AD
AD
AD

ဂါနာနိုင်ငံမှာ ကျောင်းသူကျောင်းသားတွေကို ကွန်ပျူတာမပါဘဲ ကျောက်သင်ပုန်းမှာ ပုံဆွဲသင်ကြားခဲ့တဲ့ ကျောင်းဆရာရဲ့သတင်းက ဆိုရှယ်မီဒီယာမှတစ်ဆင့် ပျံ့နှံ့ခဲ့ပြီး ကမ္ဘာတစ်ဝှမ်း သဘောကျ လေးစားခဲ့ကြပါတယ်။

ဂါနာတောင်ပိုင်း အရှန်တီဒေသ မြို့ငယ်လေးမှ ကျောင်းဆရာက Microsoft Word ကို ကွန်ပျူတာမှာဖွင့်ပါက မြင်တွေ့ရမယ့်ပုံစံအတိုင်း ကျောက်သင်ပုန်းမှာ အသေးစိတ် ပုံတူရေးဆွဲကာ တပည့်တွေကို သင်ကြားပေးခဲ့ပါတယ်။

play
University of Lees မှ အလှူရှင်တစ်ဦး လှူဒါန်းသည့် laptop ကွန်ပျူတာ ရရှိခဲ့စဉ်


ရစ်ချတ်အက်ပီယာ အေကိုတို အမည်ရှိ ကျောင်းဆရာ (Facebook အမည် Owura Kwadwo) က ထိုသို့သင်ကြားပေးနေတဲ့ ဓာတ်ပုံကို Facebook မှာ လွှင့်တင်ခဲ့ရာက ပြန်လည်ဝေမျှမှု ထောင်နဲ့ချီရှိခဲ့ပြီး ကမ္ဘာတစ်ဝှမ်း သတိပြုမိခဲ့ကြပါတယ်။

ယခုအခါမှာတော့ ကျောင်းဆရာအေကိုတို စာသင်ကြားနေတဲ့ ဂါနာတောင်ပိုင်းရှိ Skyedumase မြို့ငယ်လေးမှ Betenase M/A Junior အထက်တန်းကျောင်းမှာ ကွန်ပျူတာတွေ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းတွေက အေကိုတိုရဲ့ကျောင်းကို desktop နဲ့ laptop ကွန်ပျူတာများ လှူဒါန်းနေကြပါတယ်။

play
ကွန်ပျူတာများ လာရောက်လှူဒါန်းစဉ်


ဒါ့အပြင် Microsoft ကလည်း အစောပိုင်းမှာ ပြောထားခဲ့တဲ့အတိုင်း အေကိုတိုကို ၎င်းတို့ရဲ့ သင်ကြားရေးအစီအစဉ်မှာ အခမဲ့ ပါဝင်တက်ရောက်ခွင့်အတွက် စင်ကာပူကို ဖိတ်ခေါ်ခဲ့ပါတယ်။ ဂါနာကျောင်းဆရာလေး အေကိုတိုဟာ စင်ကာပူနိုင်ငံမှာ မတ်လ ၁၃ ရက်မှ ၁၅ ရက်အထိ ပြုလုပ်တဲ့ Microsoft Educator Exchange အစီအစဉ်ကို တက်ရောက်ခဲ့ပါတယ်။

play
Microsoft ရဲ့ ပညာရေးဆိုင်ရာ အစီအစဉ် ဒုဥက္ကဋ္ဌ အန်သိုနီဆဲလ်စီတိုနှင့် အေကိုတို တွေ့ဆုံစဉ်


ဆက်စပ်သတင်း - ကွန်ပျူတာဘာသာရပ်ကို ကွန်ပျူတာမပါဘဲ ပုံဆွဲသင်ကြားတဲ့ ဂါနာကျောင်းဆရာ

Microsoft က အေကိုတိုကို ကွန်ပျူတာထောက်ပံ့ပေးသွားမှာဖြစ်ပြီး ၎င်းတို့ရဲ့ Microsoft Certifed Educator Program (MCE) မှာလည်း တက်ရောက်ခွင့်ပြုခဲ့ကြောင်း သိရပါတယ်။ အေကိုတိုရဲ့ Facebook ပို့စ်ကို တွေ့ရှိပြီးနောက် ဗြိတိန်နိုင်ငံ University of Leeds မှာ ဆော်ဒီအလှူရှင်တစ်ဦးက ၎င်းထံကို laptop ကွန်ပျူတာတစ်လုံး ပထမဆုံး ပို့ဆောင်ပေးခဲ့ပါတယ်။

play
ကျောင်သင်ပုန်းမှာ Mocrosoft Word ပုံစံကို ပုံဆွဲသင်ကြားခဲသည့် အေကိုတို


ဂါနာကျောင်းဆရာလေး အေကိုတိုက "ကျွန်တော့်တပည့်တွေကို ကျွန်တော်ချစ်တယ်၊ ဒါကြောင့် ကျွန်တော် သင်ကြားနေတာကို သူတို့ နားလည်အောင် ဒီလိုပဲ လုပ်ရတာပေါ့" လို့လည်း Facebook မှာ ရေးထားပါသေးတယ်။

အေကိုတို စာသင်ကြားနေတဲ့ကျောင်းမှ ဆယ်ကျော်သက်တွေဟာ အထက်တန်းအဆင့်ကို တက်ရောက်နိုင်ရန် သတင်းအချက်အလက်နဲ့ ဆက်သွယ်ရေးနည်းပညာ (Information and Communications Technology - ICT) ဘာသာရပ်ကို ဖြေဆိုအောင်မြင်ရန် လိုအပ်ပေမဲ့လည်း ထိုကျောင်းမှာ ၂၀၁၁ ခုနှစ်ကတည်း ကွန်ပျူတာမရှိခဲ့ဘူးလို့ ဆိုပါတယ်။

Postby

 
ယခုအခါမှာတော့ ဂါနာကျောင်းဆရာလေး အေကိုတိုရဲ့ Facebook ပို့စ်တစ်ခုမှတစ်ဆင့် ထိုကျောင်းရဲ့အခြေအနေကို ကမ္ဘာတစ်ဝှမ်းက သိရှိခွင့်ရခဲ့ပြီးနောက် အလှူရှင်တွေထံမှ ကွန်ပျူတာများ ပေးပို့လှူဒါန်းမှုတွေ ရှိနေပြီဖြစ်ကြောင်း သိရပါတယ်။ အေကိုတိုက ၎င်းရဲ့စာသင်ကျေင်းအတွက် ကွန်ပျူတာများ ပေးပို့လှူဒါန်းကြသူအားလုံးကို ဘုရားသခင်ကောင်းချီးပေးပါစေလို့ ယခုသီတင်းပတ်အတွင်း Facebook မှာ ဆုတောင်းစကား ပြောထားခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD