမှု ဖြစ်ပွားခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD