AD
AD
AD

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်မှာ ဖြစ်ပွားခဲ့တဲ့ ဟိုတယ်မီးလောင်မှုအတွင်း သေဆုံးသူအရေအတွက် ငါးဦးအထိရှိလာကြောင်း မီးသတ်တပ်ဖွဲ့က ယနေ့ (မတ်လ ၁၉ ရက်) မှာ ပြောပါတယ်။ မတ်လ ၁၈ ရက်မှာ ဖြစ်ပွားခဲ့တဲ့ မနီလာမြို့ရှိ Manila Pavilion ဟိုတယ်နဲ့ ကာစီနိုရုံ မီးလောင်မှုကြောင့် နောက်ထပ် လူနှစ်ဦး သေဆုံးမှုရှိခဲ့ကြောင်း မီးသတ်တပ်ဖွဲ့က အတည်ပြုခဲ့ပါတယ်။

play


မီးလောင်မှုအတွင်း သေဆုံးခဲ့သူအားလုံးဟာ ဟိုတယ်မှာဖွင့်လှစ်ထားတဲ့ အစိုးရပိုင်ကုမ္ပဏီ Philippine Amusement and Gaming Corp. ရဲ့ ကာစီနိုရုံမှ ဝန်ထမ်းများဖြစ်တယ်လို့ သိရပါတယ်။ ဖိလစ်ပိုင်မီးသတ်ဌာန Bureau of Fire Protection (BFP) က မီးလောင်မှုမှ ဒဏ်ရာရသူတစ်ဦးကို ဆေးရုံသို့ပို့ဆောင်ခဲ့ပြီးနောက် သေဆုံးခဲ့တဲ့ သတင်းကိုလည်း အတည်ပြုနိုင်ရန် လုပ်ဆောင်နေကြောင်း ပြောပါတယ်။

play


ဟိုတယ်မီးလောင်မှုအတွင်း လူသုံးဦး သေဆုံးပြီး ၂၃ ဦး ဒဏ်ရာရခဲ့ကြောင်း အစောပိုင်းမှာ အာဏာပိုင်တွေက အတည်ပြုထားခဲ့ပါတယ်။ မီးလောင်မှုဖြစ်ပွားတဲ့ ဟိုတယ်မှ ဧည့်သည် ၃၀၀ ဝန်းကျင်နဲ့ ဝန်ထမ်း ၇၀ ကျော်ကို ရွှေ့ပြောင်းပေးခဲ့ရကြောင်း မီးသတ်သမားတွေက ပြောပါတယ်။

အဆိုပါ ဟိုတယ်ကို Waterfront Philippines Inc. ရဲ့ ကုမ္ပဏီခွဲ Acesite (Phils) Hotel Corp ပိုင်ဆိုင်ကြောင်း သိရပါတယ်။ "အစိုးရနဲ့ သက်ဆိုင်ရာဌာနတွေကနေ ခွင့်ပြုချက်မရခင်အထိ ဟိုတယ်ကို ယာယီပိတ်ထားပါတယ်" လို့ Acesite ကုမ္ပဏီက ဖိလစ်ပိုင်စတော့အိတ်ချိန်းမှာ ယနေ့ ပြောပါတယ်။

play


ဟိုတယ်မီးလောင်မှုဖြစ်ရတဲ့ အကြောင်းရင်းနဲ့ ပတ်သတ်ပြီး မီးသတ်ဌာနရဲ့ အပြီးသတ် အစီရင်ခံစာကို စောင့်ဆိုင်နေကြောင်းလည်း Acesite ကုမ္ပဏီက ပြောခဲ့ပါတယ်။ မီးသတ်သမားတွေရဲ့ ပြောကြားမှုအရ အခန်း ၅၀၉ ခန်းပါ ဟိုတယ်ရဲ့ အထပ်အချို့ဟာ လုံးဝပျက်စီးသွားခဲ့ကြောင်းနဲ့ မီးလောင်မှုအကြောင်းရင်းကို စစ်ဆေးနေဆဲဖြစ်ကြောင်း သိရပါတယ်။

ဟိုတယ်မီးလောင်မှုဖြစ်ပြီးနောက် ဖိလစ်ပိုင်စတော့အိတ်ချိန်းရဲ့ ယနေ့မနက်ပိုင်း ဈေးကွက်ဖွင့်လှစ်မှုမှာ Acesite ကုမ္ပဏီ ရှယ်ယာဈေးနှုန်း ၁၀ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ကြောင်းနဲ့ Waterfront ရှယ်ယာဈေးနှုန်းလည်း ၈.၃ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ကြောင်း သိရပါတယ်။

play


ဖိလစ်ပိုင်မှာ လတ်တလောနှစ်များအတွင်း လူသေဆုံးမှုများတဲ့ မီးလောင်မှုတွေအဖြစ် ၂၀၁၅ ခုနှစ်က မနီလာမြို့ရှိ ရာဘာဖိနပ်စက်ရုံမှာ ဖြစ်ပွားခဲ့တဲ့ မီးလောင်မှုကြောင့် လူ ၇၂ ဦး သေဆုံးခဲ့ပါတယ်။

ထို့အတူ ဖိလစ်ပိုင်တောင်ပိုင်း ဒါဗာအိုမြို့မှာ ယမန်နှစ် ဒီဇင်ဘာလနှောင်ပိုင်းက ဈေးဝယ်စင်တာတစ်ခုမှာ မီးလောင်မှုဖြစ်ပွားခဲ့ပြီး လူ ၃၈ ဦး သေဆုံးခဲ့ပါတယ်။

ယမန်နှစ် ဇွန်လအတွင်းကလည်း Resorts World Manila ဟိုတယ်နဲ့ ကာစီနိုရုံများ တည်ရှိရာနေရာကို လက်နက်ကိုင်တစ်ဦးက မီးရှို့ခဲ့မှုကြောင့် လူ ၃၇ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD