International News: အကြီးမားဆုံး Airbus 350 လေယာဉ် ပထမဆုံးအကြိမ် ပျံသန်း

အင်ဂျင်နှစ်လုံးတပ် Airbus A350-1000 လေယာဉ်ဟာ ခရီးသည် ၃၆၆ ဦးမှ ၄၄၀ အထိ လိုက်ပါနိုင်မှာဖြစ်ပြီး A350 အမျိုးအစားအနက် အကြီးဆုံး ဖြစ်ပါတယ်။

play


ပြင်သစ်အခြေစိုက် Airbus က ထုတ်လုပ်တဲ့ A350 အမျိုးအစားများ လေယာဉ်များအနက် အကြီးဆုံးဖြစ်တဲ့ လေယာဉ်ကို နိုဝင်ဘာ ၂၄ ရက်က ပထမဆုံးအကြိမ် ပျံသန်းခဲ့ပါတယ်။ အင်ဂျင်နှစ်လုံးတပ် Airbus A350-1000 လေယာဉ်ဟာ ခရီးသည် ၃၆၆ ဦးမှ ၄၄၀ အထိ လိုက်ပါနိုင်မှာဖြစ်ပြီး A350 အမျိုးအစားအနက် အကြီးဆုံး ဖြစ်ပါတယ်။

 

အကြီးဆုံး A350 လေယာဉ်ရဲ့ ပထမဆုံးအကြိမ် ပျံသန်းမှုအဖြစ် ပြင်သစ်နိုင်ငံ Toulouse-Blagnac လေဆိပ်မှ နိုဝင်ဘာ ၂၄ ရက် ဒေသစံတော်ချိန် နံနက် ၁၀း၄၂ မှာ ထွက်ခွာခဲ့ပြီး ပြင်သစ်တောင်ပိုင်း ကောင်းကင်ယံမှာ နာရီအနည်းငယ်ကြာ ပျံသန်းခဲ့ကြောင်း သိရပါတယ်။ အကြီးမားဆုံး Airbus အမျိုးအစား လေယာဉ်ဟာ မိုင်ပေါင်း ၇,၉၅၀ ခရီးစဉ်ကို ပျံသန်းနိုင်တာကြောင့် ဘော်စတွန်၊ ရှန်ဟိုင်း၊ လော့စ်အိန်ဂျလိစ်၊ မန်ချက်စတာ မြို့ကြီးတွေကြား ခရီးစဉ်တွေကို ပျံသန်းနိုင်မှာ ဖြစ်ပါတယ်။

play


Airbus က A350 လေယာဉ်အမျိုးအစားကို ၂၀၀၆ ခုနှစ်မှာ စတင်ထုတ်လုပ်ခဲ့ပါတယ်။ A350-900 အမျိုးအစား လေယာဉ်ကို ၂၀၁၄ ခုနှစ် နှောင်ပိုင်းမှာ စတင်အသုံးပြုခဲ့ပြီး ခရီးသည် ၃၂၅ ဦး လိုက်ပါနိုင်ကြောင်း သိရပါတယ်။ Airbus က အသစ်ထုတ်လုပ်လိုက်တဲ့ A350-1000 အမျိုးအစား အကြီးမားဆုံး Airbus လေယာဉ်တွေကို ကမ္ဘာတစ်ဝန်းမှ လေကြောင်းလိုင်း ၁၁ ခုက ၁၉၅ စီး မှာကြားထားပါတယ်။

play


Airbus ရဲ့ A350 လေယာဉ်အမျိုးအစား မှာကြားထားမှုမှာ စုစုပေါင်း အစီးရေ ၈၁၀ ရှိတယ်လို့ ဆိုပါတယ်။ A350-1000 လေယာဉ်မှာကြားထားမှုများအနက် ပထမဆုံးအသုတ်အဖြစ် ကာတာလေကြောင်းလိုင်းကို လာမယ့်နှစ်မှာ စတင်ပေးပို့သွားမယ်လို့ Airbus က ဆိုပါတယ်။
Source & Photo: Reuters

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ