မူးယစ်ဆေးဝါး အမျိုးအစားကို အာဏာပိုင်တွေက စုံစမ်းစစ်ဆေးနေပါတယ်။

ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့မှာ စက်တင်ဘာ ၁၆ ရက် ညပိုင်းက ကျင်းပပြုလုပ်ခဲ့တဲ့ အီလက်ထရောနစ် ဂီတပွဲ (EDM) တစ်ခုအတွင်း မူးယစ်ဆေးဝါးများ သုံးစွဲခဲ့ပြီးနောက် လူခုနစ်ဦး သေဆုံးပြီး ငါးဦးမှာ မေ့မြောနေကြောင်း အာဏာပိုင်တွေက ပြောပါတယ်။


ဟနွိုင်းမြို့မှာ ကျင်းပခဲ့သည့် EDM ပွဲမြင်ကွင်း (Photo: Dang Khoa/Vn Express)



လူသေဆုံးမှုနဲ့ မေ့မြောမှုတွေ ဖြစ်စေခဲ့တဲ့ မူးယစ်ဆေးဝါး အမျိုးအစားကို အာဏာပိုင်တွေက စုံစမ်းစစ်ဆေးနေကြောင်း သိရပါတယ်။ သေဆုံးသူနဲ့ မေ့မြောသွားသူအားလုံးဟာ ဗီယက်နမ်လူမျိုးတွေ ဖြစ်ကြပြီး ၎င်းတို့ကို ဓာတ်ခွဲခန်းသွေးစစ်ဆေးမှုအရ အမျိုးအမည် မသိရသေးတဲ့ မူးယစ်ဆေးဝါးတစ်မျိုး သုံးစွဲထားကြောင်း တွေ့ရှိရပါတယ်။

ယခုဖြစ်ရပ်က ရှေးရိုးဆန်တဲ့ ဗီယက်နမ်မြို့တော် ဟနွိုင်းမြို့ခံတွေကို တုန်လှုပ်သွားစေခဲ့ပါတယ်။ လူသေဆုံးမှုတွေ ဖြစ်ခဲ့ပြီးနောက် အာဏာပိုင်တွေကလည်း EDM ဂီတပွဲအားလုံးကို ကျင်းပခွင့်ပိတ်ပင်ခဲ့တယ်လို့ ဆိုပါတယ်။

EDM ပွဲ ကျင်းပခဲ့သည့် ဟနွိုင်းမြို့ရှိ West Lake ရေပန်းဥယျာဉ် ဝင်ပေါက်နေရာ (Photo: AFP)



"ဘယ်လို မူးယစ်ဆေးဝါးကို သုံးစွဲခဲ့တယ်ဆိုတာ သိရဖို့အတွက် ရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေးရေးမှူးတွေက ကြိုးပမ်းနေကြပါတယ်" လို့ ဟနွိုင်းရဲတပ်ဖွဲ့ လက်ထောက်ညွှန်ကြားရေးမှူး ငုယင်ဗန်ဗီယန်က သတင်းထောက်တွေကို ယနေ့ (စက်တင်ဘာ ၁၇ ရက်) ပြောပါတယ်။

ယခု သေဆုံးမှုတွေဟာ မူးယစ်ဆေးဝါးနဲ့ ဆက်နွယ်နေကြောင်း အတည်ပြုခဲ့ပါက ကမ္ဘာတစ်ဝှမ်း ဂီတပွဲတစ်ခုမှာ မူးယစ်ဆေးဝါးနဲ့ဆက်နွယ်ပြီး လူအများဆုံး သေဆုံးမှုဖြစ်လာမယ်လို့ သိရပါတယ်။ စက်တင်ဘာ ၁၆ ရက် ညပိုင်းက 'Trip to the Moon' အမည်ဖြင့် EDM ပွဲကို Vietnam Electronic Weekend က စီစဉ်မှုဖြင့် ဟနွိုင်းမြို့ရှိ West Lake မှာ ကျင်းပခဲ့ပါတယ်။

ဗီယက်နမ်လုံခြုံရေးတပ်ဖွဲ့ဝင်များ (Photo: AFP)



အဆိုပါနေရာဟာ နိုင်ငံရပ်ခြားမှ လာရောက်နေထိုင် အလုပ်လုပ်ကိုင်ကြသူများနဲ့ လူငယ်များကြား ညဘက် အပြင်ထွက်လည်ပတ်ကြတဲ့ နေရာအဖြစ် ထင်ရှားပါတယ်။ စုံစမ်းစစ်ဆေးရေးမှူးတွေက EDM ပွဲကို မူးယစ်ဆေးဝါးတွေ ယူဆောင်လာသူကိုလည်း အတည်ပြု ဖော်ထုတ်နိုင်ရန် စုံစမ်းမှုတွေပြုလုပ်နေပါတယ်။

"မနေ့ကဖြစ်ခဲ့တဲ့ ဖြစ်ရပ်ကာ အလွန် စိတ်မချမ်းမြေ့စရာပါပဲ၊ ကြီးမားတဲ့ ဆုံးရှုံးမှုကြီးတစ်ခုပါ" လို့ ဟနွိုင်းမြို့တော်အုပ်ချုပ်ရေးအဖွဲ့ ဝါဒဖြန့်ချိရေးဌာနမှ အကြီးအကဲ ထရန်ရွှမ်ဟာက ပြောပါတယ်။

ဟနွိုင်းမှာ ကျင်းပပြုလုပ်ခဲ့တဲ့ 'Trip to the Moon' အမည်ဖြင့် EDM ပွဲအတွက် လက်မှတ်တစ်စောင်ကို မြန်မာကျပ်ငွေ ၃၃,၀၀၀ ဝန်းကျင်မှ ၂၀၀,၀၀၀ ကျော် (အမေရိကန် ၂၁ ဒေါ်လာမှ ၁၃၅ ဒေါ်လာ) ကြား ပေးရတယ်လို့ ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က