AD
AD
AD

ဗြိတိန်နိုင်ငံ ပြည်ထဲရေးဝန်ကြီး အမ်ဘာရုဒ် ရာထူးမှနုတ်ထွက်သွားကြောင်း သိရပါတယ်။ အမ်ဘာရုဒ်ဟာ ဗြိတိန်မှာ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများကို နိုင်ငံမှ နှင်ထုတ်ရေးအစီအစဉ်နဲ့ ပတ်သက်ပြီး ဝန်ကြီးဌာနကို မှားယွင်းဦးဆောင်မှုပေးခဲ့ကြောင်း ဖိအားပေးဝေဖန်မှုတွေ မြင့်တက်လာပြီးနောက် ရာထူးမှ နုတ်ထွက်သွားခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။

play
အမ်ဘာရုဒ်ကို ဝန်ကြီးချုပ် ထရီဆာမေနှင့်အတူ တွေ့ရစဉ်


ဗြိတိန်မှာ နှစ်ကာလရှည်ကြာစွာ အခြေချနေထိုင်လာခဲ့ကြတဲ့ ကာရေဘီယန်ဒေသခံတွေကို တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေလို့ မှားယွင်းသတ်မှတ်မှု၊ ၎င်းတို့နဲ့ပတ်သက်ပြီး ဆောင်ရွက်မှုတွေအပေါ် ဝန်ကြီးချုပ်ထရီဆာမေ အစိုးရအဖွဲ့ဟာ ဒေါသတကြီး ဝေဖန်မှုတွေ ကြုံခဲ့ရပါတယ်။

ပြည်ထဲရေးဝန်ကြီး အမ်ဘာရုဒ်ကို အဆိုပါကိစ္စအတွက် ရာထူးမှနုတ်ထွက်ရန် ဖိအားပေးမှုတွေလည်း ရှိနေခဲ့ပါတယ်။ အမ်ဘာရုဒ်က ဝန်ကြီးချုပ်ထရီဆာမေထံ ယမန်နေ့ (ဧပြီ ၂၉) ရက် ညပိုင်းမှာ ဖုန်းဆက်သွယ်ပြောဆိုခဲ့ပြီးနောက် ရာထူးမှ နုတ်ထွက်စာတင်ခဲ့တာ ဖြစ်ပါတယ်။

play
ပြည်ထဲရေးဝန်ကြီးအဖြစ်မှ နုတ်ထွက်သွားသည့် အမ်ဘာရုဒ်


ဝန်ကြီးချုပ်ထရီဆာမေကလည်း အမ်ဘာရုဒ် နုတ်ထွက်မှုကို လက်ခံခဲ့ကြောင်း သိရပါတယ်။ အမ်ဘာရုဒ်နေရာကို ဆက်ခံမယ့်သူအား ယနေ့ (ဧပြီ ၃၀ ရက်) ဗြိတိန်စံတော်ချိန် မနက်အစောပိုင်းမှာ ကြေညာသွားမယ်လို့ မျှော်လင့်ရပါတယ်။

ဒုတိယကမ္ဘာစစ်အပြီးမှာ ကာရေဘီယန်ဒေသမှ ဒေသခံတွေဟာ HMT Empire Windrush အမည်ရှိ သင်္ဘောဖြင့် ဗြိတိန်နိုင်ငံကို ရွှေ့ပြောင်းအခြေချလာခဲ့ကြပါတယ်။ ထိုစဉ်ကတည်းက ဗြိတိန်ကိုရောက်ရှိပြီး အခြေချနေထိုင်သူတွေကို Windrush မျိုးဆက်ရွှေ့ပြောင်းနေထိုင်သူများလို့လည်း ခေါ်ဝေါ်ကြပါတယ်။

play
HMT Empire Windrush သင်္ဘောဖြင့် ဗြိတိန်ကို ရွှေ့ပြောင်းလာခဲ့ကြစဉ်


အမ်ဘာရုဒ်ဦးဆောင်တဲ့ ပြည်ထဲရေးဝန်ကြီးဌာနက ဗြိတိန်မှာ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေရဲ့ နောက်ထပ် ၁၀ ရာခိုင်နှုန်းကို လာမယ့် နှစ်အနည်းငယ်အတွင်း နိုင်ငံမှ နှင်ထုတ်သွားရန် ရည်ရွယ်ထားကြောင်း သိရပါတယ်။ ထိုသို့ နှင်ထုတ်ရာမှာ Windrush မျိုးဆက်တွေကိုလည်း ပစ်မှတ်ထားနှင်ထုတ်ရန် ပြည်ထဲရေးဝန်ကြီးဌာနက စီစဉ်နေကြောင်းလည်း သတင်းပေါက်ကြားလာခဲ့ပါတယ်။

အဆိုပါကိစ္စနဲ့ပတ်သက်ပြီး ၂၀၁၇ ခုနှစ်အတွင်း ပြည်ထဲရေးဝန်ကြီး အမ်ဘာရုဒ်က ဝန်ကြီးချုပ်ထရီဆာမေထံ ရေးသားပေးပို့ခဲ့တဲ့ စာတစ်စောင်ကို The Guardian သတင်းဌာနက လက်ခံရရှိသွားခဲ့ရာ ပြည်ထဲရေးဝန်ကြီးနဲ့ အစိုးရအဖွဲ့ကို ဖိအားပေး ဝေဖန်မှုတွေ ပိုမိုမြင့်တက်လာခဲ့ကြောင်း သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD