AD
AD
AD

အင်ဒိုနီးရှားနိုင်ငံမှာ ပြီးခဲ့တဲ့ သီတင်းပတ်မှစပြီး အိမ်လုပ်ချက်အရက် သောက်ပြီးနောက် သေဆုံးသူအရေအတွက်ဟာ ၆၀ ကျော်အထိ မြင့်တက်လာကြောင်းနဲ့ နေမကောင်းဖြစ်နေတဲ့ အခြား လူအများအပြားကိုလည်း ဆေးရုံတင်ထားရကြောင်း အာဏာပိုင်တွေက ယနေ့ (ဧပြီ ၁၀ ရက်) ပြောခဲ့ပါတယ်။

play
သေဆုံးသူတစ်ဦး၏ ဆွေမျိုးများ


ချက်အရက်သောက်ပြီးနောက် သေဆုံးသူအရေအတွက်ဟာ ၈၀ အထိရှိကြောင်း သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ အဆိုပါ ချက်အရက်တွေမှာ ခြင်နှိမ်နင်းဆေး အပါအဝင် အခြား အန္တရာယ်ရှိပစ္စည်းများ ရောနှော ပါဝင်နေတယ်လို့လည်း ဆိုပါတယ်။

ရဲတပ်ဖွဲ့က အရက်ချက်လုပ်ရောင်းချမှုဖြင့် သံသယရှိသူ ၁၂ ဦးကို မြို့တော်ဂျကာတာနဲ့ အနီးအနားရှိ နေရာဒေသတွေမှာ ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။

play
ချက်အရက်များကို ရှာဖွေသိမ်းဆည်းစဉ်


ချက်အရက်သောက်ပြီး သေဆုံးခဲ့သူတွေဟာ အရက်ထဲမှာပါဝင်နေတဲ့ မက်သနော အဆိပ်သင့်မှု သို့မဟုတ် ခြင်းဆေးကဲ့သို့ အင်းဆက်နှိမ်နင်းရေး ဆေးတစ်မျိုး ပါဝင်ခဲ့မှုကြောင့်ဟုတ် မဟုတ် အတိအကျ မသိနိုင်သေးဘူးလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

"အရက်ချက်ရာမှာ ထည့်သုံးခဲ့တဲ့ ပါဝင်ပစ္စည်းတွေက အန္တရာယ်ရှိတာတွေပါ၊ ဒီ အရက်ချက်ရာမှာ ဘာတွေထည့်ခဲ့တယ်ဆိုတာ သိရှိနိုင်အောင် ကျွန်တော်တို့ စစ်ဆေးနေပါတယ်" လို့ ရဲတပ်ဖွဲ့ပြောခွင့်ရပုဂ္ဂိုလ် ထရူနိုယူဒို ဝစ်နူအန်ဒီကိုက ဆိုပါတယ်။

play
သေဆုံးသူတစ်ဦးအား ရင်ခွဲရုံမှ ထုတ်ယူလာစဉ်


ယခုဖြစ်ရပ်အပြီးမှာ အာဏာပိုင်တွေက လမ်းဘေးအရက်ပုန်းဆိုင်တွေကို စီးနင်းရှာဖွေပြီး ချက်အရက်ပုလင်း ထောင်နဲ့ချီ ဖျက်ဆီးပစ်ခဲ့ကြောင်းလည်း သိရပါတယ်။

အင်ဒိုနီးရှား မီဒီယာတွေမှာ ဖော်ပြခဲ့တဲ့ သတင်းဓာတ်ပုံတွေအရ ချက်အရက်သောက်ပြီး သေဆုံးခဲ့သူတွေရဲ့ မိသားစုတွေက မြို့အချို့ရှိ ဆေးရုံရင်ခွဲရုံတွေမှာ အလောင်းထုတ်ယူရန် စောင့်ဆိုင်းနေကြတာ တွေ့ရပါတယ်။

play
ချက်အရက်သောက်ပြီးနောက် ဆေးရုံရောက်ခဲ့သူတစ်ဦး


မွတ်စလင်မ်အများစု နေထိုင်ကြတဲ့ အင်ဒိုနီးရှားမှာ အရက်ကို မြင့်မားတဲ့ အခွန်ကောက်ခံမှုတွေ သတ်မှတ်ထားရာ တစ်ခါတရံ အရက်သောက်သူတွေက ဈေးပေါတဲ့ ချက်အရက်တွေကို သောက်လေ့ရှိတယ်လို့ ဆိုပါတယ်။

အင်ဒိုနီးရှားမှာ ချက်အရက်သောက်ပြီး သေဆုံးမှုသတင်းတွေလည်း မကြာခဏ ကြားသိရလေ့ရှိပြီး ယခုဖြစ်ရပ်မှာ လတ်တလောနှစ်များအတွင်း လူသေဆုံးမှုအများဆုံးလည်း ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်အတွင်းကလည်း ချက်အရက်သောက်ပြီး လူ ၃၆ ဦး သေဆုံးတဲ့ဖြစ်ရပ် ဖြစ်ခဲ့ဖူးကြောင်း အင်ဒိုနီးရှား မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

International News


AD