AD
AD
AD

အာဖဂန်နစ္စတန်စစ်တပ်က နိုင်ငံမြောက်ပိုင်း Kunduz ပြည်နယ်မှာ တာလီဘန်စစ်သွေးကြွတွေကို ပစ်မှတ်ထားပြီး လေကြောင်းမှတိုက်ခိုက်ခဲ့မှုအတွင်း အရပ်သားများ သေဆုံးခဲ့တယ်လို့ သတင်းထွက်ပေါ်ခဲ့ပါတယ်။

play


မျက်မြင်တွေ့ရှိသူတွေရဲ့ အဆိုအရ အာဖဂန်စစ်တပ်မှ တိုက်ခိုက်ရေးရဟတ်ယာဉ်တွေက Dasht-e Archi ဒေသရှိ ဘာသာရေးစာသင်ကျောင်းတစ်ခုကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ အာဖဂန်အစိုးရက လေကြောင်းတိုက်ခိုက်မှုအတွင်း စစ်သွေးကြွ ၂၅ ဦး သေဆုံး သို့မဟုတ် ဒဏ်ရာရခဲ့ကြောင်း ပြောပါတယ်။

သို့သော် Kunduz မှ ဆရာဝန်တစ်ဦးက ဒဏ်ရာပြင်းထန်စွာရခဲ့သူ ၅၀ ကျော် ၎င်းရဲ့ဆေးရုံသို့ ရောက်ရှိလာခဲ့ကြောင်း ပြောခဲ့ပါတယ်။ တာလီဘန်အုပ်စုကတော့ အာဖဂန်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း ၎င်းတို့တိုက်ခိုက်ရေးသမားတွေ သေဆုံးခဲ့ခြင်းမရှိဘဲ အရပ်သားများသာ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

play


အမည်မဖော်တဲ့ Kunduz ဆေးရုံမှ ဆရာဝန်က သေဆုံးဒဏ်ရာရသူတွေအနက် အရပ်သားများနဲ့ ဘာသာရေးစာသင်ကျောင်းမှ ကျောင်းသားများ ပါဝင်ကြောင်း ပြောခဲ့ပါတယ်။ အာဖဂန်စစ်တပ်က လေကြောင်းမှတိုက်ခိုက်ခဲ့တဲ့ Dasht-e-Archi ဒေသကို တာလီဘန်အုပ်စုက ထိန်းချုပ်ထားကြောင်းလည်း သိရပါတယ်။

ပါကစ္စတန်နိုင်ငံ Quetta မှာ အခြေစိုက်တဲ့ တာဘီဘန်အုပ်စု ခေါင်းဆောင်များကောင်စီမှ ကိုယ်စားလှယ်တစ်ဦးက Dasht-e Archi ဒေသကို ရောက်ရှိနေခဲ့တယ်လို့ ဒေသခံ ရဲတပ်ဖွဲ့က Reuters သတင်းဌာနကို ပြောပါတယ်။ လေကြောင်းတိုက်ခိုက်မှုအတွင်း အရပ်သားများ သေဆုံးဒဏ်ရာရမှုရှိခဲ့ပေမဲ့ အသေးစိတ်ကိုတော့ ပြောကြားနိုင်ခြင်း မရှိကြောင်း ရဲတပ်ဖွဲ့က ဆိုပါတယ်။

play


အာဖဂန်စစ်တပ်က ပစ်မှတ်ထားခဲ့တဲ့နေရာမှာ တာလီဘန်စစ်သွေးကြွတွေက စစ်ဆင်ရေးတစ်ခုအတွက် ဆွေးနွေးပြင်ဆင်နေခဲ့ကြောင်းနဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း ၁၅ ဦး သေဆုံးပြီး ၁၀ ဦး ဒဏ်ရာရခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

ဒေသခံ သတင်းအချို့ကတော့ လေကြောင်းတိုက်ခိုက်မှုဟာ ဗလီတစ်ခုကို ထိမှန်ခဲ့ကြောင်း ဖော်ပြခဲ့ပြီး ဘာသာရေးစာသင်ကျောင်းဟာ ဗလီမှာပင် ဖွင့်လှစ်ထားခြင်းဟုတ် မဟုတ် ရှင်းလင်းစွာမသိရသေးဘူးလို့ ဆိုပါတယ်။

"လေကြောင်းတိုက်ခိုက်မှုက နေ့လယ် ၁၂ နာရီလောက်မှာ ဖြစ်ပွားခဲ့တယ်၊ ကလေးတွေက ဗုံးကြဲနေပြီလို့ အော်ဟစ်ခဲ့ကြပေမဲ့ လူကြီးတွေကတော့ မကြောက်ကြဖို့နဲ့ ဘာမှမဖြစ်ဘူးလို့ ပြောခဲ့ကြတယ်၊ ဒါပေမဲ့ ဗုံးတွေက ဗလီကို ထိမှန်ပေါက်ကွဲခဲ့တယ်" လို့ မျက်မြင်တွေ့ရှိသူ မိုဟမ်မက်အစ်ဟတ်က AFP သတင်းဌာနကို ပြောခဲ့ပါတယ်။

play


ဗလီအဆောက်အအုံထဲမှာ အရပ်သားများ၊ ဘာသာရေးကျောင်း စာသင်သားများနဲ့ တာလီဘန် တိုက်ခိုက်ရေးသမားတွေ ရောနှောရှိနေခဲ့ကြောင်း ၎င်းက ဆိုပါတယ်။ ဗလီမှာပြုလုပ်ခဲ့တဲ့ ဘာသာရေးစာသင်ကျောင်း ဆုပေးပွဲအခမ်းအနားကို တက်ရောက်နေခဲ့ကြတာ ဖြစ်တယ်လို့လည်း မိုဟမ်မက်အစ်ဒတ်က ပြောခဲ့ပါတယ်။

တာဘီဘန်အုပ်စု ပြောခွင့်ရအမျိုးသားက လေကြောင်းတိုက်ခိုက်မှုအတွင်း အရပ်သား ၁၅၀ သေဆုံး သို့မဟုတ် ဒဏ်ရာရခဲ့တယ်လို့ ပြောပါတယ်။ တနင်္လာနေ့မှာ ပြုလုပ်ခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး အမေရိကန်တပ်ဖွဲ့တွေ ပါဝင်ခဲ့ခြင်းမရှိကြောင်း အာဖဂန်ရှိ အမေရိကန်တပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ဆိုပါတယ်။

ယမန်နှစ် သြဂုတ်လအတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အာဖဂန်နဲ့ပတ်သက်ပြီး မဟာဗျူဟာအသစ်ကို ကြေညာခဲ့ပြီးနောက်ပိုင်း အာဖဂန်နဲ့ အမေရိကန်တို့ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပိုမိုများပြားလာခဲ့ပါတယ်။

အာဖဂန်မှာ လေကြောင်းတိုက်ခိုက်မှုတွေ တိုးမြှင့်လုပ်ဆောင်လာမှုနဲ့အတူ အရပ်သားများသေဆုံးမှုလည်း မြင့်တက်လာကြောင်း ကုလသမဂ္ဂက ပြောထားပါတယ်။

play


ကုလသမဂ္ဂစာရင်းတွေအရ ၂၀၁၇ ခုနှစ်အတွင်း အစိုးရတပ်ဖွဲ့နဲ့ နိုင်ငံတကာတပ်ဖွဲ့တွေရဲ့ လေကြောင်းတိုက်ခိုက်မှုများအတွင်း အရပ်သား ၆၃၁ ဦး သေဆုံးခဲ့ကြောင်းနဲ့ ၂၀၁၆ ခုနှစ်ကထက် ၇ ရာခိုင်နှုန်း ပိုများခဲ့ကြောင်း သိရပါတယ်။

သို့သော် လေကြောင်းတိုက်ခိုက်မှုအပြင် အခြားတိုက်ခိုက်မှုများကြောင့်ပါ သေဆုံးခဲ့တဲ့ အရပ်သား အရေအတွက်ကတော့ ၉ ရာခိုင်နှုန်း လျော့နည်းသွားခဲ့တယ်လို့ ဆိုပါတယ်။

အာဖဂန်မှာ ၂၀၁၇ ခုနှစ်အတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားများသေဆုံးရမှုဟာ ၂၀၀၉ ခုနှစ်မှာ ကုလသမဂ္ဂက စနစ်တကျ စာရင်းပြုစုခဲ့ပြီးနောက်ပိုင်း တစ်နှစ်အတွင်း သေဆုံးမှုအများဆုံးလည်း ဖြစ်ခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD