AD
AD
AD

တရုတ်နိုင်ငံမှာ ရဲတပ်ဖွဲ့က အလိုရှိနေသူတစ်ဦးကို စောင့်ကြည့်ကင်မရာနဲ့ မျက်နှာမှတ်သားခွဲခြားမှု နည်းပညာသုံးပြီး လူ ၅၀,၀၀၀ မှ ၆၀,၀၀၀ အထိရှိနိုင်တဲ့ တေးဂီတဖျော်ဖြေပွဲ လူအုပ်အတွင်းမှ ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

မစ္စတာအေအို (Mr Ao) လို့သာ အမည်ဖော်ပြထားတဲ့ အမျိုးသားဟာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း Nanchang မြို့မှာ ပြုလုပ်ခဲ့တဲ့ ပေါ့ပ်အဆိုတော် Jacky Cheung ရဲ့ ဂီတဖျော်ဖြေပွဲကို လာရောက်ကြည့်ရှုစဉ် အဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။

play
မျက်နှာမှတ်သားခွဲခြားမှု နည်းပညာသုံးပြီး ဖမ်းဆီးခံရသည့် မစ္စတာအေအို


ရဲတပ်ဖွဲ့ရဲ့ အဆိုအရ အသက် ၃၁ နှစ်အရွယ် မစ္စတာအေအိုဟာ အဖမ်းခံရချိန်မှာ ၎င်းကို မည်သို့ရှာတွေ့ခဲ့ကြောင်း အံ့အားသင့်နေခဲ့တယ်လို့ သိရပါတယ်။ ရဲတပ်ဖွဲ့က ၎င်းကို စီးပွားရေးဆိုင်ရာ ပြစ်မှုများဖြင့် အလိုရှိနေခဲ့တာ ဖြစ်ပါတယ်။

မစ္စတာအေအိုကို ဂီတဖျော်ဖြေပွဲ ဝင်ပေါက်နေရာကို စောင့်ကြည့်မှတ်တမ်းတင်တဲ့ ကင်မရာများမှတစ်ဆင့် မျက်နှာမှတ်သားခွဲခြားမှု နည်းပညာဖြင့် ဖော်ထုတ်တွေ့ရှိနိုင်ခဲ့ပါတယ်။ ထို့နောက် ဂီတဖျော်ဖြေပွဲကို ကြည့်ရှုအားပေးရန် အခြားပရိသတ်တွေနဲ့အတူ ထိုင်နေခဲ့ပြီးနောက် ရဲတပ်ဖွဲ့က ၎င်းကို လာရောက်ဖမ်းဆီးသွားခဲ့တာ ဖြစ်ပါတယ်။

play
ရဲတပ်ဖွဲ့က မစ္စတာအေအိုကို ဖမ်းဆီးစဉ်


ရဲတပ်ဖွဲ့က ၎င်းကို လာရောက်ဖမ်းဆီးချိန်မှာ မစ္စတာအေအိုဟာ အလွန်အမင်း အံ့အားသင့်နေခဲ့တယ်လို့ ရဲတပ်ဖွဲ့အရာရှိ Li Jin က အစိုးရသတင်းဌာန ဆင်ဟွာကို ပြောခဲ့ပါတယ်။

"၆၀,၀၀၀ လောက်ရှိနေတဲ့ ဒီလူအုပ်ကြီးထဲမှာ ရဲတွေက သူ့ကို ဒီလောက်အမြန်ဆုံး ဖမ်းဆီးနိုင်လိမ့်မယ်လို့ သူက မထင်ခဲ့ဘူးလေ" Nanchang မြို့ရှိ Honggutan ရဲစခန်းမှ ရဲအရာရှိ Li Jin က ဆိုပါတယ်။

ဂီတဖျော်ဖြေပွဲ ဝင်ပေါက်နေရာမှာ မျက်နှာပြင်မှတ်သားခွဲခြားမှု နည်းပညာနဲ့ ချိတ်ဆက်ထားတဲ့ စောင့်ကြည့်ကင်မရာအချို့ တပ်ဆင်ထားခဲ့ကြောင်းလည်း ရဲအရာရှိက ရှင်းပြပါတယ်။ အဖမ်းခံရတဲ့ မစ္စတာအေအိုက ၎င်းရဲ့ဇနီးဖြစ်သူနဲ့အတူ Nanchang မြို့မှ ၅၆ မိုင်ကွာဝေးတဲ့ Zhangshu မြို့ကနေ လာရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။

play
ပေါ့ပ်အဆိုတော် Jacky Cheung


နည်းပညာသုံးပြီး ဖမ်းဆီးတာခံလိုက်ရတဲ့ မစ္စတာအေအိုက "ဒီလိုမှန်းသိခဲ့ရင် ဂီတဖျော်ဖြေပွဲကို လာမကြည့်ခဲ့ပါဘူးဗျာ" လို့ ရဲတပ်ဖွဲ့ဝင်တွေကို ပြောခဲ့ကြောင်း Kan Kan သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။

တရုတ်နိုင်ငံမှာ စောင့်ကြည့်ကင်မရာနဲ့ မျက်နှာပြင်မှတ်သားခွဲခြားမှု နည်းပညာသုံးပြီး ယမန်နှစ် သြဂုတ်လမှာလည်း Qingdao အပြည်ပြည်ဆိုင်ရာ ဘီယာပွဲတော်အတွင်း သံသယရှိသူ ၂၅ ဦးကို ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရပါတယ်။

play
တရုတ်မှာ တပ်ဆင်ထားသည့် စောင့်ကြည့်ကင်မရာများ


တရုတ်နိုင်ငံဟာ မျက်နှာမှတ်သားခွဲခြားမှု နည်းပညာကဏ္ဍမှာ ထိပ်တန်းအဆင့်နိုင်ငံဖြစ်ပြီး နိုင်ငံသားတွေကိုလည်း ထိုနည်းပညာနဲ့ ချိတ်ဆက်ထားတဲ့ စောင့်ကြည့်ကင်မရာများ တပ်ဆင်ထားကြောင်း သတိပေးထားပါတယ်။

တရုတ်နိုင်ငံတစ်ဝှမ်း လုံခြုံရေးအရ စောင့်ကြည့်ကင်မရာ သန်း ၁၇၀ တပ်ဆင်ထားပြီး ကမ္ဘာ့အကြီးမားဆုံး စောင့်ကြည့်ကင်မရာကွန်ရက် ဖြစ်တယ်လို့ ဆိုပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD