AD
AD
AD

အမေရိကန်နိုင်ငံ ဖလော်ရီဒါ အပြည်ပြည်ဆိုင်ရာတက္ကသိုလ်အနီး အသစ်တည်ဆောက်ပြီးစီးခဲ့တဲ့ လူကူးတံတားတစ်စင်း ကြာသပတေးနေ့ (မတ်လ ၁၅ ရက်) က ပြိုကျခဲ့ရာ လူခြောက်ဦးထက်မနည်း သေဆုံးပြီး အခြား ၉ ဦး ဒဏ်ရာရခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

play


Channel NewsAsia သတင်းမှာတော့ လူကူးတံတား ပြိုကျမှုအတွင်း လူ ၁၀ ဦးအထိ သေဆုံးခဲ့ကြောင်း ဖလော်ရီဒါပြည်နယ် လွှတ်တော်အမတ် ဘီလ်နယ်လ်ဆင်က ဒေသခံ ရုပ်မြင်သံကြားသတင်းဌာန CBS Miami ကို ပြောခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ပြိုကျခဲ့တဲ့ တံတားအပျက်အစီးတွေအောက်မှာ အရေအတွက် မသိရနိုင်တဲ့ လူများပိတ်မိနေကြောင်း Miami Herald သတင်းက ဖော်ပြခဲ့ပါတယ်။

play


ပြိုကျခဲ့တဲ့ လူကူးတံတားဟာ ဖလော်ရီဒါ အပြည်ပြည်ဆိုင်ရာတက္ကသိုလ်နဲ့ ကျောင်းသူကျောင်းသား အဆောင်များနယ်မြေကို ဆက်သွယ်ထားခြင်းဖြစ်ပြီး လွန်ခဲ့တဲ့ တစ်ပတ်မပြည့်မီကမှ တည်ဆောက်ပြီးစီးခဲ့တာလည်း ဖြစ်ပါတယ်။

play


တံတားအပျက်အစီးတွေဟာ မော်တော်ယာဉ်ရှစ်စီးပေါ်ကို ပြိုကျပိတ်မိခဲ့ပြီး လူရှစ်ဦးကို ဆေးရုံသို့ပို့ခဲ့ကြောင်း တာဝန်ရှိသူတွေက သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။ အရေးပေါ်ကယ်ဆယ်ရေး  ဝန်ထမ်းတွေက တံတားအပျက်အစီးတွေကြားမှာ အနံ့ခံခွေးများဖြင့် ရှာဖွေနေပါတယ်။

play


တံတားပြိုကျခဲ့တဲ့ လမ်းမဟာ ဖလော်ရီဒါမှာ ယာဉ်အသွားအလား အများအပြားဆုံး လမ်းမတစ်ခုလည်း ဖြစ်ပါတယ်။ "လူအချို့ သေဆုံးခဲ့ပါတယ်။ အရေအတွက် ဘယ်လောက်လဲဆိုတာတော့ ကျွန်တော် မသိရသေးပါဘူး" လို့ ဖလော်ရီဒါအဝေးပြေးလမ်း လှည့်ကင်းရဲတပ်ဖွဲ့မှ ပြောခွင့်ရအမျိုးသား အလီဂျန်ဒရို ကမာချိုက တယ်လီဖုန်းဖြင့် မေးမြန်းမှုကို ဖြေကြားခဲ့တယ်လို့ ဆိုပါတယ်။

play


တံတားပြိုကျတဲ့နေရာမှာ အရေးပေါ်ကာနဲ့ ရဲတပ်ဖွဲ့ကား အများအပြား ရောက်ရှိနေတာ တွေ့ရပါတယ်။ "ကားတွေက လုံးဝပျက်စီးသွားတယ်" လို့ တံတားပြိုကျတဲ့နေရာကို ရောက်ရှိခဲ့သူ အစ္စဘယ်လာ ကာရက်စ်ကိုက CNN သတင်းဌာနကို ပြောပါတယ်။

ပြိုကျခဲ့တဲ့ လူကူးတံတားဟာ ဖလော်ရီ အပြည်ပြည်ဆိုင်ရာတက္ကသိုလ်နဲ့ ကျောင်းသူကျောင်းသား ၄,၀၀၀ နေထိုင်ကြတဲ့ အဆောင်များတည်ရှိရာ Sweetwater မြို့ကို ဆက်သွယ်ထားတာ ဖြစ်ပါတယ်။ အဆိုပါ တံတားကို စနေနေ့ (မတ်လ ၁၀ ရက်) က ရှစ်လမ်းသွား မီယာမီအဝေးပြေးလမ်းမပေါ်မှာ အချိန်ခြောက်နာရီအတွင်း အပြီးတည်ဆောက် တပ်ဆင်ခဲ့တယ်လို့ တက္ကသိုလ်ရဲ့ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

play


ပြည်နယ်သယ်ယူပို့ဆောင်ရေးဌာနကတော့ အဆိုပါတံတားကို Accelerated Bridge Construction (ABC) ဆောက်လုပ်ရေးကုမ္ပဏီအား အချိန် ၄၈ နာရီမှ ၇၂ နာရီအတွင်း အပြီးတည်ဆောက်ရန် လုပ်ငန်းအပ်နှံခဲ့တယ်လို့ ဆိုပါတယ်။

လူကူးတံတားဟာ အလေးချိန် တန် ၉၅၀ ရှိပြီး ၁၇၄ ပေရှည်လျားကြောင်း သိရပါတယ်။ ဖလော်ရီဒါ အပြည်ပြည်ဆိုင်ရာတက္ကသိုလ်ရဲ့ မတ်လ ၁၂ ရက်မှ ၁၇ ရက်အထိ နွေဦးကာလ ကျောင်းပိတ်ရက်အတွင်း တံတားပြိုကျခဲ့တာ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD