AD
AD
AD

လပေါ်မှာလမ်းလျှောက်ခဲ့တဲ့ စတုတ္တမြောက်အမျိုးသား အမေရိကန် အာကာသယာဉ်မှူးဟောင်း အလန်ဘင်းန် ကွယ်လွန်သွားပြီလို့ ၎င်းရဲ့မိသားစုက ပြောပါတယ်။ မေလ ၂၆ ရက်မှ ကွယ်လွန်သွားခဲ့တဲ့ ဘင်းန်ဟာ အသက် ၈၆ နှစ်အရွယ်ဖြစ်ကြောင်း သိရပါတယ်။

play
အပိုလို ၁၂ ခရီးစဉ်အတွင်း လပေါ်မှာ လမ်းလျှောက်ခဲ့သည့် ဘင်းန်


အာကာသယာဉ်မှူးဟောင်း ဘင်းန်က ၎င်းရဲ့ဘဝ နောက်ပိုင်းအချိန်တွေကို ပန်းချီဆရာတစ်ဦးအဖြစ် ဖြတ်သန်းခဲ့ပြီး အာကာသနဲ့ဆက်နွယ်တဲ့ ပန်းချီကားတွေ ရေးဆွဲခဲ့ပါတယ်။ ဘင်းန်ဟာ လွန်ခဲ့တဲ့ သီတင်းနှစ်ပတ်က အင်ဒီယာနာရှိ နေအိမ်မှာ နေမကောင်းဖြစ်လာခဲ့ပြီးနောက် ဟူစတန်မြို့ဆေးရုံမှာ ငြိမ်းချမ်းစွာ ကွယ်လွန်သွားခဲ့ကြောင်း မိသားစုက ပြောပါတယ်။

play
လပေါ်မှာလမ်းလျှောက်ခဲ့ပုံ ကိုယ်တိုင် ရေးဆွဲထားသည့် ပန်းချီကားကို ပြသနေသည့် ဘင်းန်


ဘင်းန်ဟာ ယခင်က အမေရိကန်ရေတပ်မှာ တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၆၃ ခုနှစ်မှာ အာကာသယာဉ်မှူးအဖြစ် လေ့ကျင့်ရန်အတွက် ၎င်းကို NASA က ရွေးချယ်ခဲ့ရပါတယ်။ အာကာသယာဉ်မှူးဘင်းန်ဟာ အာကာသခရီးစဉ် နှစ်ကြိမ်သွားရောက်ခဲ့ပါတယ်။

ဘင်းန်က ပထမဆုံး အာကာသခရီးစဉ်ကို ၁၉၆၉ ခုနှစ် နိုဝင်ဘာလမှာ အပိုလို ၁၂ (Apollo) လပေါ်ဆင်းသက်တဲ့ အာကာသယာဉ်မောင်းနှင်သူအဖြစ် သွားရောက်ခဲ့ကြောင်း သိရပါတယ်။

လပေါ်ကိုဆင်းတဲ့ အာကာသခရီးစဉ်နဲ့ ပတ်သက်ပြီး ရှုပ်ထွေးအန္တရာယ်များကြောင်းကို "ဒီ ခရီးစဉ်က ကျွန်တော်တို့အတွက် စိတ်ကူးယဉ် သိပံ္ပဆန်းကြယ် ဇာတ်လမ်းတွေထက်ပိုပါတယ်" လို့ ဘင်းန်က ပြောခဲ့ဖူးပါတယ်။

play
အပိုလို ၁၂ အာကာသယာဥင်္မှူးများဖြစ်တဲ့ ကွန်ရက်ဒ်၊ ရတ်ချတ်ဂေါ်ဒွန်နှင့် ဘင်းန်


လပေါ်မှာလမ်းလျှောက်ခဲ့တဲ့ အာကာသခရီးစဉ်ပြီးနောက် လေးနှစ်အကြာမှာ ဘင်းန်က အမေရိကန်ရဲ့ ပထမဆုံး အာကာသစခန်း Skylab သို့ ဒုတိယမြောက် သွားရောက်ခဲ့တဲ့ အာကာသခရီးစဉ်ကို ဦးဆောင်လိုက်ပါခဲ့ပါတယ်။

ဘင်းန်ဟာ ၁၉၈၁ ခုနှစ်မှာ NASA ကနေ အငြိမ်းစားယူခဲ့ပြီးနောက် ပန်းချီပညာရှင်တစ်ဦးအဖြစ် အောင်မြင်စွာ ရပ်တည်ခဲ့ကြောင်း သိရပါတယ်။ ဘင်းန်ဟာ မကွယ်လွန်မီအချိန်မှာ ဇနီးဖြစ်သူ လက်စ်လီ၊ ညီမတစ်ဦးနဲ့ ယခင် အိမ်ထောင်မျ ကလေးနှစ်ဦးတို့နဲ့အတူ နေထိုင်ခဲ့ပါတယ်။

play
NASA မှ အငြိမ်းစားယူပြီးနောက် အောင်မြင်သည့် ပန်းချီဆရာအဖြစ် ရပ်တည်ခဲ့သည့် အာကာသယာဉ်မှူးဘင်းန်


ဘင်းန်မတိုင်မီ လပေါ်မှာလမ်းလျှောက်ခဲ့တဲ့ အာကာသယာဉ်မှူးတွေကတော့ ၁၉၆၉ ခုနှစ် ဇူလိုင် ၁၁ ရက်မှာ နီးလ်အမ်းစထရောင်းနဲ့ ဘတ်ဇ်အယ်လ်ဒရင်၊ အပိုလို ၁၂ လပေါ်ဆင်းသက်တဲ့ ခရီးစဉ်မှာလိုက်ပါခဲ့တဲ့ ချားလ်စ်ကွန်ရက်ဒ်တို့ ဖြစ်ကြပါတယ်။

ယခုအခါ ၎င်းတို့လေးဦးအနက် အသက် ၈၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဘတ်ဇ်အယ်လ်ဒရင် တစ်ဦးတည်းသာ သက်ရှိထင်ရှား ကျန်ရှိနေဆဲဖြစ်ပါတယ်။ လက်ရှိအချိန်ထိ လပေါ်ကိုဆင်းသက်တဲ့ အာကာသခရီးစဉ်သွားရောက်ခဲ့သူ ၂၄ ဦးရှိခဲ့ပြီး ၁၂ ဦးဟာ လပေါ်မှာလမ်းလျှောက်နိုင်ခဲ့ကြောင်း သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD