AD
AD
AD

ဂါဇာကမ်းမြောင်ဒေသမှာ ပါလက်စတိုင်းဆန္ဒပြသူတွေနဲ့ အစ္စရေးလုံခြုံရေးတပ်ဖွဲ့ကြား ထိပ်တိုက်တွေ့ အဓိကရုဏ်များ ဖြစ်ပွားခဲ့ရာ ပါလက်စတိုင်း ၅၈ ဦး သေဆုံးပြီး ၂,၇၀၀ ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

play


တနင်္လာနေ့ (မေလ ၁၄ ရက်) က ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်ပဋိပက္ခဟာ ၂၀၁၄ ခုနှစ် စစ်ပွဲနောက်ပိုင်း ဂါဇာမှာ လူသေဆုံးမှု အများဆုံးလည်း ဖြစ်လာခဲ့ပါတယ်။ ယခု ပဋိပက္ခဟာ အကြီးအကျယ် အငြင်းပွားမှုဖြစ်နေတဲ့ အစ္စရေးနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးကို တဲလ်အဗစ်မြို့ကနေ ဂျေရုဆလင်မ်မြို့သို့ ပြောင်းရွှေ့ ဖွင့်လှစ်ခဲ့တဲ့ရက်နဲ့လည်း တိုက်ဆိုင်ခဲ့ပါတယ်။

play
အမေရိကန်သံရုံးဖွင့်ပွဲမှာ တွေ့ရသည့် နက်တန်ယာဟူနှင့် အိုင်ဗင်ကာထရန့်စုံတွဲ


ပါလက်စတိုင်းတို့က ဂျေရုဆလင်မ် အရှေ့ပိုင်းကို အနာဂတ် ပါလက်စတိုင်းနိုင်ငံရဲ့ မြို့တော်အဖြစ် ပြောဆိုထားပါတယ်။ အမေရိကန်က ၎င်းတို့ရဲ့ အစ္စရေးနိုင်ငံဆိုင်ရာသံရုံးကို ဂျေရုဆလင်မ်သို့ ပြောင်းရွှေ့မှုဟာ အစ္စရေးက ဂျေရုဆလင်မ်တစ်မြို့လုံးကို ထိန်းချုပ်မှုအပေါ် ထောက်ခံတဲ့လုပ်ရပ် ဖြစ်နေကြောင်း ပါလက်စတိုင်းက ပြောထားပါတယ်။

play


အမေရိကန်ကိုယ်စားလှယ်အဖွဲ့နဲ့ အစ္စရေးတာဝန်ရှိသူတွေက ဂျေရုဆလင်မ်မှာ သံရုံးဖွင့်လှစ်တဲ့ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ပြီးနောက် ဆန္ဒပြအဓိကရုဏ်းတွေ ပေါ်ပေါက်လာခဲ့ပြီး တစ်နေကုန် ဆက်လက် ဖြစ်ပွားနေခဲ့ကြောင်း သိရပါတယ်။ အမေရိကန်ကိုယ်စားလှယ်အဖွဲ့မှ သမ္မတဒေါ်နယ်ထရန်ရဲ့သမီး အိုင်ဗင်ကာထရန့်နဲ့ သူမရဲ့ခင်ပွန်းတို့လည်း ပါဝင်ခဲ့ကြောင်း သိရပါတယ်။

မေလ ၁၄ ရက် အဓိကရုဏ်းများအတွင်း သေဆုံးခဲ့တဲ့ ပါလက်စတိင်းများအနက် အသက် ၁၆ နှစ်အောက် ဆယ်ကျော်သက် ၈ ဦးလည်း ပါဝင်ခဲ့ကြောင်း ကုလသမဂ္ဂဆိုင်ရာ ပါလက်စတိုင်းသံတမန်က ပြောပါတယ်။

play


ဆန္ဒပြသူတွေနဲ့ အစ္စရေးလုံခြုံရေးတပ်ဖွဲ့ ထိပ်တိုက်တွေ့မှုအတွင်း သေဆုံးဒဏ်ရာရသူ အရေအတွက်ကို ပါလက်စတိုင်း ကျန်မားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့တာလည်း ဖြစ်ပါတယ်။ ထောင်သောင်းချီတဲ့ ပါလက်စတိုင်းလူအုပ်က နယ်စပ်နေရာကို စုရုံးချီတက်လာခဲ့ပြီး ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြတဲ့ ပါလက်စတိုင်းတွေက ကားတာယာများမီးရှို့မှု၊ ကျောက်ခဲများနဲ့ပစ်ပေါက်မှုတွေရှိခဲ့ပြီး နယ်စပ်အကာအရံအနီး ချဉ်းကပ်လာခဲ့ကာ ချိုးဖျက်ဝင်ရောက်ရန် ကြိုးပမ်းခဲ့ပါတယ်။ အစ္စရေးဘက်ခြမ်းမှာ အသင့်နေရာယူထားတဲ့ လုံခြုံရေးတပ်ဖွဲ့မှ လက်ဖြောင်သေနတ်သမားတွေက ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

play


 အစ္စရေးလုံခြုံရေးတပ်ဖွဲ့က ရဟတ်ယာဉ်နဲ့ ဒရုန်းများသုံးပြီး မီးလောင်းဗုံးများ၊ မျက်ရည်ယိုဗုံးများပစ်ချကာ ပါလက်စတိုင်း ဆန္ဒပြသူတွေကို လူစုခွဲခဲ့ကြောင်း သိရပါတယ်။ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ ခေါင်းဆောင်တွေက ယမန်နေ့ဖြစ်ရပ်ကို အစုအပြုံလိုက် သတ်ဖြတ်မှုအဖြစ် ရှုတ်ချပြောဆိုခဲ့ပါတယ်။ ကုလသမဂ္ဂကလည်း လူ့အခွင့်အရေးတွေကို ရက်စက်စွာ ချိုးဖောက်မှုများဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

play
ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ ခေါင်းဆောင် မာမွတ်အဘတ်စ်


အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နက်တန်ယာဟူကတော့ ၎င်းရဲ့ လုံခြုံရေးတပ်ဖွဲ့ အနေနဲ့ အစ္စရေးကိုဖျက်ဆီးလိုတဲ့ ဟားမတ်စ်တွေရန်မှ မိမိကိုယ်ကိုယ် ခုခံကာကွယ်ခဲ့ခြင်းသာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ အစ္စရေးရဲ့ အဆိုအရ ပါလက်စတိုင်း ၄၀,၀၀၀ ခန့်က ဂါဇာကမ်းမြောင် နယ်စပ်တစ်လျှောက် နေရာ ၁၃ ခုမှာ အကြမ်းဖက် ဆူပူအုံကြွခဲ့ကြတယ်လို့ သိရပါတယ်။

play
အစ္စရေးဝန်ကြီးချုပ် နက်တန်ယာဟူ သံရုံးဖွင့်ပွဲမှာ မိန့်ခွန်းပြောကြားစဉ်


ဂါဇာကမ်းမြောင် နယ်စပ်တစ်လျှောက်မှာ ပါလက်စတိုင်းတို့က ပြီးခဲ့တဲ့ မတ်လ ၃၀ ရက်မှစပြီး သီတင်းခြောက်ပတ် ကြာမြင့်မယ့် ဆန္ဒပြမှုကို စတင်ခဲ့တယ်လို့ ဆိုပါတယ်။ မတ်လ ၃၀ ရက်မှာလည်း ဆန္ဒပြမှုများအတွင်း အစ္စရေးလုံခြုံရေးတပ်ဖွဲ့နဲ့ ပါလက်စတိုင်းတို့ ထိပ်တိုက်တွေ့ အဓိကရုဏ်များ ပေါ်ပေါက်ခဲ့ရာ လူ ၁၆ ဦးထက်မနည်း သေဆုံးခဲ့ပြီး ၁,၁၀၀ ခန့် ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

မေ ၁၄ ရက် ဂါဇာဖြစ်ရပ်အပေါ် နိုင်ငံတကာတုံ့ပြန်မှုများ

အမေရိကန် - "ဒီသေဆုံးမှုတွေအတွက် ဟားမတ်စ်အုပ်စုမှာ တာဝန်ရှိပါတယ်၊ ဟားမတ်စ်က အစ္စရေးဘက်ကနေ ဒီလို တုံ့ပြန်လာအောင် ရည်ရွယ်ချက်ရှိရှိ ရန်စခဲ့ပါတာပါ" လို့ အိမ်ဖြူတော် ပြောခွင့်ရအမျိုးသား ရက်ဂ်ျရှာဟ်က ပြောပါတယ်။

ကူဝိတ် - ယခုဖြစ်ရပ်ကို လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုပြုလုပ်ရန် ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို အဆိုပြုခဲ့ရာ အမေရိကန်က ကန့်ကွက်ခဲ့ပါတယ်။

ဥရောပသမဂ္ဂ - ဥရောပသမဂ္ဂ နိုင်ငံခြားရေးမူဝါဒ အကြီးအကဲ ဖက်ဒရီကာ မော့ဂ်ဟာရီနီနဲ့ ဗြိတိန်က အကန့်အသတ်ဖြင့် လုပ်ဆောင်ကြရန် တိုက်တွန်းပါတယ်။

ဂျာမနီ - အစ္စရေးအနေနဲ့ ကိုယ့်ကိုယ်ကိုယ် ခုံခံကာကွယ်ပိုင်ခွင့်ရှိကြောင်း၊ သို့သော် တုံ့ပြန်မှုကိုချိန်ဆသင့်ကြောင်း ပြောပါတယ်။

ပြင်သစ် - ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခ်ရွန်က အစ္စရေးလုံခြုံရေးတပ်ဖွဲ့က ဆန္ဒပြသူတွေကို အကြမ်းဖက်နှိမ်နင်းမှုအား ပြစ်တင်ရှုတ်ချလိုက်ပါတယ်။

တူရကီ - ဆိုးရွားတဲ့ အစုလိုက်အပြုံလိုက်သတ်မှုအတွက် အမေရိကန်ဟာ အစ္စရေးနဲအတူ တာဝန်ရှိတယ်လို့ ပြောပါတယ်။ အမေရိကန်နဲ့ အစ္စရေး နှစ်နိုင်ငံလုံးကနေ ၎င်းတို့ရဲ့ သံအမတ်ကို ပြန်လည်ခေါ်ယူသွားမယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂ - ကုလသဂ္ဂ လူ့အခွင့်အရေးဆိုင်ရာအဖွဲ့မှ မဟာမင်းကြီး ဇိုက်ဒ်ရာအက်ဒ် အယ်လ်ဟူစိန်က အပြင်းထန်ဆုံး ထုတ်ပြန်ချက်တစ်ခုဖြင့် ထုတ်ပြန်ခဲ့ပါတယ်။ လူအများအပြား သေဆုံးဒဏ်ရာရစေခဲ့တဲ့ အစ္စရေးရဲ့ တုန်လှုပ်စရာ ပစ်ခတ်နှိမ်နင်းမှုကို ဝေဖန်ရှုတ်ချခဲ့ပါတယ်။

တောင်အာဖရိက - အစ္စရေးနိုင်ငံမှ ၎င်းတို့ရဲ့သံအမတ်ကို ပြန်လည်ခေါ်ယူလိုက်ပါတယ်။ စိုးရိမ်စရာကောင်းတဲ့ မဆင်မခြင် လုပ်ရပ်တစ်ခုဖြစ်တယ်လို့ ရှုတ်ချပြောဆိုခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD