AD
AD
AD

တရုတ်နိုင်ငံမှ လင်မယားနှစ်ဦးဟာ ၂၄ နှစ်ကြာ ပျောက်ဆုံးနေခဲ့တဲ့ ၎င်းတို့ရဲ့သမီးနဲ့ အံ့အားသင့်ဖွယ် ပြန်ဆုံတွေ့ခဲ့ပြီ ဖြစ်ပါတယ်။ Wang Mingqing နဲ့ သူ့ရဲ့ဇနီး Liu Dengying တို့က ၁၉၉၄ ခုနှစ်ကတည်းက ပျောက်ဆုံးသွားခဲ့တဲ့ သမီးဖြစ်သူ Qifeng ကို ၂၄ နှစ်ကြာ ရှာဖွေနေခဲ့ကြပါတယ်။

play
Wang Mingqing နဲ့ ဇနီး Liu Dengying


ပျောက်ဆုံးသွားတဲ့ သမီးဖြစ်သူကို​ မမောနိုင်မပန်းနိုင် ရှာဖွေခဲ့ရင်း Wang ဟာ တက္ကစီမောင်းသူတစ်ဦးလည်း ဖြစ်လာခဲ့ပါတယ်။ Wang က တက္ကစီမောင်းရင်း တစ်နေ့နေ့မှာ ပျောက်ဆုံးနေတဲ့သမီးကို ခရီးသည်အဖြစ် ပြန်တွေ့နိုင်ရန် မျှော်လင့်ခဲ့တယ်လို့ ဆိုပါတယ်။

play
Wang မိသားစု စုံညီစွာ ပြန်ဆုံတွေ့ကြစဉ်


သမီးပျောက်ရှာဖွေနေတဲ့ Wang အကြောင်း ရေးသားထားမှုနဲ့အတူ ခန့်မှန်းရေးဆွဲထားတဲ့ လက်ရှိအရွယ် သမီးရဲ့ပုံကြမ်းကို အွန်လိုင်းမှာတွေ့ရှိခဲ့ရာမှ ၎င်းရဲ့သမီးက ယခုနှစ်အစောပိုင်းမှာ ဆက်သွယ်လာခဲ့တာ ဖြစ်ပါတယ်။ Wang မိသားစုရဲ့ အံ့အားသင့်ဖွယ် ပြန်လည်ဆုံတွေ့မှုအကြောင်းက တရုတ်နိုင်ငံတစ်ဝှမ်း လူပြောများခဲ့ပြီး ဝမ်းမြောက်ဝမ်းသာ ဖြစ်ခဲ့ကြရပါတယ်။

Wang ဇနီးမောင်နှံရဲ့သမီး ပျောက်ဆုံးသွားမှုအစ

Wang နဲ့ ဇနီးသည် Liu တို့က တရုတ်အနောက်တောင်ပိုင်းရှိ Chengdu မြို့မှာ သစ်သီးရောင်းတဲ့ လမ်းဘေးဈေးသည်တွေ ဖြစ်ခဲ့ကြပါတယ်။ ဈေးဝယ်သူများပြားတဲ့ နေ့တစ်နေ့မှာ Wang က ဈေးဝယ်သူကို ငွေပြန်အမ်းရန်အတွက် ဆိုင်နီးနားချင်းထံမှာ ငွေအကြွေလဲဖို့သွားခဲ့ပါတယ်။

play
Wang က သမီးပျောက်ဆုံးနေကြောင်း လက်ကမ်းကြော်ငြာများကို ပြသနေစဉ်


ငွေအကြွေလဲပြီးနောက် Wang က ဆိုင်နေရာကို ပြန်ရောက်လာချိန်မှာတော့ ၎င်းရဲ့သမီးကို မတွေ့ရတော့ကြောင်း တရုတ်မီဒီယာတွေက သတင်းဖော်ပြခဲ့ပါတယ်။ ထိုအချိန်ကတည်းက Wang နဲ့ ဇနီးတို့ဟာ နှစ်ပေါင်းများစွာကြာအောင် သမီးဖြစ်သူကို Chendu မြို့နဲ့ အနီးပတ်ဝန်းကျင် နေရာဒေသတွေမှာ လိုက်လံရှာဖွေခဲ့ကြပါတယ်။

play
Wang နှင့် ၂၄ နှစ်ကြာ ပျောက်ဆုံးနေခဲ့တဲ့ သမီးဖြစ်သူ Kang Ying


သမီးပျောက်ဆုံးနေကြောင်း ကြော်ငြာတွေကိုလည်း သတင်းစာနဲ့ အွန်လိုင်းမှာ ထည့်သွင်းဖော်ပြခဲ့ကြပါတယ်။ နောက်ထပ် သမီးတစ်ဦးနဲ့ သားတစ်ဦးလည်းရှိတဲ့ Wang တို့ဇနီးမောင်နှံက တစ်နေ့နေ့မှာ ပျောက်သွားတဲ့သမီးက အိမ်ကိုပြန်လာမယ်ဆိုတဲ့ မျှော်လင့်ချက်ကြောင့် ၎င်းတို့နေထိုင်ရာ Chendu မြို့လေးကနေ မည်သည့်အခါကမျှ ထွက်ခွာသွားခဲ့ခြင်း မရှိခဲ့ကြပါဘူး။

သမီးကိုရှာတွေ့နိုင်ဖို့ မျှော်လင့်ချက်နဲ့အတူ တက္ကစီမောင်းခဲ့သူ

၂၀၁၅ ခုနှစ်မှာတော့ Wang က သမီးဖြစ်သူကို ပိုပြီးကျယ်ကျယ်ပြန့်ပြန့် ရှာဖွေနိုင်ရန် မျှော်လင့်ချက်ဖြင့် Didi Chuxing တက္ကစီကုမ္ပဏီမှာ တက္ကစီမောင်းသူအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့ပါတယ်။ Wang က ၎င်းရဲ့တက္ကစီ နောက်ဖုံး မှန်နေရာမှာ ပျောက်ဆုံးနေတဲ့ သမီးဖြစ်သူကို တွေ့ရှိပါက ကူညီသတင်းပေးရန် ကြော်ငြာကပ်ထားခဲ့ပါတယ်။

play
တက္ကစီမောင်းရင်း သမီးဖြစ်သူကို ရှာဖွေတွေ့ရှိရန် ကြိုးပမ်းနေခဲ့သည့် Wang


ဒါ့အပြင် သမီးဖြစ်သူ Qifeng အကြောင်း ဖော်ပြထားတဲ့ ကတ်ပြားတွေကိုလည်း တက္ကစီငှားစီးတဲ့ ခရီးသည်တိုင်းကို Wang က ပေးအပ်ခဲ့ပါတယ်။ Wang က ပျောက်ဆုံးသွားတဲ့ လမ်းလျှောက်တတ်စအရွယ် Qifeng ရဲ့ ဓာတ်ပုံမရှိတာကြောင့် သူမနဲ့ ရုပ်ချင်းဆင်တူတဲ့ အခြားသမီးတစ်ဦးရဲ့ ဓာတ်ပုံကို ကြော်ငြာတွေမှာ အသုံးပြုဖော်ပြခဲ့တယ်လို့ ဆိုပါတယ်။

သမီးပျောက်ကိုရှာဖွေနေတဲ့ Wang တစ်မူထူးခြားတဲ့ နည်းလမ်းကို တရုတ်မီဒီယာတွေက စိတ်ဝင်တစား ရေးသားဖော်ပြခဲ့ကြပါတယ်။ "တစ်နေ့နေ့မှာ ကျွန်တော့်သမီးက ကျွန်တော့်ကားကိုငှားစီးတဲ့ ခရီးသည်တစ်ယောက်အဖြစ် ကျွန်တော်နဲ့ပြန်ဆုံနိုင်ပါတယ်" လို့ Wang က ပြောခဲ့ပါတယ်။

ပြန်လည်ဆုံတွေ့နိုင်မယ့်လမ်းစ

နှစ်ပေါင်းအတန်ကြာအတွင်း တရုတ်ရဲတပ်ဖွဲ့က Qifeng ဖြစ်နိုင်ခြေရှိတဲ့ အမျိုးသမီးတွေကို တွေ့ရှိခဲ့ပေမဲ့ DNA စစ်ဆေးရာမှာ Wang ရဲ့ သမီးမဟုတ်ခဲ့ပါဘူး။ နောက်ဆုံးမှာတော့ ရဲတပ်ဖွဲ့မှ ပုံကြမ်းရေးဆွဲသူတစ်ဦးက သမီးပျောက်ဆုံးနေတဲ့ Wang ရဲ့ အကြောင်းကို ဖတ်မိခဲ့ပြီးနောက် ကူညီပေးရန် စီစဉ်လာခဲ့ပါတယ်။

play
Kang Ying ရဲ့ ပုံကြမ်းနှင့် သူမ၏ဓာတ်ပုံ


၎င်းက Qifeng ရဲ့ အရွယ်ရောက်နေပြီဖြစ်တဲ့ ပုံစံကို ပုံကြမ်းအဖြစ် ခန့်မှန်းရေးဆွဲခဲ့ပြီး ထိုပုံကို Wang ရဲ့သမီးပျောက်ဖြစ်ရပ်အကြောင်း ရေးသားထားမှုနဲ့အတူ အွန်လိုင်းမှာ ဖြန့်ဝေခဲ့ပါတယ်။ အဆိုပါ ပုံကြမ်းကို Wang ဇနီးမောင်နှံ နေထိုင်တဲ့နေရာမှ မိုင်ပေါင်းထောင်နဲ့ချီ ဝေးကွာတဲ့နေရာမှာ နေထိုင်သူ Kang Ying အမည်ရှိ အမျိုးသမီးက တွေ့မြင်သွားခဲ့ပြီး သူမနဲ့ အလွန်တူနေတာကြောင့် အံ့အားသင့်ခဲ့ရပါတယ်။

သူမကို မွေးစားမိတွေက Chengdu မြို့ လမ်းမတစ်ခုမှာ တွေ့ရှိခဲ့ပြီးနောက် မွေးစားခဲ့ကြတာ ဖြစ်ပါတယ်။ ယခုနှစ် အစောပိုင်းမှာတော့ Kang Ying က Wang ကို ဆက်သွယ်လာခဲ့ပြီး သူမနဲ့ ပတ်သက်တဲ့ ကလေးဘဝက အမှတ်ရစရာ အကြောင်းတွေကို သိခဲ့ရပါတယ်။

ဝမ်းသာဝမ်းနည်း မျက်ရည်များနဲ့အတူ ပြန်ဆုံတွေ့မှု

DNA စစ်ဆေးမှုကို အလျင်အမြန် စီစဉ်ပြုလုပ်ခဲ့ရာမှာတော့ ကိုက်ညီမှုရှိခဲ့ပြီး Wang ဇနီးမောင်နှံဟာ ၂၄ နှစ်ကြာ ပျောက်ဆုံးနေခဲ့တဲ့ သမီးဖြစ်သူနဲ့ ပြန်လည်ဆုံတွေ့နိုင်ခဲ့ပါတယ်။ ပျောက်ဆုံးနေတဲ့ သမီးကို ပြန်တွေ့ခဲ့ရပြီးနောက် "အခုအချိန်ကစပြီး အဖေ ဒီမှာရှိပြီ၊ သမီး ဘာမှစိုးရိမ်စရာ မလိုတော့ဘူး၊ အဖေက အားလုံးကို ကူညီပေးမယ်" လို့ Wang က ပြောပါတယ်။

play
Chengdu မြို့ကို ရောက်ရှိလာသည့် Kang Ying မိသားစု


"၂၄ နှစ်ကြာ ကျွန်တော့်ရဲ့ အားထုတ်ကြိုးပမ်းခဲ့မှုတွေ အချည်းအနှီး မဖြစ်ခဲ့ပါဘူး၊ ကျွန်တော့်သမီးကို တွေ့ပါပြီ၊ အားလုံးကို ကျေးဇူးတင်ပါတယ်" လို့လည်း Wang က ဆိုရှယ်မီဒီယာမှာ ရေးသားထားပါတယ်။ အင်္ဂါနေ့ (ဧပြီ ၃ ရက်) မှာ တရုတ်မြောက်ပိုင်း Jilin ပြည်နယ်မှာ နေထိုင်လျက်ရှိတဲ့ Kang Ying က သူမရဲ့ခင်ပွန်း၊ သား၊ သမီးတို့နဲ့အတူ Chengdu မြို့ကို လေယာဉ်ဖြင့် ရောက်လာခဲ့ကြပါတယ်။

play
Kang Ying ရဲ့ ညီမဖြစ်သူနဲ့ Kang Ying ရဲ့သမီး တူဝရီးနှစ်ဦးကို တွေ့ရစဉ်


Kang Ying နဲ့ သူမရဲ့မိခင် Liu တို့ဟာ လေဆိပ်မှာ ပြန်တွေ့ဆုံခဲ့ကြရာ တစ်ဦးကိုတစ်ဦး တင်းကျပ်စွာပွေ့ဖွက် ငိုကြွေးခဲ့ကြပါတယ်။ ထို့နောက် Kang Ying ဟာ ကျန်ရှိတဲ့ သူမရဲ့မိသားစုဝင်တွေ အားလုံးနဲ့လည်း ပြန်ဆုံခဲ့ရပါတယ်။

"အားလုံးက ကျွန်မမှာ အမေမရှိဘူးလို့ ပြောကြတယ်၊ ဒါပေမဲ့ ကျွန်မမှာ အမေရှိပါတယ်" လို့ Kang Ying က မျက်ရည်များနဲ့အတူ စိတ်လှုပ်ရှားစွာဖြင့် သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

play
Chengdu မြို့ကို ရောက်ရှိလာသည့် Kang Ying (ပန်းစည်းများနှင့်)


ပျောက်ဆုံးနေခဲ့တဲ့ သမီးဖြစ်သူကို ၂၄ နှစ်ကြာ ဇွဲမလျော့ဘဲ ရှာဖွေနေခဲ့တဲ့ Wang က "ဒီ ၂၄ နှစ်လုံးမှာ ဘယ်လောက်အထိ မျှော်လင့်ခဲ့တယ်၊ စိတ်ဓာတ်ကျခဲ့ရတယ်၊ စိတ်ပျက်ခဲ့ရတယ်ဆိုတာ ကျွန်တော် ပြောမပြနိုင်ပါဘူး၊ အခု နောက်ဆုံးမှာတော့ ကျွန်တော်တို့တွေ ပြန်ဆုံနိုင်ခဲ့ပါပြီ" လို့ ဖွင့်ဟခဲ့ကြောင်း BeijingYouth Daily သတင်းစာမှာ ဖော်ပြထားကြောင်း သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD