AD
AD
AD

မြေပြင်ထိန်းချုပ်စခန်းနဲ့ အဆက်အသွယ်ပြတ်တောက်ပြီး ထိန်းချုပ်နိုင်ခြင်းမရှိတော့တဲ့ တရုတ်နိုင်ငံရဲ့ ပထမဆုံး ရှေ့ပြေးပုံစံ အာကာသစခန်းဟာ ကမ္ဘာမြေပြင်သို့ ယခုသီတင်းပတ်ကုန်မှာ ကျဆင်းလာမယ်လို့ သိရပါတယ်။

play
Tiangong-1 အာကာသစခန်းပုံစံ


၃၄ ပေရှည်ပြီး အလေးချိန် ၈ တန်ကျော်ရှိတဲ့ တရုတ်နိုင်ငံရဲ့ အာကာသစခန်း Tiangong-1 ဟာ ကမ္ဘာမြေပြင်မှ အာကာသအတွင်းသို့ လွှတ်တင်လိုက်ပြီးနောက် ပြန်လည်ပျက်ကျလာတဲ့ လူလုပ်ပစ္စည်းအများစုထက် ပိုမိုကြီးမားတယ်လို့ ဆိုပါတယ်။

၂၀၁၁ ခုနှစ် နိုဝင်ဘာလမှာ လူလိုက်ပါခြင်းမရှိတဲ့ Shenzhou 8 အာကာယာဉ်နဲ့ Tiangong-1 တို့ ချိတ်ဆက်နိုင်ခဲ့ပါတယ်။ ထို့နောက် ၂၀၁၂ ခုနှစ် ဇွန်လအတွင်းမှာတော့ အာကာသယာဉ်မှူးသုံးဦး လိုက်ပါသွားတဲ့ Shenzhou 9 အာကာယာဉ်က Tiangong-1 အာကာသစခန်းသို့ ရောက်ရှိခဲ့ပါတယ်။

play
Shenzhou 9 အာကာသခရီးစဉ် သွားရောက်ခဲ့သည့် အာကာသယာဉ်မှူးများ


Tiangong-1 သို့သွားရောက်တဲ့ တတိယမြောက်နဲ့ နောက်ဆုံး အာကာသခရီးစဉ်အဖြစ် ၂၀၁၃ ခုနှစ် ဇွန်လအတွင်းမှာ အာကာသယာဉ်မှူးသုံးဦး လိုက်ပါခဲ့တဲ့ Shenzhou 10 အာကာသယာဉ်ဖြင့် သွားရာက်ခဲ့ကြပါတယ်။

၂၀၁၂ နဲ့ ၂၀၁၃ ခုနှစ်တို့မှာ Tiangong-1 အာကာသစခန်းသို့ သွားရောက်ခဲ့တဲ့ အာကာကခရီးစဉ်တွေမှာ တရုတ်နိုင်ငံရဲ့ ပထမဆုံး အမျိုးသမီးအာကာသယာဉ်မှူးတွေ ဖြစ်ကြတဲ့ Liu Yang နဲ့ Wang Yaping တို့ လိုက်ပါခဲ့ကြကြောင်းလည်း သိရပါတယ်။

play
Shenzhou 10 အာကာသခရီးစဉ် သွားရောက်ခဲ့သည့် အာကာသယာဉ်မှူးများ


အာကာသအတွင်း ကမ္ဘာပတ်လမ်းကြောင်းမှာ လွှတ်တင်ထားခဲ့တဲ့ Tiangong-1 နဲ့ အဆက်အသွယ်ပြတ်တောက်ပြီး ထိန်းချုပ်နိုင်ခြင်းမရှိတော့ကြောင်း တရုတ်နိုင်ငံက ၂၀၁၆ ခုနှစ်အတွင်း ပြောထားခဲ့ပြီး ကမ္ဘာမြေပြင်သို့ အထိန်းအချုပ်မဲ့ အနေအထားဖြင့် ပြန်ပျက်ကျလာမှာ ဖြစ်ပါတယ်။

play
ရေဒါမှာတွေ့ရသည့် Tiangong-1 အာကာသစခန်း


သို့သော် ကျွမ်းကျင်သူတွေကတော့ Tiangong-1 အစိတ်အပိုင်းတွေဟာ လူနေထူထပ်တဲ့ နေရာတွေမှာ ကျဆင်းနိုင်တဲ့ အန္တရာယ်နည်းပါးတယ်လို့ ပြောပါတယ်။

"Tiangong-1 ရဲ့ အဓိက အစိတ်အပိုင်းတွေက ကမ္ဘာ့လေထုထဲကို ဝင်ရောက်ချိန်မှာ မီးလောင်ပျက်စီးသွားပြီး ကျန်ရှိတဲ့ အစိတ်အပိုင်းတွေက ပင်လယ်ထဲကို ကျသွားနိုင်ခြေ အများဆုံးဖြစ်ပါတယ်" လို့ ဗြိတိန်အာကာသအေဂျင်စီမှ အင်ဂျင်နီယာချုပ် ရစ်ချတ်ခရော်သာက ပြောပါတယ်။

တရုတ်နိုင်ငံရဲ့ ပထမဆုံး ရှေ့ပြေးပုံစံ အာကာသစခန်း Tiangong-1 ဟာ လာမယ့် ဧပြီ ၃ ရက်ဝန်းကျင်မှာ ကမ္ဘာမြေပြင်သို့ ပျက်ကျလာမယ်လို့ ကျွမ်းကျင်သူတွေက အစောပိုင်းမှာ ခန့်မှန်းထားခဲ့ကြောင်းလည်း သိရပါတယ်။

play
Tiangong-1 ကမ္ဘာမြေပြင်သို့ ပြန်ကျလာနိုင်မှု အခြေအနေ


ပျက်ကျလာတဲ့ တရုတ်အာကာသစခန်းရဲ့ ၂၀ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းဖြစ်တဲ့ အလေးချိန် တစ်တန်ခွဲမှ သုံးတန်ခွဲရှိ အစိတ်အပိုင်းတွေက ကမ္ဘာ့လေထုအတွင်း မီးလောင်မှုမရှိဘဲ ကျဆင်းလာနိုင်ပြီး ထိုအစိတ်အပိုင်တွေဟာ ပင်လယ်ထဲသို့ ကျသွားဖွယ်ရှိပါတယ်။

Tiangong-1 ဟာ အာကာသအတွင်းလွှတ်တင်ခဲ့ပြီး ကမ္ဘာမြေပြင်သို့ အထိန်းအချုပ်မဲ့ ပြန်ကျလာတဲ့ ၅၀ ခုမြောက် လူလုပ်ပစ္စည်းတစ်ခုလည်း ဖြစ်လာပါတယ်။ Tiangong-1 ရဲ့ အချို့အစိတ်အပိုင်းတွေမှာ အလေးချိန် ပေါင် ၂၂၀ အထိရှိနိုင်တဲ့ အန္တရာယ်ရှိ ဓာတုပစ္စည်းတွေ ပါဝင်နိုင်ကြောင်းလည်း သိရပါတယ်။

play
Tiangong-1 အရွယ်အစားကို ကျောင်းကားနဲ့ နှိုင်းယှဉ်ပြထားမှု


မတ်လ ဒုတိယပတ်အတွင်း ထွက်ပေါ်ခဲ့တဲ့ သတင်းတွေအရ Tiangong-1 အပျက်အစီးတွေဟာ တရုတ်မြောက်ပိုင်း၊ အီတလီအလယ်ပိုင်း၊ စပိန်မြောက်ပိုင်း၊ အရှေ့အလယ်ပိုင်း၊ နယူးဇီလန်၊ တက်စ်မန်းနီးယား၊ တောင်အမေရိက၊ အာဖရိကတောင်ပိုင်းနဲ့ အမေရိကန်နိုင်ငံ မြောက်ပိုင်းပြည်နယ်တွေမှာ ပျက်ကျလာနိုင်ခြေရှိကြောင်း ခန့်မှန်းမှုတွေ ရှိခဲ့ပါတယ်။

ဗြိတိန် Daily Mail သတင်းမှာ ဖော်ပြထားမှုအရ Tiangong-1 ရဲ့ အစိတ်အပိုင်းတွေဟာ နိုင်ငံ ၁၃ နိုင်ငံရှိ မြို့ ၃၈ မြို့မှာ ကျရောက်လာနိုင်ခြေရှိတယ်လို့ ဆိုပါတယ်။ တရုတ်နိုင်ငံရဲ့ ပထမဆုံး ရှေ့ပြေးပုံစံတူ အာကာသစခန်း Tiangong-1 ကို ၂၀၁၁ ခုနှစ် စက်တင်ဘာ ၂၉ ရက်မှာ ကမ္ဘာမြေပြင်ကနေ လွှတ်တင်ခဲ့တာ ဖြစ်ပါတယ်။

play


တရုတ်နိုင်ငံက ရှေ့ပြေးပုံစံ အာကာသစခန်း Tiangong-1 ပြီးနောက် အာကာသယာဉ်မှူးများ  နေထိုင်သွားရန် ရည်ရွယ်ထားတဲ့ Tiangong-2 ကို ၂၀၁၆ ခုနှစ် စက်တင်ဘာ ၁၅ ရက်မှာ လွှတ်တင်ခဲ့ကြောင်း သိရပါတယ်။ Tiangong-2 ဟာ ၂၀၂၀ ခုနှစ်မှာ အာကာသယာဉ်မှူးများ အခြေစိုက်နေထိုင်သွားမယ့် အာကာသစခန်း ဖြစ်လာမယ်လို့ တရုတ်နိုင်ငံက ပြောထားပါတယ်။

ဆက်စပ်သတင်း - အန္တရာယ်ရှိ ဓာတုပစ္စည်းတွေပါဝင်တဲ့ တရုတ်အာကာသစခန်း ကမ္ဘာမြေပြင်သို့ တစ်လအတွင်း ပျက်ကျလာမည်ခန့်မှန်း

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD